Home
ဆောင်းပါး
အာဏာသိမ်းအကြမ်းဖက်စစ်ခေါင်းဆောင်နှင့် မြန်မာ့ကျောက်စိမ်း
DVB
·
July 1, 2021

မြန်မာနိုင်ငံက ကျောက်စိမ်းတူးဖော်မှုလုပ်ငန်းတွေဟာ အာဏာသိမ်းခေါင်းဆောင် စစ်ကောင်စီဥက္ကဋ္ဌ မင်းအောင်လှိုင်နဲ့ သူ့မိသားစုဝင်တွေအထိ ဆက်စပ်ပတ်သက်နေတဲ့အကြောင်း Global Witness အဖွဲ့ကြီးရဲ့ စုံစမ်းဖော်ထုတ်မှု အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ 

အာဏာသိမ်း  စစ်တပ်ဟာ လက်နက်ကိုင်ပဋိပက္ခတွေနဲ့ ဆက်စပ်နေတဲ့ သယံဇာတတူးဖော်မှု လုပ်ငန်းတွေမှာ အကြမ်းဖက်ဖြိုခွင်းတာတွေ အရှိန်မြင့်လုပ်ဆောင်လာနေပြီး ဒေါ်လာသန်းပေါင်းများစွာ တန်ဖိုးရှိတဲ့လုပ်ငန်းတွေကို လက်နက်ကိုင်စစ်တပ်တွေက  ပိုပြီးထိန်းချုုပ်လာနိုင်တဲ့ အန္တရာယ်ကို ဖော်ပြနေတယ်လို့ အစီရင်ခံစာက ရေးသားထားပါတယ်။ 

၂၀၁၆ ခုနှစ်ကစတဲ့ အန်အယ်လ်ဒီဦးဆောင်တဲ့ အစိုးရဟာ ကျောက်စိမ်းတူးဖော်ထုတ်လုပ်မှုကဏ္ဍမှာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ခဲ့ပေမယ့် မြန်မာစစ်တပ်ဟာ အာဏာသိမ်းတဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ မတိုင်ခင် နှစ်ပေါင်းများစွာကတည်းက ငွေရှာရလွယ်တဲ့ ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းအပေါ် ပိုမိုထိန်းချုပ်ကိုင်တွယ်နိုင်ဖို့ ကြိုးစားလာခဲ့တယ်လို့ ရေးသားထားပါတယ်။

Global Witness အဖွဲ့ရဲ့ တွေ့ရှိချက်တွေအရ ကျောက်စိမ်းတူးဖော်ရောင်းချနေတဲ့ကဏ္ဍဟာ အရင်ကထက်ပို အကျင့်ပျက်ခြစားလာပြီး တနိုင်ငံလုံးက ပဋိပက္ခနဲ့ အကြမ်းဖက်မှုတွေ ပိုတိုးလာစေတဲ့အပြင် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ မိသားစုဝင်တွေရဲ့ ဝင်ငွေတိုးပွားလာစေခဲ့တယ်လို ဆိုပါတယ်။ ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းမှုကတော့ ကျောက်စိမ်းမြေက အကြမ်းဖက်မှုတွေ ပိုမိုဆိုးရွားလာစေတဲ့အပြင် ကျောက်စိမ်းတူးဖော်မှု လုပ်ငန်းကဏ္ဍမှာ ဉပဒေမဲ့လုပ်ရပ်တွေ ပိုတိုးပွား ဆိုးရွားလာမယ့် အလားအလာရှိနေတယ်လို့ ဖော်ပြထားပါတယ်။

အန်အယ်လ်ဒီဦးဆောင်တဲ့အစိုးရဟာ ၂၀၁၆ ခုနှစ်ကတည်းက ကျောက်စိမ်းတူးဖော်ခွင့် လိုင်စင်တွေကို ဆိုင်းငံ့ခဲ့ပြီး ကျောက်စိမ်းကဏ္ဍ ပြုပြင်ပြောင်းလဲရေးကို ကတိပြုခဲ့ပါတယ်။ ဒါပေမဲ့ စစ်တပ်အရာရှိကြီးတွေ၊ စစ်တပ်ပိုင်ကုမ္ပဏီတွေနဲ့ သူတို့ရဲ့ စီးပွားဘက်တွေဟာ ကျောက်စိမ်းတူးဖော်ခွင့်လိုင်စင် ဆိုင်းငံ့တာကို မထေမဲ့မြင်လုပ်ခဲ့ကြတဲ့အပြင် နကိုကတည်းက လက်ဝါးကြီး အုပ်ထားနိုင်တဲ့ ကျောက်စိမ်းလောကမှာ ပိုပြီးချဲ့ထွင်လွှမ်းမိုးနိုင်ဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရရဲ့ ကျောက်စိမ်းကဏ္ဍပြုပြင်ပြောင်းလဲမှုတွေကို အာခံနေခဲ့ကြပါတယ်။ 

