“တိုင်းပြည်ကိုအမှောင်ထဲ ဆွဲခေါ်သွားတဲ့ လုပ်ရပ်ကြီးပဲ” ဗိုလ်မှူးညွန့်နိုင် (ရုပ်သံ)

အကြမ်းဖက်စစ်ကောင်စီရဲ့လက်အောက်မှာ တာဝန်မထမ်းဆောင်လိုဘဲ စစ်အာဏာရှင်ကို အာဏာဖီဆန် ဆန့်ကျင်တဲ့ (CDM) လှုပ်ရှားမှုမှာပါဝင်ပြီး ပြည်သူဘက်ကို ကူးပြောင်းလာတဲ့ ကလောအခြေစိုက် ခလရ (၇) က ဗိုလ်မှူးညွန့်နိုင်ကို သူ့ရဲ့ခံယူချက်၊ ယုံကြည်ချက်တွေနဲ့ ပတ်သက်ပြီး  ဒီဗွီဘီက   တွေ့ဆုံမေးမြန်းထားပါတယ်။

မေး။ ဘာဖြစ်လို့ (CDM) ဝင်ရလဲဆိုတဲ့အကြောင်းက အရင်စပြောပေးပါဦး။ 

ဖြေ။  “ CDM ဆိုတာက ကျနော်တို့ တပ်မတော်သားတွေကတော့ တခြားဝန်ထမ်းတွေကတော့ CDM လို့ ပြောတာပေါ့။ ကျနော်တို့မှာ CDM ရှိလား၊ မရှိလား ကျနော်တို့ မသိပါဘူး။ ဒီဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းပြီးနောက်ပိုင်းမှာ ကျနော်တို့က ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ လုပ်ရပ်ပေါ့နော်၊ တိုင်းပြည်အာဏာကို မတရားလုယူတဲ့လုပ်ရပ်ကို ကျနော်တို့ ဘယ်လိုမှ ဆက်လက်ပြီးမထောက်ခံနိုင်လို့ ကျနော်တို့က တပ်ထဲကနေ ထွက်လာခဲ့တာပေါ့။”

မေး။ အဲလိုတွေ ဆုံးဖြတ်ချက်ချဖို့၊ ဘယ်လိုတွေ ပြင်ဆင်ခဲ့ရလဲ၊ ဘယ်လို စိတ်ခံစားချက်တွေ၊ ဘယ်လို အခက်အခဲတွေ ကြုံခဲ့ရလဲ။

ဖြေ။ “စဉ်းစားမိတာတော့ အများကြီးပဲပေါ့နော်။ ဖေဖော်ဝါရီ ၁ ရက် စစ်တပ်ကနေပြီးတော့ နိုင်ငံတော်အာဏာကို ထိန်းသိမ်းတယ်လို့ ကြေညာတယ်။ ဒါပေမဲ့ ကျနော်တို့တွေ တဦးချင်းရဲ့ ရင်ထဲမှာ ခံစားရတာတွေအများကြီး၊ ရှုပ်ထွေးမှုတွေအများကြီး ကျနော်တို့ အများကြီး ဖြစ်စေတယ်ဗျာ။ ဘာလိုဖြစ်လို့ ပြည်သူရွေးချယ်ထားတဲ့ အစိုးရရှိရဲ့သားနဲ့ အခုလို စစ်တပ်က အရင် အဆိုးသံသရာတွေကို လည်လာအောင်လို့ ဘာလို့ အာဏာသိမ်းရတာလဲ။ ကျနော်တို့တွေ အများကြီး တွေးတောစရာတွေ ဖြစ်လာတယ်။ အဲဒီမှာ ကျနော်တို့ ဆုံးဖြတ်ချက်တွေချတယ်။  အာဏာသိမ်းပြီး ရက်အနည်းငယ်ကြာတဲ့အခါမှာ ကျန်းမာရေးဝန်ထမ်းတွေက စတယ်။ CDM လုပ်တယ်။ နေပြည်တော်မှာ ရဲတပ်ဖွဲ့ဝင်တွေ ဆန္ဒပြနေတဲ့လူတွေနဲ့ ပူးပေါင်းသွားတယ်။ သူတို့တွေကို ကျနော်တို့ ကြည့်နေတာပေါ့နော်။ ဪ သူတို့တောင် လုပ်နိုင်သေးတာပဲ၊ ငါက ဘာလို့ မလုပ်နိုင်ရမှာလဲ။ ငါတို့က တိုင်းပြည်အတွက် အသက်ပေးထားတဲ့လူတွေ၊ တပ်မတော်သားတွေ၊ ဒါကြီးက မတရားဘူးဆိုတာ တဖြည်းဖြည်းပေါ်လွင်လာတယ်။ ပြည်သူတွေကလည်း တဖြည်းဖြည်းဆန့်ကျင်လာပြီ။ အဲတော့ ကျနော်ကတော့ တပ်ထဲမှာ မနေတော့ဘူး။ တပ်ထဲမှာ ငါဆက်မနေတော့ဘူး။ ဒါက မဟုတ်တော့ဘူး။ ဒါက မှားနေတာ၊ မှားနေတာကို ထောက်ခံတာဟာ တိုင်းပြည်အတွက် အကျိုးမရှိတဲ့အရာကြီး ဒါ့ကြောင့် ကျနော် တပ်ထဲက ထွက်ဖို့ဆုံးဖြတ်တယ်။ ပြီးတော့ ဖေဖော်ဝါရီ ၁၂ ရက်နေ့မှာ ကျနော် တပ်ကနေပြီးတော့ ဒီတိုင်း ထွက်လာခဲ့တယ်။ ဒီဘက်နဲ့ အဆက်အသွယ်ရှိလို့လည်း မဟုတ်ဘူး။ ဘယ်လိုမှ နေလို့မရလို့ ဖေဖော်ဝါရီ ၁၂ ရက်နေ့မှာ တပ်ကနေ ထွက်လာခဲ့တာပဲ။”  

မေး။ ဆိုတော့ ကလောမှာ ဖေဖော်ဝါရီလ ၁၂ ဆိုတာ ပြည်ထောင်စုနေ့၊  ရန်ကုန်မှာ အကြီးအကျယ် လူသန်းနဲ့ချီပြီး ဆန္ဒပြခဲ့ကြတဲ့နေ့တွေပေါ့၊ ဆိုတော့ ကလောမှာကော အဲလိုဆန္ဒပြပွဲတွေကို သွားပြီးတော့ လုံခြုံရေးယူရတာတွေ၊ မြင်ရ တွေ့ရတာတွေ အဲအချိန်မှာ တာဝန်ထမ်းဆောင်ခဲ့ရတာတွေ ရှိလား၊ ရှိရင် အမှတ်ရရင် ပြန်ပြောပါဦး။

