ကျိုက်လတ်တွင် ဗုံး ၄ လုံးပေါက်ပြီးနောက် လူပေါင်း ၁၀၀ ထက်မနည်း အကြမ်းဖက်စစ်တပ်က ဖမ်းထား

ဧရာဝတီတိုင်း၊ ကျိုက်လတ်မြို့မှာ ဇွန် ၂၉ ရက်နေ့က ဗုံး ၄ လုံးပေါက်ပြီးနောက်ပိုင်း လူပေါင်း ၁၀၀ ထက်မနည်းကို အကြမ်းဖက်စစ်တပ်က ဖမ်းဆီးထားတယ်လို့ ဒေသခံတွေကပြောပါတယ်။

မနေ့ကတော့ ဖမ်းခံထားရသူတွေထဲက ၉ ယောက်ပြန်လွတ်လာပြီး လုပ်ငန်းရှင်တချို့အပါအဝင် လူ ၃၀ ဝန်းကျင်ကို ထပ်ဖမ်းသွားတယ်လို့ ဆိုပါတယ်။

“ဇွန် ၃၀ ရက်နေ့အထိ ဖမ်းထားတာ ၇၀ ကျော်။ ထပ်ဖမ်းတာနဲ့ဆို ၁၀၀ ကျော်ပြီ။ အမှတ် ၄ ရပ်ကွက်က များတယ်။ တခြားရပ်ကွက်ကလည်း ပါတယ်။ PDF ကို ထောက်ပံ့လှူဒါန်းသူလို့ ထင်ရတဲ့ သူတွေကို လိုက်ဖမ်းပါတယ်။ ရွှေဆိုင်ပိုင်ရှင်၊ ဆေးဆိုင်ပိုင်ရှင်တွေ၊ လုပ်ငန်းရှင်တွေ ပါပါတယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။

ဖမ်းခံထားရသူတွေကို စစ်တပ် တပ်စွဲထားတဲ့ ဧည့်ရိပ်သာမှာ စစ်ဆေးနေပြီး ရိုက်နှက်တာတွေ ရှိတယ်လို့လည်း သိရကြောင်း သူက ပြောပါတယ်။ သံသယရှိသူတွေကိုဖမ်းဆီးသလို သူတို့နဲ့ ဆက်စပ်သူတွေကိုလည်း လိုက်လံဖမ်းဆီးနေတာလို့ ဆိုပါတယ်။

“တချို့ မိသားစုလိုက် ဖမ်းခံရတယ်။ အခုဆို မြို့နေလူတွေအတွက် နေ့ရောညပါ မလုံခြုံတဲ့ ဘဝတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ဘယ်အချိန် ငါ့ကိုလည်း လာခေါ်မလဲဆိုပြီး တွေးပူနေကြရပါတယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။

ဇွန် ၂၉ ရက်နေ့က အထက ၁ ကျောင်းနားမှာ ဗုံး ၂ ကြိမ်ပေါက်ကွဲခဲ့ပြီး ပညာရေးမှူးရုံးနဲ့ မြို့အဝင်ဂိတ်နားမှာ တကြိမ်စီ ပေါက်ကွဲခဲ့တာပါ။

ဒါဟာ သူတို့ဖောက်ခွဲတာလို့ ကျိုက်လတ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားပြီး အဲဒီနေ့မှာပဲ အကြမ်းဖက်စစ်ကောင်စီဟာ သူတို့စိတ်ထင်သလို လိုက်လံဖမ်းဆီးနေတာဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up