Home
မြန်မာသတင်း
လူ့အခွင့်အရေးကို ကာကွယ်ပေးသည့် ရဲတပ်ဖွဲ့ဖြစ်ရန် သင်တန်းပေးခြင်းဖြစ်ဟု အီးယူပြော
ပီတာအောင်
·
November 30, 2013
မြန်မာပြည်သူတွေရဲ့ လူ့အခွင့်အရေးနဲ့ အခြေခံအခွင့်အရေးတွေကို ကာကွယ်ပေးဖို့ မြန်မာရဲတပ်ဖွဲ့ကို သင်တန်းပေးတာလို့ ဥရောပသမဂ္ဂ (အီးယူ) က ပြောကြားလိုက်ပါတယ်။ Policemen keep guard outside a stadium where soccer teams were playing in Yangon May 16, 2009.ဥရောပသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီး မစ္စတာ ရိုလန်ကိုဘီယာက  မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ပြုပြင်ပြောင်းလဲရေးအတွက် ဥရောပသမဂ္ဂက ကူညီမယ့် စီမံကိန်းအကြောင်း ရန်ကုန်မှာ ကျင်းပတဲ့  သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုလိုက်တာ ဖြစ်ပါတယ်။ ဒီအစီအစဉ်ရဲ့ အဓိက ရည်ရွယ်ချက်ကတော့ မြန်မာရဲတပ်ဖွဲ့ရဲ့ တပ်ဖွဲ့ကို ပြည်သူတွေနဲ့ နီးစပ်မှုရှိအောင် လုပ်ဖို့၊ ပြည်သူတွေရဲ့ လူ့အခွင့်အရေးနဲ့ အခြေခံအခွင့်အရေးတွေကို ကာကွယ်ပေးဖို့ ဖြစ်တယ်လို့ ပြောကြားသွားပါတယ်။ ဒါ့ပြင် လက်ပံတောင်းနဲ့ မိတ္ထီလာမြို့နယ်တွေမှာ ဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းတွေဟာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲ့ ဆောင်ရွက်ပုံ နည်းလမ်းတွေ ပြောင်းလဲဖို့ လိုအပ်နေပြီဆိုတာကို ထင်ရှားအောင် ပြလိုက်တာပါလို့လည်း သံအမတ်ကြီးက ပြောပါတယ်။ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ရဲမှူးချုပ် သူရဘိုနီကလည်း မြန်မာရဲတပ်ဖွဲ့ကို  လူ့အခွင့်အရေး ဦးစားပေးတဲ့ ရဲတပ်ဖွဲ့အသွင် ပြောင်းဖို့ အချိန်ရောက်နေပြီလို့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြား သွားပါတယ်။ “မြန်မာ့လွတ်လပ်ရေးနဲ့အတူ ကျနော်တို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေနဲ့ ရှည်လျားတဲ့ နိုင်ငံဖြစ်စဉ်များမှာ ပါဝင်တာဝန်ထမ်းဆောင်ခဲ့ရပါတယ်။ အခုအချိန်ဟာ လူ့အခွင့်အရေးကို ဦးစားပေးပြီး လူထုကို ကူညီရမယ့် ခေတ်မီရဲတပ်ဖွဲ့ အသွင်သဏ္ဌာန်ဖော်ဆောင်ဖို့ အချိန်လည်း ဖြစ်နေတယ်ဆိုတာ အားလုံး နားလည်ပြီးဖြစ်ပါတယ်။” ဒါပေမယ့် အခုလို ပြောင်းလဲရာမှာ တိုးတောင်းတဲ့ကာလအတွင်း ပြောင်းလဲလို့ ရမှာမဟုတ်သလို လွယ်ကူစွာ ပြောင်းလဲနိုင်တဲ့ကိစ္စ မဟုတ်ဘူးလို့လည်း ပြောကြားသွားပါတယ်။ အီးယူက မြန်မာရဲတပ်ဖွဲ့ကို သင်တန်းပေးမယ့် စီမံကိန်းကာလ ၁၈ လ ကြာမြင့်မှာ ဖြစ်ပြီး ဥရောပသမဂ္ဂက ယူရိုငွေ ၁၀ သန်းအထိ ထောက်ပံမှာ ဖြစ်သလို့ စီမံကိန်းစမ်းသပ်နယ်မြေအဖြစ် မင်္ဂလာတောင်ညွန့် မြို့နယ်ကို ရွေးချယ်ထားပါတယ်။ လူစုလူဝေးကိုင်တွယ် စီမံခန့်ခွဲမှုနဲ့ ပတ်သက်လို့ အကောင်းဆုံး နိုင်ငံတကာကျင့်သုံးမှု သင်တန်းမှာ မြန်မာရဲအရာရှိ ၄၀၀ ကို နိုင်ငံတကာက အတွေ့အကြုံရှိတဲ့  ရဲတပ်ဖွဲ့ သင်တန်းဆရာ ၆ ဦးက သင်ကြားမှာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024