ဖြေ။ “ကျနော် ဆန္ဒပြပွဲကို တိုက်ရိုက်သွားပြီး ထိန်းသိမ်းခဲ့ရတာတွေတော့ မရှိဘူး။ ဘာလို့လဲဆိုတော့ အာဏာသိမ်းပြီး တပတ်လောက် ကလောမြို့၊  သာစည်မြို့ သာစည်ကိုဆင်းတဲ့လမ်းမှာ  ဂိတ်မှာ လုံခြုံရေး ယူပေးရတယ်။ တပတ်လောက်ပေါ့နော်။ မြို့ထဲကိုတော့ ကျနော်တို့ မဝင်ကြဘူး။  ကျနော့်တပ်စုနဲ့ကျနော် မြို့ပြင်မှာပဲ လုံခြုံရေးယူပေးခဲ့တယ်။ တပတ်လောက်နေတော့ ကျနော် တပ်ထဲကို ပြန်ဝင်လာတယ်။ ပြီးတော့ အဲမှာ နောက်ရက်တွေကျတော့ သတင်းကြားတယ်။ ဒီအောင်ပန်းကနေပြီးတော့ ပြည်သူတွေက ကလောကို လာပြီးချီတက်လာကြတယ်။ အဲလိုတွေတော့ ကျနော် ကြားတယ်။ ဒါပေမဲ့ ကျနော်လည်း တပ်ရင်းထဲ ပြန်ရောက်တာနဲ့ ကျနော် အပြင်မထွက်တော့ဘူး။ ကိုယ့်တပ်ကိုလည်း သွားရောက်ဟန့်တားဖို့ အမိန့်မပေးတဲ့အတွက် ကျနော်ကိုယ်တိုင်က ဆန္ဒပြပွဲကို တားဆီးနှိမ်နှင်းခဲ့တာတွေကိုတော့ မကြုံခဲ့ရဘူး။ 

မေး။ အာဏာသိမ်းမှုကို တပ်ထဲကလူတွေရော သိတာတွေရှိလား။

ဖြေ။ “အာဏာမသိမ်းခင် ရက်ပိုင်းအတွင်းမှာ ဗိုလ်ချုပ်ဇော်မင်းထွန်းက သတင်းစာရှင်းလင်းပွဲ လုပ်တဲ့အချိန်မှာ တပ်က အာဏာသိမ်းမယ်လည်း မပြောဘူး။ မသိမ်းဘူးလို့လည်း မပြောဘူး။ ဒီမတိုင်ခင် နိုင်ငံရေးပါတီတွေနဲ့ တွေ့တဲ့အချိန်မှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သူ မလုပ်ရဲတာ ဘာမှမရှိဘူးလို့ ခြိမ်းခြောက်တာတွေ ရှိတယ်။ ဒါပေမဲ့ ကျနော်တို့လည်း သာမန်ပြည်သူတွေလိုပါပဲ။ ဒီလိုကြီးလုပ်လိမ့်မယ်လို့ ကျနော်တို့ မတွေးခဲ့ဘူးဗျာ။ ကျနော် တဦးချင်းရဲ့အမြင်ကို ပြောတာလေ။ တခြားသူတွေတော့ ကျနော်လည်း မပြောတတ်ဘူး။ ကျနော်တော့ အကောင်းဘက်ကပဲ မြင်ခဲ့တယ်။ အကောင်းဘက်က တွေးတယ်။ စစ်တပ်က လုပ်နေတာတွေ တချို့နေရာတွေ လွဲချော်နေတာ ရှိပေမယ့်လည်း ဒီလောက်ကြီး ဆိုးရွားတဲ့ဆုံးဖြတ်ချက်ကိုတော့  ချလိမ့်မယ်လို့ ကျနော်တို့ မထင်ခဲဘူးပေါ့။ ”

မေး။ ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းတာ သိသိချင်း ဘယ်လိုခံစားရလဲ။

ဖြေ။ “မကောင်းဘူးပေါ့။ စိတ်ထဲက ကျနော်တို့ ကိုယ်ပိုင်ခံစားချက်အရတော့၊ ဒါကြီးက တိုင်းပြည်ကို အမှောင်ထဲကို ဆွဲခေါ်သွားတဲ့လုပ်ရပ်ကြီးပဲလို့ ဒီလိုပဲ ကျနော်တို့ ခံစားရတယ်။”

မေး။ တပ်ကနေ ထွက်မယ်။ ပြည်သူဘက်ကနေ ရပ်မယ်လို့ ပူးပေါင်းလိုက်တဲ့အချိန်ကျတော့ ဘယ်သွားရမယ်၊ ဘယ်လာရမယ်၊ ဘာတွေလုပ်ရမယ်၊ စီစဉ်စရာတွေက အများကြီးပဲလေ။ အဲဒီအချိန်ကိုကော မှတ်မိသလောက် ပြောပြပေးပါလား။

ဖြေ။ “အမှန်အတိုင်းပြောရရင်တော့ ကျနော် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ထွက်မလာခင် လေး ငါးရက်လောက် ကြိုပြီးတော့ ငါမနေတော့ဘူးဆိုတော့ ဆုံးဖြတ်တာပေါ့။ ဒီလိုပဲ ဆုံးဖြတ်ချက်တခု မကျခင်မှာ အမျိုးမျိုးစဉ်းစားတယ်။ မနေတော့ဘူးလို့ ဆုံးဖြတ်လိုက်ပြီ။ ဒါပေမဲ့ ဒီဘက်ကို ဘယ်လိုဆက်လာမလဲ ကျနော် မသိဘူး။ ကျနော် တလျှောက်လုံး တပ်ထဲမှာပဲ နေခဲ့ရတယ်။ အပြင်အရပ်ဘက်နဲ့လည်း ကျနော် အဆက်အသွယ်တော်တော်နည်းပါတယ်။ နိုင်ငံရေးပါတီတွေ ဘာတွေဆိုပြီးပြီးတော့ တပ်စည်းကမ်းအရရော၊ ကိုယ်ကိုယ်တိုင်ကလည်း တပ်မှာ အနောက်တန်းမှာပဲ တာဝန်ယူခဲ့တာများတဲ့အခါကျတော့ အရင်တုန်းက ကိုယ့်ရဲဘော်တွေလည်း ပြောခဲ့တယ်။ ကိုယ့်တပ်အလုပ်ကိုပဲ ကိုယ်အာရုံစိုက်ဖို့၊ တခြားအလုပ်တွေ အာရုံမစိုက်ဖို့၊ ကိုယ်ကိုယ်တိုင်ကလည်း ဒီလိုပဲနေခဲ့တဲ့အခါကျတော့ တကယ် တပ်က ထွက်မယ်၊ ပြည်သူ့ဘက်ကို ကူးပြောင်းမယ်ဆိုတော့ အခက်အခဲတွေတော့ ကြုံရတာပေါ့နော်။ ဘယ်သူနဲ့ ဆက်သွယ်လို့ ဆက်သွယ်ရမှန်း မသိဘူး။ အဲလိုတွေတော့ ရှိပါတယ်။ နောက်ဆုံးတော့ ကျနော် ကိုယ့်ဘာသာကိုယ်ပဲ ထွက်လာတော့တယ်။ ငါ မနေတော့ဘူးကွ၊ ဒီတိုင်းပဲထွက်လာတာ။ ဒီဘက်ရောက်မှသာ ကိုယ့်ဘာသာကိုယ် လိုက်ပြီးဆက်သွယ်တာ။ တပ်ထဲမှာ နေတဲ့ တလျှောက်လုံးကတော့ ကိုယ့်လုံခြုံရေးအခြေအနေအရ ဒီဘက်အဖွဲ့နဲ့ ဆက်သွယ်ခဲ့တာတော့ မရှိဘူး။ အခုနောက်ပိုင်းတော့ ဒီတပ်မတော်သားတွေ ဒီဘက်ကို ကူးပြောင်းလာမယ်ဆိုရင် ဆက်သွယ်နိုင်တဲ့ နေရာတွေဘာတွေတော့ ရှိလာပြီလို့ ကျနော် ကြားရပါတယ်။ အရမ်းကောင်းတဲ့ လုပ်ရပ်တွေပါ။ ”

