ကချင်ပြည်နယ်၊ မိုးမောက်မြို့ မန္တလေးကျောင်းတိုက်ရှိ ကျောင်းထိုင်ဆရာတော်ဦးသိက္ခာစာရ သက်တော် ၅၀ ဝါတော် ၃၀ ရှိ ဆရာတော်တစ်ပါး ဇူလိုင် ၅ ရက် မနက် ၃ နာရီလောက်က ပျံလွန်တော်မူခဲ့ပြီးနောက် တာဝန်ရှိသူတွေက ကိုဗစ်ရောဂါပိုးရှိမရှိ စစ်ရာမှ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ပါတယ်။
ဆရာတော်နဲ့ အနီးကပ်နေသူတွေ၊ သံဃာတော်တွေနဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေ၊ လူပုဂ္ဂိုလ်တွေကို စစ်ဆေးရာမှ ကိုဗစ်ပိုးကူးစက်ခံရသူ တစ်နေ့တည်း အယောက် ၅၀ အထိ တွေ့ရှိခဲ့ပြီး ဆက်လက် ထိစပ်ခဲ့သူတွေကို စုံစမ်းစစ်ဆေးနေတယ်လို့ သိရှိရပါတယ်။
ဆရာတော်ဟာ သွေးချို ဆီးချိုရောဂါရှိနေပြီး နေမကောင်းဖြစ်နေတာ လေးငါးရက်လောက် ရှိနေပြီလို့ ဒေသခံအချို့က ပြောပါတယ်။
ဗန်းမော်ခရိုင်မှာ မိုးမောက်မြို့၊ လွယ်ဂျယ်မြို့၊ မံစီမြို့၊ ရွှေကူမြို့နဲ့ ဗန်းမော်မြို့တွေမှာ ဇွန်လကုန်ခါနီးအချိန်မှစတင်ကာ ကိုဗစ်ပိုးတွေ့ရှိခဲ့ပြီး ဇူလိုင် ၅ ရက်နေ့ ည ၉ နာရီအထိ ထပ်တိုး ကိုဗစ်ပိုးတွေ့ရှိသူအရေအတွက်ဟာ ၉၇ ဦးအထိရှိတယ်လို့ ဆိုပါတယ်။
မိုးမောက်မြို့နယ်မှာ ကိုဗစ်-၁၉ အတည်ပြုလူနာ ၅၀ မှာ ဆရာတော်တပါးပျံလွန်တော်မူ၊ မန်စီမြို့နယ်က လူနာ ၉ ဦးမှာ ၁ ဦး သေဆုံး၊ ဗန်းမော်မြို့နယ်က အတည်ပြုလူနာ ၇ ဦး၊ ရွှေကူမြို့နယ်က ၃၆ ဦး တစ်ရက်တည်းတွေ့ရှိရပြီး တပတ်အတွင်း ဗန်းမော်ခရိုင်မှာ ကိုဗစ်အတည်ပြုလူနာ ၂၀၀ လောက် စစ်ဆေးတွေ့ရှိတယ်လို့ စစ်ကောင်စီ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးရုံးက ကြေညာထားပါတယ်။