အန်အယ်လ်ဒီ အစိုးရရဲ့ ကျောက်မျက်တူးဖော်ခွင့်လိုင်စင်တွေ ဆိုင်းငံ့လိုက်တဲ့အချိန်မှာ စစ်တပ်ပိုင် စီးပွားရေးလုပ်ငန်းတခုဖြစ်တဲ့ ပြည်ထောင်စုမြန်မာနိုင်ငံ စီးပွားရေးဦးပိုင်လီမိတက်ဟာ  ကျောက်စိမ်းနဲ့ ကျောက်မျက်ရတနာတူးဖော်ခွင့်ရရှိထားတဲ့ အကြီးမားဆုံးကုမ္ပဏီတခုဖြစ်နေတာကို Global Witness အဖွဲ့ရဲ့ စုံစမ်းဖော်ထုတ်မှုတွေအရ သိရှိရပါတယ်။

ဉီးပိုင်လီမိတက်ဟာ ကျောက်မျက်တူးဖော်ခွင့် လိုင်စင်ပေါင်း ၁၁၀၀ လောက်ရယူထားပြီး အဲဒီထဲက တဝက်ကျော် ၅၈ ရာနှုန်းဟာ ၂၀၁၆ နှစ်ဆန်းပိုင်း အန်အယ်လ်ဒီအစိုးရတက်မလာခင် လပိုင်းလောက်မှာကပ်ပြီး ကမန်းကတန်း ရယူခဲ့တာပါ။ ၂၀၁၆ နှစ်ဆန်းပိုင်းမှာ ဦးပိုင်မဟုတ်တဲ့ အကြီးမားဆုံး ကျောက်စိမ်းတူးဖော်တဲ့ကုမ္ပဏီက တူးဖော်ခွင့် ၂၈၅ ခုပဲ ရယူထားတာကိုကြည့်ရင် ကျောက်မျက်တူးဖော်ရေးကဏ္ဍမှာ စစ်တပ်ရဲ့ လွှမ်းမိုးခြယ်လှယ်မူကို တွေ့ရမှာပါ။ 

မြန်မာစစ်တပ်ဟာ ဒေါ်လာသန်းပေါင်းများစွာတန်ကြေးရှိတဲ့ ကျောက်စိမ်းတူးဖော်ရောင်းချမှု ကဏ္ဍကို ပိုမိုချုပ်ကိုင်လာနေတဲ့အကြောင်း အခုဖော်ထုတ်မှုဟာ မြန်မာစစ်တပ်ရဲ့ မြန်မာ့စီးပွားရေးရဲ့ တန်ဖိုးအရှိဆုံးနေရာတွေကို အမိအရဆုပ်ကိုင်ထားတာတွေကို ဖော်ပြတဲ့ လက္ခဏာပါပဲ။ 

အဲဒီဝင်ငွေတွေကတဆင့် တရားမဝင်အာဏာသိမ်းမှုတွေ၊ လက်နက်ကိုင်ပဋိပက္ခတွေ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် ငွေကြေးထောက်ပံ့နေနိုင်တယ်လို့   Global Witness ရဲ့ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒအကြံပေး ကီးလ်ဒိုင်ယက်ဇ်က ပြောပါတယ်။ 

ကျောက်စိမ်းတူးဖော်ရောင်းဝယ်ရေးမှာ အကျင့်ပျက်ချစားမူတွေကတဆင့် အကျိုးအမြတ်ရရှိနေတဲ့သူတွေထဲမှာ စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်နဲ့ မိသားစုဝင်တွေ ပါဝင်နေပြီး သူရဲ့သားဟာလည်း ကျောက်စိမ်းတူးဖော်ခွင့် အဆင်ပြေစေဖို့ ဆက်သွယ်ဆောင်ရွက်ပေးရင်း လာဘ်ငွေတွေ ရယူနေတာတွေလည်း ရှိနေပါတယ်။  

အန်အယ်လ်ဒီအစိုးရဟာ ကျောက်စိမ်းလောကကို ပြုပြင်ပြောင်းလဲဖို့ ကြိုးစားခဲ့ပေမယ့် ငွေရလွယ်တဲ့ လုပ်ငန်းတွေဟာ စစ်တပ်ရဲ့လူကြီးပိုင်းတွေရဲ့ အာဏာနဲ့လွှမ်းမိုးမှုကို အထောက်အကူဖြစ်စေခဲ့ပြီး နိုင်ငံအနှံ့ပဋိပက္ခတွေကို သက်ဆိုးရှည်စေတာကို ကြည့်မယ်ဆိုရင် မင်းအောင်လှိုင်နဲ့ မိသားစုဝင်တွေ ကျောက်စိမ်းလုပ်ငန်းက အကျင့်ပျက်ချစားမှုတွေမှာ ပါဝင်ပတ်သက်နေတယ်ဆိုတာ အံ့အားသင့်စရာမရှိလောက်ပါဘူးလို့ ဒိုင်ယက်ဇ်က ဆက်ပြောပါတယ်။