မေး။ ဆိုတော့ ဗိုလ်မှူးရာထူးဆိုတော့ ကိုယ့်အောက်မှာ ရဲဘော်တွေ ဘာတွေ ရှိမှာပဲလေ။ ဒီလို ဆုံးဖြတ်ချက်ချတဲ့အချိန်မှာ ကိုယ့်တပ်စိတ်နဲ့ကိုယ်ထွက်ဖို့ မစဉ်းစားဘဲနဲ့ ဘာလို့ တယောက်တည်း ထွက်ဖို့ စဉ်းစာတာလဲ။

ဖြေ။ “ဟုတ်ကဲ့။ လတ်တလောမှာတော့  အဲလိုကြီး တပ်ထဲမှာသွားပြီးတော့ စည်းရုံးတာ ဟေ့ကောင်တွေ၊ ငါတို့ စစ်အာဏာသိမ်းတာ လက်မခံနိုင်ဘူး။ မင်းတို့ကော လက်ခံနိုင်လား အဲလို မဲခွဲနေဖို့ အခြေအနေမပေးနိုင်သေးဘူးဗျာ။ တဦးချင်းရဲ့ ဆုံးဖြတ်ချက်ကပဲ အဓိက ကျပါတယ်ဗျာ။ ဒီတပ်မတော်ဆိုတာလည်း တဦးတယောက်ချင်းကနေ ဖွဲ့စည်းပဲ တပ်မတော်ဆိုတဲ့ အဖွဲ့အစည်းကြီး ဖြစ်လာတာ။ တဦးချင်းရဲ့ ဆုံးဖြတ်ချက်ကပဲ လတ်တလောအရေးကြီးတယ်။ တပ်ဖွဲ့တခုလုံးကို၊ လူအစုအဝေးကြီးတခုလုံးကို လတ်တလောမှာ ပြည်သူ့ဘက်ကို လာ သွားကြမယ်ကွာ ဆိုပြီးတော့ ပြောနိုင်တဲ့အခြေအနေမျိုးတော့ တော်တော်ကြီးတော့ ခက်ခဲတယ်ဗျာ။ အဓိကကတော့ တဦးချင်းရဲ့ ဆုံးဖြတ်ချက်ပေါ့နော်။ တဦး တယောက်တိုင်းက တပ်ထဲမှာ မနေတော့ဘူးလို့ ဆုံးဖြတ်လိုက်ရင် ဒီတပ်မတော်ကြီးဆိုတာကလည်း မြန်မြန်ပြိုကွဲသွားမှာပါ။”

မေး။ အခု လွတ်မြောက်နယ်မြေကိုရောက်လာတော့ ဘာတွေဆက်ပြီးလုပ်နေလဲ၊ ဘာတွေ ရင်ဆိုင်ကြုံတွေ့နေရလဲဗျာ။

ဖြေ။ “အခက်အခဲ ကြီးကြီးမားမားတော့ မရှိပါဘူး။ ကျနော်တို့ ပြည်သူ့ဘက်ကို ကူးပြောင်းလာတဲ့သူတွေကို ပြည်သူတွေကတော့ အမြဲတမ်းကြိုဆိုနေတာပါပဲ။ ကျနော်ဆိုရင်လည်း ပြည်သူကြားထဲမှာ အခုမှ နေခဲ့တာ။ ဒါပေမဲ့ ပြည်သူ့ဘက်ကို ကူးပြောင်းလာတဲ့သူတွေကို ပြည်သူတွေကတော့ အမြဲတမ်း လက်ကမ်းကြိုဆိုနေတာပါပဲ။ လက်ရှိ ကျနော်ကတော့ အမှန်တရားဘက်တော်သားလို့ ပြောရမှာပေါ့နော်။ ပြည်သူနဲ့အတူ ပူးပေါင်းပြီးတော့ စစ်အာဏာရှင်စနစ်၊ မြန်မာပြည်ကနေပြီးတော့ မကောင်းတဲ့စနစ်ဆိုးကြီးကို တိုက်ဖျက်ဖို့အတွက် ကျနော် တတ်နိုင်တဲ့ဘက်ကနေ ပူးပေါင်းဆောင်ရွက်နေတယ်။”

မေး။ ဆိုတော့ အခု ၄ လကျော်ကြာလာခဲ့ပြီ။ ဒီအခြေအနေမှာကော တပ်မတော်သားတွေ ရင်ထဲမှာ ဘာတွေ ဖြစ်နေနိုင်တယ်လို့ အစ်ကို ထင်လဲ။ အစ်ကိုတို့အသိုင်းအဝိုင်းမှာကော၊  အစ်ကို့လိုမျိုး ပြည်သူဘက်ကို ပူးပေါင်းချင်တဲ့လူတွေ ဘာတွေ ရှိလား။

ဖြေ။ “ပြည်သူဘက် ကူးပြောင်းချင်တဲ့လူတွေ ရှိနေမှာပါ။ အရင်ကတည်းကလည်း တပ်ရဲ့ လုပ်ထုံးလုပ်နည်းတွေကို မကျေနပ်တဲ့သူတွေ၊ မကြိုက်တဲ့သူတွေ တပ်ထဲမှာ အများကြီး ရှိနေတာပါ။  ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ကိုယ်တိုင်ပါပဲ၊ ကျနော်တို့ ထင်ခဲ့တာက တပ်က တပ်အလုပ်ကိုပဲ လုပ်နေတဲ့ အဖွဲ့အစည်း၊ စစ်တပ်က စစ်တိုက်တဲ့အလုပ်ပဲ၊ ဒါတပ်မတော်ရဲ့ အဓိက အလုပ်လို့ ကျနော်တို့ ခံယူခဲ့တာ။ ဒါပေမဲ့ တပ်ထဲရောက်လာတဲ့အခါမှာ တခြားမဆိုင်တဲ့ အခုဆိုရင် နိုင်ငံရေးပေါ့နော်။ နိုင်ငံရေးထဲကို ဝင်စွက်တာတို့၊ ဒီအလုပ်တွေနဲ့ မပတ်သက်ချင်တဲ့ တပ်မတော်သားတွေ အများကြီးရှိပါတယ်။ အဆင့်တိုင်း၊ အလွှာတိုင်းပေါ့။ အောက်ခြေတပ်သားက စလို့ အဆင့်မြင့်ဆုံးအရာရှိကြီးတွေအထိ၊ အခု စစ်အာဏာသိမ်းတဲ့အလုပ်ရပ်ကိုလည်း မကြိုက်တဲ့သူတွေ အများကြီးရှိနေမှာပါ။ ဒါပေမဲ့ ထွက်လာမယ်ဆိုတာတော့ အခက်အခဲက ရှိကြတာပေါ့နော်။ မိသားစု ရှိတယ်၊ ရာထူးရာခံတွေ၊ အလုပ်အကိုင်တွေ စွန့်လွှတ်ရမယ်တွေ ရှိမှာပေါ့။ စဉ်းစားကြမှာပေါ့။ စဉ်းစားပေမယ့်လည်း ကျနော် သူတို့ကို တိုက်တွန်းလိုတာ တခုကတော့ သူတို့တွေမှာမှ မိသားစုရှိတာ မဟုတ်ပါဘူး။ ပြည်သူတွေမှာလည်း အခုလမ်းပေါ်မှာ ဆန္ဒပြနေတဲ့ သေနတ်ပစ်ခံလိုက်ရတဲ့၊ မိသားစု ဆုံးရှုံးသွားတဲ့လူတွေ အများကြီး၊ ပြည်သူတွေမှာလည်း မိသားစုရှိတာပါပဲ။ တိုင်းပြည်အတွက် စွန့်လွှတ်ချိန်တန်ရင်တော့ စွန့်လွှတ်ဖို့သင့်တယ်ဆိုရင်တော့ ဒါ လတ်တလော  စွန့်လွှတ်သင့်တယ်လို့ ကျနော်က ဒီလိုပဲ တိုက်တွန်းလိုတယ်။ အဲလိုမှမဟုတ်ဘဲ ငါက မိသားစုရှိတယ်။ ဒီဘက်ကို လာချင်ပေမယ့် မလာနိုင်ဘူး။ လတ်တလော စစ်ကောင်စီခိုင်းတာ လုပ်နေသေးသမျှကတော့ ပြည်သူကတော့ ခွဲခြားနေနိုင်မှာ မဟုတ်ဘူး။ အခုဆိုရင် တပ်မတော်ကို ပြည်သူတရပ်လုံးက ဆန့်ကျင်နေတာ၊ အလိုမရှိတဲ့ အကြမ်းဖက်အဖွဲ့အစည်းတခုလိုပဲ မြင်နေတော့ တပ်မတော်သား တဦးချင်းကိုလည်း အကြမ်းဖက်သမားတွေလို့ပဲ ပြည်သူက သတ်မှတ်နေတာပဲဆိုတာ။”

မေး။ ဆိုတော့ အစ်ကိုက ဗိုလ်မှူးပေါ့နော်။ ဗိုလ်မှူးဆိုတော့ တခြား အဆင့်မြင့် ဆက်သွားရမယ့် မျှော်လင့်ချက် ရှိမှာမှာပဲလေ။ ဆိုတော့အစ်ကို ဒီဆုံးဖြတ်ချက်ကို ချတဲ့အခါမှာ ဘယ်ဟာက အတိုက်တွန်းဆုံးဖြစ်မလဲ။

ဖြေ။ “အဓိကကတော့ အမှန်တရားပေါ့နော်။ ဒီစစ်အာဏာသိမ်းတာက မှန်ကန်တဲ့လုပ်ရပ်မှ မဟုတ်တာ။  ကျနော်တို့ တပ်မတော်သားတွေဆိုတာက တိုင်းပြည်အတွက်၊ ပြည်သူလူထုအတွက် အသက်ပေးကာကွယ်မယ်ဆိုပြီး ဆုံးဖြတ်ပြီး တပ်ထဲကို ဝင်လာတာ။ ပြီးရင် ကျနော်တို့ လုပ်သမျှကိုင်သမျှကလည်း ဒီအတွက်ပဲလုပ်နေတာ။ တိုင်းပြည်အတွက် ပြည်သူလူထုအတွက် အလုပ်လုပ်နေတယ်လို့ ကျနော်တို့ ခံယူထားခဲ့တာပဲ။ ဒါပေမဲ့ ခု ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းတဲ့ လုပ်ရပ်ကတော့ ဘယ်လိုမှကို ယုံကြည်လို့မရနိုင်တော့အောင်ပေါ့။ လူတဦးရဲ့ ဆုံးဖြတ်ချက်နဲ့၊ လူတဦးရဲ့ အကျိုးစီးပွားတွေ မပျက်စီးအောင် သူ့တဦးတည်း ဆုံးဖြတ်ချက်နဲ့ အာဏာသိမ်းတဲ့လုပ်ရပ်ကြီး ဒီတိုင်းပြည်ကို ကြားကြမှာပါ။ သတင်းတွေဘာတွေမှာ အခုတိုင်းပြည်က တကယ့်ကို အခက်အခဲ အကျပ်အတည်းတွေနဲ့ ရင်ဆိုင်အောင်၊ အခက်အခဲထဲကို ဆွဲချခဲ့တဲ့ လုပ်ရပ်ကြီးကို ကျနော်တို့လည်း ဘယ်လိုမှ ဆက်လက်ပြီးတော့ မထောက်ခံနိုင်တော့ဘူး။”

မေး။ ဆိုတော့အခု နောက်ပိုင်းဆိုလို့ရှိရင် ပိုဆိုးလာတယ်။ ပိုဆိုးတယ်ဆိုတာ ဆန္ဒပြတဲ့လူတွေကို ပစ်ခတ်သတ်ဖြတ်ခဲ့တာ လနဲ့ချီခဲ့ပြီ၊ ဆိုတော့ အဲလို လူငယ်တွေကို ပစ်ခတ်သတ်ဖြတ်နေတာတွေကို မြင်ရတဲ့အချိန်မှာ ကိုယ်ကိုယ်တိုင်ကလည်း ဗိုလ်မှူးအထိ တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ လူတယောက်ဆိုတော့ စိတ်ထဲမှာ ဘယ်လိုတွေဖြစ်လဲ။

ဖြေ။ “မလုပ်သင့်ဘူးပေါ့နော်။ စောစောက ကျနော် ပြောသလိုပဲ။ ကျနော်တို့ တပ်မတော်သားတွေက ပြည်သူကို ကာကွယ်ဖို့ပါ။ ပြည်သူကို အကြမ်းဖက် တိုက်ခိုက်ဖို့ မဟုတ်ဘူး။ တကယ့်ကို ဒီလိုတွေ မြင်တွေ့ရတာ တပ်မတော်သား တယောက်အနေနဲ့လည်း တကယ်ကြီးကို ရှက်ရွံစ့ရာပေါ့နော်။ တော်တော်ကြီးကို မကောင်းတဲ့ လုပ်ရပ်တွေပေါ့။ ”

မေး။ ပြီးခဲ့တဲ့ရက်ပိုင်းကဆိုရင် မန္တလေးမှာ အိမ်တအိမ် (PDF) တွေရှိတယ်ယူဆပြီး သူတို့ ဝင်စီးတယ်။ အဲဒီမှာ ဗွီဒီယိုဖိုင်တခု တက်လာတယ်ဗျာ အာရ်ပီဂျီနဲ့ပစ်တဲ့ ဗီဒီယိုဖိုင်၊ ဆိုတော့ ဒီလိုမြို့ထဲမှာ လက်နက်အနည်းငယ် ရှိတဲ့လူတွေကို ဒီလိုမျိုး အာရ်ပီဂျီတွေ ဘာတွေ သုံးတာက တပ်မှာဆိုရင် ဘယ်လိုအခြေအနေတွေ ဖြစ်သွားပြီလဲ။

ဖြေ။ “ဒီဟာက နည်းနည်းလေးတော့ စစ်ရှိန်မြင့်လာတဲ့ အခြေအနေပေါ့နော်။ စစ်တပ်ကတော့ သူကတော့ လုပ်နေမှာပဲ။ ကိုယ့်ကို လေးခွနဲ့ပြန်ပစ်ရင် သေနတ်နဲ့ပစ်မယ်ဆိုတဲ့ ကိုယ်လည်း အရင်က ကြားခဲ့ဖူးတာပဲ။ ပြည်သူတွေဘက်မှာတော့  သူ့ဘာသူ ဘယ်လိုပဲနေနေ ပြည်သူကတော့ ဆုံးဖြတ်ချက်တွေက ပိုပြီပြီး ပြတ်သားလာတာပဲ။ စစ်အာဏာရှင်စနစ်ကို မြန်မာ့မြေပေါ်က တိုက်ထုတ်မှ ရတော့မယ်ဆိုတဲ့၊ စစ်တပ်က အကြမ်းဖက်နှိမ်နင်းလေလေ၊ ပြည်သူတွေဘက်မှာတော့ ပိုပြီးတော့မှ ဆုံးဖြတ်ချက် ခိုင်မာလေလေလို့ပဲ ကျနော်ကတော့ ဒီလိုပဲ မြင်ပါတယ်။ သူ ဘယ်လောက်ပဲ အကြမ်းဖက်ပြပြ ပြည်သူတွေကတော့ အဲဒါတွေကို ပြန်ပြီးတော့ တုံ့ပြန်ကြပါလိမ့်မယ်။”