ကျောက်စိမ်းကဏ္ဍမှာ မြန်မာစစ်တပ်ရဲ့ အကျိုးစီးပွားပတ်သက်မှုဟာ အရင်ကထက်ပိုများလာတဲ့အပြင် တခြားတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေဖြစ်တဲ့ KIO/KIA၊ UWSP/A၊ ရက္ခိုင့်တပ်တော်  (AA) တို့လည်း ပါဝင်ပတ်သက်နေတယ်လို့ အစီရင်ခံစာက ဖော်ပြထားပါတယ်။

အန်အယ်လ်ဒီ အစိုးရလက်ထက် ကျောက်စိမ်းတူးဖော်ခွင့်လိုင်စင် ဆိုင်းငံ့မှုမှာ သင့်တော်တဲ့ ကြီးကြပ်စစ်ဆေးမှုတွေ လိုက်နာစေမှုတွေ မရှိတဲ့နောက် စစ်ကောင်စီတပ်၊ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ ဆက်စပ်နေတဲ့ ကုမ္ပဏီတွေဟာ လိုင်စင်သက်တမ်းမကုန်ခင် ဒလမန်းကြမ်းတူးဖော်မှုတွေ ဖြစ်ပေါ်လာစေပါတယ်။

အာဏာသိမ်းစစ်ကောင်စီတပ်တွေနဲ့ KIO/KIA၊ UWSA၊  AA စတဲ့တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေက တခြားနေရာတွေမှာ ထိပ်တိုက်ရင်ဆိုင်တဲ့ ပဋိပက္ခတွေရှိနေပေမယ့် ကျောက်စိမ်းမြေမှာ မြန်မြန်နဲ့ များများ တူးနိုင်သလောက် တူးဖော်နေကြတဲ့နေရာမှာတော့ ဘုံသဘောတူညီချက်ရှိနေပုံပါပဲလို့  ဒိုင်ယက်ဇ်က ပြောပါတယ်။ 

Global Witness ရဲ့ စုံစမ်းဖော်ထုတ်မှုမှာ နောက်ထပ်တင်ပြထားတာကတော့ ကျောက်စိမ်းရောင်းဝယ်မှုက ဝင်ငွေတွေဟာ လက်နက်ရောင်းဝယ်မှုနဲ့ ဆက်စပ်ပြီး လက်နက်ကိုင်ပဋိပက္ခတွေကို မီးထိုးပေးနေတာပါ။ UWSA တပ်ဟာ တရုတ်နိုင်ငံကို ကျောက်စိမ်းတင်ပို့ရာမှာ KIA ကို ပေးစရာရှိတဲ့ အခွန်ငွေအတွက် ‘ဝ’ ကိုယ်ပိုင်စက်ရုံထွက် လက်နက်တွေကို KIA ဆီ လွှဲပြောင်းပေးတာတွေ၊ KIA ကလည်း အဲဒီလက်နက်တွေကို AA လို တခြားလက်နက်ကိုင်တပ်ဖွဲ့တွေဆီ လျော့ဈေးနဲ့ ပြန်ရောင်းနေတာတွေ၊ AA နဲ့ KIA တို့ဟာလည်း ကျောက်စိမ်းတူးဖော်ရောင်းဝယ်တဲ့ ငွေပေးချေမှုတွေမှာ ပူးပေါင်းဆောင်ရွက်နေခဲ့ကြတာတွေလည်း ဖော်ပြထားပါတယ်။ 

Global Witness အဖွဲ့ရဲ့တွက်ချက်မှုအရ ဖားကန့်က ကျောက်စိမ်းမှောင်ခို တင်ပို့မှုလုပ်ငန်းရဲ့ ၉၀ ရာနှုန်းဟာ တရုတ်နိုင်ငံဆီကို ပို့ဆောင်တာပဲ ဖြစ်ပါတယ်။ ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းဖြစ်စဉ်နောက်ပိုင်းမှာတော့ ကျောက်စိမ်းမှောင်ခိုတူးဖော်လုပ်ငန်းရဲ့ အနာဂတ်ဟာ မရေမရာဖြစ်လာပါတယ်။ အရင်က ကျောက်စိမ်းနယ်မြေမှာ ပူးပေါင်းဆောင်ရွက်ခဲ့ကြတဲ့ စစ်ကောင်စီတပ်တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေကြား တိုက်ပွဲအသစ်တွေဖြစ်ပေါ်လာပြီး ကျောက်စိမ်းနဲ့ ပဋိပက္ခ ဆက်စပ်နေပုံကို ထပ်ဟပ်စေပါတယ်။ စစ်အာဏာသိမ်းမှုနောက်ပိုင်းကာလ မငြိမ်သက်မူတွေကလည်း ကျောက်စိမ်းမြေရဲ့ အကျင့်ပျက်ခြစားမူတွေ တရားဉပဒေစိုးမိုးမှု ကင်းမဲ့တာတွေပိုမိုဖြစ်ပေါ်လာစေသလို စစ်ကောင်စီဟာလည်း လိုင်စင်ဆိုင်းငံ့ခံထားရတဲ့ ကျောက်စိမ်းလုပ်ကွက်တွေကို ပြန်လည်စတင်လုပ်ကိုင်ရင်း စစ်ကောင်စီအတွက် ငွေကြေးအထောက်အပံ့ဖြစ်စေပါလိမ့်မယ်။ 