မေး။ လိုအပ်လို့လား၊ အဲလို အာရ်ပီဂျီတွေ သုံးဖို့၊ အိမ်တအိမ်ကို ဝင်ဖမ်းတဲ့အချိန်မှာ အဲဒီလို လိုအပ်တယ်လို့ အစ်ကို ထင်လား။

ဖြေ။ “အဲဒါကတော့ မြေပြင်တပ်မှူးရဲ့ စဉ်းစားချက်ပဲပေါ့နော်။ ဒါကတော့ ဟို တိုက်ပွဲအခြေအနေ အတိအကျ မသိတော့ မပြောတတ်ဘူး။ ဒါပေမဲ့ သူကတော့ သူ့ရှိတဲ့ဟာကတော့ ထုတ်သုံးမှာပဲ။”

မေး။ ဆိုတော့ ဒီမန္တလေးဖြစ်စဉ်ကို အစ်ကို ဘယ်လိုသုံးသပ်လဲ။ ပြီးတော့ PDF လူငယ်တွေကို ဘာတွေများ အကြံပေးစရာရှိလဲ။

ဖြေ။ “PDF အဖွဲ့တွေကို ကျနော်အဓိက အကြံပေးလိုတာကတော့ အချိန်မတိုင်မီမှာ သိုသိုသိပ်သိပ် လျှို့ဝှက်စွာ လှုပ်ရှားကြဖို့၊ ကိုယ့်ဘက် အသင့်မဖြစ်ခင်ပေါ့နော်။ အဲ့တခုတော့ ကျနော်အထူး အကြံပေးလိုတယ်။ ကိုယ့်ဘက်က သတင်းမပေါက်ကြားရအောင်၊ သူတို့ရဲ့ ရဲဝံ့စွာ လှုပ်ရှားဆောင်ရွက်မှုတွေကို ကျနော် အများကြီး ချီးကျူးဂုဏ်ပြုပါတယ်။ ဒါပေမဲ့ ဒါဟာ တပွဲထဲနဲ့ ပြီးသွားတဲ့အလုပ် မဟုတ်ပါဘူး။ ရေရှည်မှာ အများကြီး ကျနော်တို့ ဆက်လက်ပြီး ရင်ဆိုင်ရမယ်။ ကိုယ့်ဘက်က အသင့်မဖြစ်သေးခင်မှာ  မပေါက်ကြားတာက အကောင်းဆုံးပါပဲ။ အခုဆိုရင် မြို့လယ်မှာ လူတွေ စုစုဖြစ်တယ်ဆိုရင် ပတ်ဝန်းကျင်ကအစ မြန်မာလူမျိုးရဲ့ ထုံးစံအတိုင်း တမျိုးမြင်ကြတာပဲ။ ဒါကစပြီး‌တော့ အိမ်တအိမ်ထဲကို လူတွေ သူစိမ်းတွေ ဝင်လိုက် ထွက်လိုက် ဖြစ်နေတဲ့အခါကျတော့ ပတ်ဝန်းကျင်က သတိထားမိတာတွေ ဘာတွေဖြစ်တတ်တယ်။ အခုခေတ်မှာဆိုရင် ကျနော်တို့ ဆက်သွယ်ရေးစနစ်တွေ အများကြီးရှိနေတာပဲ။ အချိန်မရွေး ကိုယ့်လူတွေ အချင်းချင်း စုစည်းလို့ရပါတယ်။ တနေရာတည်းမှာ စုစည်းထားမှ မဟုတ်ပါဘူး။ အဲဒါလေးတခုတော့ အကြံပြုလိုပါတယ်။”

မေး။ အခုဆိုရင် ဒလန်ပြဿနာပေါ့။ အင်တာနက်တွေ၊ ဖေ့ဘွတ်ခ်တွေပေါ်မှာလည်း များသောအားဖြင့် အကုန်လုံးပြောနေတာက ဒလန်ပြဿနာပေါ့။ ပြီးခဲ့တဲ့တခြားနယ်တွေမှာ ဝင်ဖမ်းတယ်၊ ဝင်စီးတယ်တို့၊ အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်တဲ့နေရာမှာလည်း ဒလန်က သတင်းပေးလို့၊ ဒီနေရာကို သိသွားလို့ တပ်က ဝင်စီးတယ်ဆိုတဲ့သတင်းမျိုး ခတ်စိပ်စိပ် ဖတ်နေရတယ်။ မန္တလေးဖြစ်စဉ်ကိုလည်း ဒီလိုပဲ တချို့တွေက သုံးသပ်ကြတာရှိတယ်။ ဆိုတော့ ဒလန်ပြဿနာကို  ဘယ်လို ဖြေရှင်းသင့်လဲ။

ဖြေ။ “ဒီအချိန်မှာတော့ ဘက်နှစ်ဖက်ပဲ ရှိတယ်ထင်တယ်။ ဘယ်နေရာဖြစ်ဖြစ်လေ။ ဓမ္မနဲ့ အဓမ္မ၊ ပြည်သူ့ဘက်က ရပ်တည်မလား ဒါမှမဟုတ် စစ်အာဏာရှင်စနစ်ကို ဆက်လက်ထောက်ခံမလား၊ ဒီနှစ်ခုကို ပြတ်ပြတ်သားသား ရွေးရမယ့်အချိန်ရောက်နေပြီ။ စစ်အာဏာရှင်စနစ်ကို ကျနော်တို့ ဒီအကြမ်းမဖက်တဲ့နည်းနဲ့ ကျနော်တို့ ဆန့်ကျင်ခဲ့တယ်။ အသိအမှတ်မပြုခဲ့ဘူး။ အကြမ်းဖက် နှိမ်နှင်းခံခဲ့ရတယ်။ ဒါကြောင့် နောက်ဆုံး နည်းလမ်းဖြစ်တဲ့ လက်နက်ကိုင်တော်လှန်တဲ့နည်းလမ်းကို ကျနော်တို့ ရွေးချယ်လာခဲ့ရတယ်။ အခုဆိုရင် ရွေးချယ်လာနေကြပြီ။ ဒီအချိန်မှာ သူ့ဘက် ကိုယ့်ဘက် နှစ်ဖက်ပဲ ရှိတော့တယ်ဗျာ။ ကိုယ့်ဘက်မှာမဟုတ်ရင်တော့ ပြတ်ပြတ်သားသား အရေးယူရမယ့် အခြေအနေပဲဗျာ။ ဒလန်ပေါ့နော်။ သူက ရပ်ကွက်ထဲမှာ နေတယ်။ သူက လက်နက်မကိုင်ထားဘူး။ သူက စစ်တပ်ကို သတင်းပေးနေတယ်ဆိုရင် ဒါက ကိုယ့်ရဲ့အလုပ်တွေကို လိုက်ပြီး နှောက်ယှက်နေတဲ့သူပဲလို့ ကျနော်ကတော့ ဒီလိုပဲမြင်တယ်။ ”

မေး။ ဆိုတော့ အဲဒီကိစ္စကို ဘယ်လိုရှင်းသင့်တယ်လို့ထင်လဲ။

ဖြေ။ “ဘယ်လိုရှင်းသင့်လဲဆိုတော့ ဖော်ထုတ်ရမှာပေါ့နော်။ ဖော်ထုတ်ရမယ်၊ အရေးယူရမယ်။ ကျနော်တို့ ဒါပဲ ရှိတော့တယ်။ ဒီနည်းလမ်းပဲ ရှိတော့တယ်။ ဒီအချိန်ကျမှ မင်း စစ်တပ်ကို သတင်းပေးနေတာ မင်းမလုပ်နဲ့တော့ ရပ်တော့လို့ သွားပြောလို့ရတော့မယ့် အခြေအနေတော့ မဟုတ်တော့ဘူးလို့ ကျနော်ကတော့ ထင်တယ်ပေါ့။”

မေး။ ဗိုလ်မှူးတို့လိုမျိုး တပ်မတော်ထဲကနေပြီးတော့ ပြည်သူ့ဘက်ကို ကူးပြောင်းချင်တဲ့လူတွေကို ဗိုလ်မှူး ဒီဗွီဘီကနေ ဘာများ ပြောချင်လဲ။

ဖြေ။ “လာခဲ့ပါ၊ အမြန်ဆုံးလာနိုင်လေ ကောင်းလေပါပဲ။ တပ်ထဲမှာ ဆက်နေပြီးတော့ စစ်ကောင်စီ ခိုင်းရာ ကိုယ့်သမိုင်းမှာ အမည်းစက်ကြီး ထင်ကျန်ခံမလား၊ ပြည်သူဘက်ကနေ၊ အမှန်တရားဘက်ကနေ ရပ်တည်ပြီးတော့ ပြည်သူနဲ့အတူ ကိုယ့်သမိုင်းလှအောင် တည်ဆောက်မလား ဆိုတာကတော့ ဒါ တပ်မတော်သားတဦးချင်းစီရဲ့ ဆုံးဖြတ်ရမယ့်ကိစ္စပေါ့။ တပ်ထဲမှာ ဆက်နေရင် အခုဆိုရင် စစ်တပ်ကို၊ တပ်မတော် ပြည်သူတရပ်လုံးက ဆန့်ကျင်နေကြတာ ဒါအထင်အရှားပါ။ တပ်မတော်သားတွေလည်း ဒါခံစားမိမှာပဲ။ ဘယ်နေရာကိုပဲ သွားသွား ပြည်သူလူထုက မလိုလားတော့ဘူး။ တနိုင်ငံလုံးက ဆန့်ကျင်နေကြတယ်။ အဲတော့ ပြည်သူနဲ့အတူ၊ ပြည်သူ့ကို ကာကွယ်ဖို့ ရပ်တည်လာခဲ့တဲ့ အဖွဲ့အစည်း၊ ပြည်သူက မလိုလားတော့ဘူးဆိုရင် အဲဒီအဖွဲ့အစည်းမှာ ဘာကြောင့် ဆက်ပြီးတော့ တာဝန်ထမ်းဆောင်နေမလဲ။ စဉ်းစားစရာပေါ့နော်။ လူတဦးတည်းရဲ့ ဆုံးဖြတ်ချက်နဲ့ ဒီအဖွဲ့အစည်းက  ဆက်လက်ရှင်သန်တယ်ဆိုတာ ဒါမဟုတ်တော့ဘူး။ သူက သေဆိုရင်သေ၊ ရှင်ဆိုရင်ရှင်ဆို အမိန့်ဆိုတာ စဉ်းစားရတာပေါ့။ တရားမျှတတဲ့အမိန့်၊ မျှတမှုမရှိတဲ့အမိန့်တွေ၊ မဟုတ်တာတွေ တာဝန်ပေးလာရင် ဘာကြောင့် လုပ်နေမှာလဲ။ လူဆိုတာ စဉ်းစားတွေးခေါ်တတ်တဲ့ ဦးနှောက်ရှိပါတယ်။ နောက်တခုကတော့ ပြည်သူ့ဘက်ကို ကူးပြောင်းလာပြီဆိုရင် အချိန်မရွေး လာခဲ့ပါ။ ပြည်သူတွေကတော့ အမြဲတမ်းဆိုကြိုဆိုနေမှာပါပဲ။ စောစောက ပြောသလိုပေါ့၊ ရာထူးတွေ မစွန့်နိုင်လို့၊ မိသားစုကိစ္စတွေရှိလို့၊ တပ်ထဲမှာ ဆက်နေပြီးတော့ ဒီစစ်ကောင်စီ ခိုင်းတာပဲ ဆက်လုပ်နေမယ်ဆိုရင်တော့ တချိန်မှာ ပြည်သူလူထုရဲ့ ဒဏ်ခတ်မှုနဲ့ ကြုံရပါလိမ့်မယ်။ အဲတော့ အမြန်ဆုံး ပြည်သူ့ဘက်ကို ကူးပြောင်းလာပါလို့ ကျနော်က တိုက်တွန်းလိုတယ်ပေါ့။ ”

မေး။ တိုက်ပွဲတွေက ဒီထက်ပိုပြီးတော့ PDF တွေဘက်က ပိုပြီးတော့ လှုပ်ရှားလာမယ်၊ တပ်မိသားစုတွေ နေတဲ့နေရာတွေ၊ ရဲမိသားစုနေတဲ့နေရာတွေ၊ တိုက်ခိုက်လာမယ်ဆိုရင် သူတို့ထဲက မိသားစုတွေ၊ ကလေးတွေရှိမှာပဲ။ မိသားစုတွေ၊ ကလေးတွေအတွက်ကိုကော တပ်က ခေါင်းဆောင်ပိုင်းတွေက စဉ်းစားတယ်လို့ ထင်လား။ သူတို့တွေကကော ပြည်သူ့ဘက်ကို ကူးပြောင်းချင်ရင် ကူးပြောင်းလို့ မဖြစ်နိုင်ဘူးလား။

ဖြေ။ “ဖြစ်နိုင်ပါတယ်။ သူတို့တွေက စစ်တပ်ကလို လခစားလည်းမဟုတ်ဘူး။ တပ်မှာကတော့ နည်းနည်းလေး ဖိအားပေးတာတော့ရှိတာပေါ့။ တပ်ထဲ အိမ်ထောင်ကျရင် မိသားစုအမျိုးသမီးကို တပ်ထဲမှာ လိုက်နေဖို့ ဖိအားပေးတာရှိတယ်။ ဒါပေမဲ့ ဒါက တရားဝင်အမိန့်ကြီးနဲ့ မဟုတ်ပါဘူး။ နောက်ကျနော်တို့ တပ်မှာ အစဉ်အလာတခုရှိတာက  ဒီရဲမေတွေ၊ တပ်ထဲမှာနေတဲ့ မိသားစုဝင်တွေကို လက်နက်ပေးကိုင်ပြီးတော့ ဒီတပ်ရင်းတပ်ဖွဲ့တွေကို တိုက်ခိုက်လာရင်၊ တိုက်ခိုက်ခံရရင် သူတို့တွေကို လက်နက်ပေးကိုင်ပြီးတော့ ပြန်လည် တိုက်ခိုက်ခိုင်းတဲ့ အစဉ်အလာတခု ရှိတယ်ဗျာ။ ဒါပေမဲ့ အဲလို ပေးကိုင်တဲ့အချိန်မှာ အရင်တုန်းကတော့ အဲဒီအစဉ်အလာက ဟုတ်ချင်ရင် ဟုတ်မယ်။ မှန်ချင်ရင်မှန်နေလိမ့်မယ်။ လက်ရှိအချိန်မှာတော့ တပ်ထဲမှာရှိနေတဲ့ မိသားစုဝင်တွေ၊ စစ်သည်တွေရဲ့ မိသားစုဝင်တွေ၊ တပ်တွင်းနေ မိသားစုဝင်တွေ စဉ်းစားဖို့တခုလိုတာက လက်ရှိအချိန်မှာ စစ်တပ်က အကြမ်းဖက် တပ်ဖွဲ့တခုဖြစ်နေပါတယ်။ တနိုင်ငံလုံးက မလိုလားတဲ့ အဖွဲ့အစည်းတခုဖြစ်နေပါတယ်။ စစ်တပ်ဘက်ကနေ တိုက်ခိုက်နေတဲ့ လူဟာ  စစ်အာဏာရှင်ကိုအားပေးနေတဲ့လူပဲ။  အဲတော့ ဆက်ပြီး ကိုယ့်ဟာကို စဉ်းစားဆုံး ဖြတ်ရမှာပါ။ ကျနော် တိုက်တွန်းလိုတာကတော့ တပ်ထဲမှာဖြစ်နိုင်သမျှ  မိသားစုဝင်အနေနဲ့ တပ်ထဲကနေ အမြန်ဆုံးထွက်ခွာတာ အကောင်းဆုံးနည်းလမ်းပါပဲ။

ဘာလို့လဲဆိုတော့ မကြာခင်မှာ NUG အမျိုးသားညီညွတ်ရေးအစိုးရဦးဆောင်မှုနဲ့ ဒီတော်လှန်ရေးတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုတွေက အရှိန်မြှင့်လာဖို့ ရှိနေပါတယ်။ အားလုံးလည်း သိနေကြပါတယ်။ အဲတော့ လက်ရှိအချိန်မှာ တပ်တွင်းနေအဖွဲ့ဝင်တွေ တပ်မတော်သားတွေရော၊ မိသားစုဝင်တွေရော မလုံခြုံတဲ့နေရက ပိုပိုတိုးလာနေပါတယ်။ ကျနော်တို့ကြားရသလောက်၊ အဲတော့ ဒီဘက်ကို အချိန်မီ ပြည်သူ့ကြားထဲကို အချိန်မီကူး ပြောင်းလာဖို့၊ နောက်တခုကတော့ တပ်မတော်အခြေစိုက်တပ်ရင်းတပ်ဖွဲ့တွေ၊ မိသားစုတွေရှိတဲ့နေရာတွေကို တိုက်ခိုက်ခံလာရရင် တပ်တွင်းမိသားစုဝင်တွေ၊ ရဲမေတွေအနေနဲ့ လက်နက်ကိုင်ပြီးတော့ ပြန်လည်မခုခံဖို့ အရေးကြီးဆုံး အချက်ပါ။ လက်နက်မကိုင်ထားတဲ့လူတွေကို ဒီဘက် ပြည်သူတပ်ဘက်ကလည်း တိုက်ခိုက်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ လက်နက်ကိုင်ပြီး ခုခံနေရင်တော့ ခွဲခြားရတော်တော်ကြီးကို ခက်ပါလိမ့်မယ်။ ”

မေး။ လမ်းပေါ်မှာ ဆန္ဒပြပွဲတွေကို နှိမ်နှင်းနေတာပဲဖြစ်ဖြစ်၊ ဒီလို ပစ်ခတ်သတ်ဖြတ်နေတဲ့ ရဲဘော်၊ အရာရှိလည်း ပါရင်ပါမှာပေါ့။ ဆိုတော့ သူတို့တွေက တကယ်ပဲ အမိန့်ကို နာခံနေတာလား။ သူတို့ ဘယ်လိုစိတ်တွေနဲ့ ဒီလို လက်နက်မရှိတဲ့လူတွေကို တကယ်အားနဲ့မာန်နဲ့ နင်ပဲငဆ  ပစ်ခတ်နေတာ အဲဒါတွေကို ဘယ်လိုမြင်လဲ။ ပြီးတော့ အဲဒီရဲဘော်တွေကိုရော ဘာပြောချင်လဲ။

ဖြေ။ “မလုပ်သင့်တဲ့အလုပ်တွေပေါ့နော်။ အမိန့်နာခံတယ်ဆိုတိုင်း ကျနော် တပ်ထဲမှာနေတဲ့ အခါလည်း ကျနော် အမြဲတမ်းသုံးခဲ့ဖူးပါတယ်။ အမိန့်ဆိုတာ ဘယ်လိုအမိန့်လဲ။ တရားမျှတတဲ့ အမိန့်၊ မှန်ကန်တဲ့အမိန့်ကိုပဲ ကျနော်တို့ နာခံဖို့လိုအပ်ပါတယ်။ မမှန်မကန်တဲ့ အမိန့်တွေ၊ ကျနော်တို့က တပ်မတော်ဆိုတာ ပြည်သူကြားထဲက ပေါက်ဖွားလာတာပါ။ တပ်မတော်သားတွေ တဦးချင်းသိရှိဖို့က ကျနော်တို့က ပြည်သူလူထုရဲ့ အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ဖို့က ကျတော်တို့ရဲ့ တာဝန်ပါပဲ။ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကို ဖျက်ဆီးနှောင့်ယှက်ဖို့က ကျနော်တို့ရဲ့အလုပ် မဟုတ်ဘူး။ အဲလိုလုပ်ရင် ကျနော်တို့က အကြမ်းဖက်အဖွဲ့၊ သူပုန်၊ ဓားပြအဖွဲ့နဲ့ ဘာမှမကွာတော့ဘူး။ ကိုယ်ကိုယ်တိုင်လည်း အဲဒီလိုဖြစ်သွားမယ်။ အကြမ်းဖက်သမား၊ သူပုန်၊ ဓားပြ ဖြစ်နေတယ်ဆိုတာကို သိဖို့လိုပါတယ်။ အဲဒီလိုလုပ်နေတဲ့လူတွေ တဦးချင်းစီတိုင်းကလည်း တချိန်မှာ ပြည်သူလူထုရဲ့ အရေးယူ၊ အပြစ်ပေးခြင်းတွေကို ခံရပါလိမ့်မယ်။ ဆက်လက်ပြီးတော့ မလုပ်ဖို့၊ ကျနော်တ တိုက်တွန်းလိုပါတယ်။ ”

မေး။ တိုင်းရင်းသားဒေသတွေမှာ ပြည်တွင်းစစ်က နှစ်ပေါင်း ၆၀ ကျော် ၇၀ ကျော်ရှိနေပြီ။ အဲဒီတိုင်းရင်းသားဒေသတွေမှာ ဖြစ်ပျက်နေတဲ့ မြန်မာ့တပ်မတော်ကနေပြီးတော့ တိုက်ပွဲတွေမှာ၊ စစ်ကြောင်းတွေမှာ လုပ်တာတွေရှိတယ်။ မှတ်တမ်းတွေလည်း အများကြီးရှိတယ်။ ဆိုတော့ အခု မြို့ပေါ်မှာ ဖြစ်နေတဲ့ဟာတွေက ဘယ်လိုမြင်လဲ။

ဖြေ။ “လက်ရှိစစ်တပ်ကို တတိုင်းပြည်လုံးက ဆန့်ကျင်နေကြတာကလည်း ဒီအချက်ကြောင့်ပဲဗျာ။ မလိုက်နာခဲ့တာပေါ့နော်။ သန္ဓေမကောင်းဘူး ပြောရင်တော့ တော်တော်ကြီးကို ရင့်သီးရာကျပါတယ်။ ပြည်သူလူထုကို ဘယ်လို ကာကွယ်စောင့်ရှောက်မယ်ဆိုတဲ့ဟာတွေက တော်တော်ကြီးကို အားနည်းခဲ့တယ်။ ပြည်သူလူထုနဲ့ ဆက်ဆံရေးတွေ၊ ပြီးတော့ ဂျီနီဗာကွန်ဗင်းရှင်းလိုမျိုး စစ်သား တဦးချင်း လိုက်နာရမယ့် အချက်တွေ တော်တော်ကြီးကို အားနည်းခဲ့တာပေါ့နော်။ ပြည်တွင်းစစ် ရှည်ကြာလာတာလည်း တခုအပါအဝင်ဖြစ်တယ်ဗျာ။ ပြည်တွင်းစစ် ကြာရှည်လာတော့ တပ်မတော်သားတယောက်က မြင်မြင်သမျှလူကို  ရန်သူလို့ပဲ သတ်မှတ်နေတော့တာ။ အမှန်တိုင်းပြောရရင် တပ်မတော်မှာ လက်ရှိ တာဝန်ထမ်းဆောင်နေတဲ့ လူတွေ၊ လက်ရှိစစ်သည်တွေ၊ အရာရှိကြီးတွေအကအစ  ဒီဘာသာရေးအဆောက်အအုံလိုမျိုး၊ မတိုက်ခိုက်သင့်ဘူး၊ စာသင်ကျောင်းတွေမှာ တပ်မစွဲသင့်ဘူးဆိုတာကို အဲဒီလို သိတဲ့သူ တော်တော်နည်းတယ်။ ဒါလက်ရှိဖြစ်နေတဲ့ ပကတိ အခြေအနေပေါ့။”

မေး။ တိုင်းရင်းသားဒေသတွေမှာ အခုမှလည်း မဟုတ်ဘူးပေါ့နော်။ ဟိုးတုန်းကတည်းက ဖြစ်နေတဲ့ကိစ္စ ဒီမြို့ပေါ်တွေမှာ သူတို့ ပြုမူနေပုံတွေက တောထဲမှာ လုပ်နေတာနဲ့ အတူတူပဲလား အစ်ကို ဘယ်လိုမြင်လဲ။

ဖြေ။ “အတူတူပဲဗျာ။ တောထဲမှာလည်း ဒီတိုင်းပဲ။ ဖြစ်နေခဲ့တာတွေက မြန်မာ့တပ်မတော်က စစ်ဆင်ရေး ဝင်နေတဲ့နေရာတွေ အကုန်လုံးက ဒီတိုင်းပဲဖြစ်နေတခဲ့တာပဲ။ ဒါအမှန်တရားတခုပါပဲ။”

မေး။ နောင်တချိန် ကျနော်တို့ လိုချင်တဲ့ ပြည်သူ့အစိုးရကြီးလည်း ရပြီ၊ အဲဒီအချိန်ကျရင် တပ်မတော်ကို အစ်ကို ဘယ်လိုမြင်ချင်လဲ။

ဖြေ။ “စနစ်တကျ၊ စည်းကမ်းရှိတဲ့ တပ်မတော်တခုအနေနဲ့၊ ဥပဒေကို လေးစားလိုက်နာတဲ့ တပ်မတော်တရပ်အနေနဲ့ ကျနော် မြင်ချင်တယ်။ အဲဒိ ကျနော့်ရဲ့ရင်ထဲက ဆန္ဒပါပဲ။ ”

မေး။ အစ်ကို အဲဒီအချိန်ကျရင် တပ်မတော်သား ပြန်လုပ်ဦးမလား၊ ဘယ်လို တပ်မတော်သား ဘဝမျိုးကို နှစ်ခြိုက်ခဲ့တာလဲ။ တပ်ထဲကိုဝင်ခဲ့တာ ဗိုလ်မှူးအဆင့်ရောက်ခဲ့တာဆိုတော့လေ။

ဖြေ။ “အမှန်တိုင်းပြောရင်တော့ ကျနော်တို့လည်း ဒီလိုပဲ ပရော်ရှင်နယ်တပ်မတော်သား တယောက်အနေနဲ့ ဖြစ်စေချင်တယ်။ ကျနော်တို့လည်း အဲလိုထင်ပြီးတော့ တပ်မတော်ထဲကို ရောက်လာခဲ့တာပဲ။ ဒါပေမဲ့ တပ်မတော်ကို ရောက်လာတဲ့အချိန် လုပ်နေကိုင်နေတာတွေက အများကြီးပေါ့နော်၊ ပရော်ဖယ်ရှင်နယ် တပ်မတော်တရပ် အလုပ်တွေ မဟုတ်တဲ့ဟာ၊ ဝင်ရောက်စွက်ဖက်တာတွေကအများကြီးကြုံနေရတယ်။ နောက်တချိန် တပ်မတော်ကိုလည်း အဲဒီလို ပရော်ဖက်ရှင်နယ်တပ်မတော်တရပ်အနေနဲ့ မြင်ချင်ပါတယ်။ ဆက်လက် တာဝန်ထမ်းဆောင်မလား၊ မထမ်းဆောင်လားဆိုတာ အဲဒီအချိန်ကျမှ ဆုံးဖြတ်ရမယ်။”

မေး။ ပြည်သူတွေက PDF နဲ့  ပူးပေါင်းပြီး တိုက်ကြတဲ့နေ့ကျရင် ဗိုလ်မှူးကော ဝင်တိုက်မလား။

ဖြေ။ “ကျနော်တို့လည်း ပြည်သူနဲ့အတူ ရပ်တည်နေမှာပါပဲ။ ”

မေး။ တခြားမမေးဘဲနဲ့ ပြောချင်တာရှိဦးမလား

ဖြေ။ “သီးခြားတော့မရှိဘူး။ အဓိကကတော့ တပ်တော်ထဲမှာ ဆက်နေနေတဲ့ တပ်မတော်သားတွေကို ပြည်သူ့ဘက်ကိုအမြန်ဆုံး ကူးပြောင်းလာဖို့ပဲ ကျနော်တ တိုက်တွန်းလိုပါတယ်။ ဘာကြောင့်လဲဆိုတော့ မကြာခင်မှာ ပြည်သူတွေရဲ့ တွန်းလှန်မှုတွေ တိုက်ခိုက်မှုတွေက အရှိန်မြင့်လာပါလိမ့်မယ်။  ဒီအချိန်မှာ တပ်မတော်သားတဦးချင်းက ရွေးချယ်ရမယ့် အခြေအနေကို ရောက်နေပါပြီ။ တပ်မတော်သားအဆင့်အားလုံး အောက်ခြေရဲဘော်က စပြီးတော့ အဆင့်မြင့်ဆုံး အရာရှိပိုင်းကြီးတွေအထိ ပြည်သူ့ဘက်မှာ ရပ်တည်မလား၊ စစ်အာဏာရှင်စနစ်ဘက်မှာ ရပ်တည်မလား၊ ဆုံးဖြတ်ရမယ့်အချိန်ရောက်နေပါပြီ။ စစ်အာဏာရှင်ဘက်မှာပဲ ဆက်လက်ရပ်တည်နေရင်တော့ ဒါသမိုင်းမလှဖြစ်သွားပါလိမ့်မယ်။ ကိုယ့်ရဲ့ဆွေစဉ်မျိုးဆက်အထိ အမဲစက်ကြီး ကျနေပါလိမ့်မယ်လို့ ကျနော်ပြောလိုပါတယ်။”

အင်တာဗျူးရုပ်သံကြည့်ရှုရန် -Link https://www.youtube.com/watch?v=aKAw4PDGFkI

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up