ကချင်ပြည်နယ်က သဘာဝသယံဇာတတွေကို စစ်ကောင်စီတပ်တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေက အငမ်းမရ တူးဖော်နေတဲ့အချိန်မှာ ကချင်ပြည်နယ် ဖားကန့်ဒေသခံတွေကတော့ လက်နက်ကိုင်ပဋိပက္ခရဲ့ဒဏ်တွေ အာဏာသိမ်းမှုကြောင့်ဖြစ်တဲ့ စီးပွားရေး ကမောက်ကမဖြစ်မှု၊ အလွန်အကျွံတူးဖေါ်မူကြောင့် ဖြစ်ပေါ်လာတဲ့ မြေပြိုမှုတွေ မူးယစ်ဆေးဝါး ပျံ့နှံ့မှုတွေကို ခံစားနေကြတယ်လို့ ဒိုင်ယက်ဇ်က ပြောပါတယ်။ 

မြန်မာနိုင်ငံသားတွေက စစ်အာဏာရှင်ကို ဆန့်ကျင်အာခံပြီး အသက်စွန့်ကြိုးပမ်းနေကြတဲ့အချိန်မှာ နိုင်ငံတကာအသိုင်းအဝိုင်းဟာလည်း စစ်အာဏာသိမ်းခြင်း ရပ်ဆိုင်းသွားအောင် ဒီမိုကရေစီနည်းကျ တင်မြှောက်ခံအစိုးရ အာဏာပြန်လည်ရယူနိုင်အောင် ဝိုင်းဝန်းကြိုးစားပေးသင့်တဲ့အကြောင်း၊ အဓိကအရေးကြီးတာကတော့ ကျောက်စိမ်းလုပ်ငန်းအပါအဝင် စစ်ကောင်စီတပ်တွေ ဝင်ငွေရရှိနိုင်မယ့် ငွေဝင်လမ်းကြောင်းတွေကို ဖြတ်တောက်ပစ်သင့်တယ်လို့ ဒိုင်ယက်ဇ်က တောင်းဆိုပါတယ်။ 

မြန်မာစစ်ကောင်စီရဲ့ ကျောက်စိမ်းလောကကို ချုပ်ကိုင်ထားမှုက သိပ်အားကောင်းနေပြီး စစ်ဗိုလ်ချုပ်တွေနဲ့ သူတို့ အသိုင်းအဝိုင်းကို ပိုက်ဆံမပေးပဲ ဘယ်သူမှ ကျောက်စိမ်းမဝယ်နိုင်ပါဘူးလို့ အစီရင်ခံစာမှာ ရေးထားပါတယ်။

ရေရှည်အတွက်ဆိုရင် မြန်မာနိုင်ငံရဲ့ တရားဝင်အစိုးရဟာ စစ်ကောင်စီတပ်တွေနဲ့ တခြားလက်နက်ကိုင်တပ်တွေ ကျောက်စိမ်းလောကမှာ ခြယ်လှယ်နေတာကို ဖယ်ရှားပြီး သဘာဝသယံဇာတ စီမံအုပ်ချုုပ်ရေးအစီအစဉ်ဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေရဲ့ ထိပ်ဆုံးမှာပါဝင်လာနိုင်ဖို့ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ပံ့ပိုးကူညီသင့်တယ်လို့ ဆိုပါတယ်။ မြန်မာ့သယံဇာတတွေနဲ့ ကြွယ်ဝချမ်းသာမူတွေကို သေနတ်ကိုင်လူတစုက ခြယ်လှယ်နေသမျှကာလပတ်လုံး မြန်မာနိုင်ငံမှာ ငြိမ်ချမ်းရေးနဲ့ ဒီမိုကရေစီ ဖြစ်ထွန်းလာနိုင်စရာ မရှိပါဘူးလို့  Global Witness ရဲ့ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒအကြံပေး ကီးလ်ဒိုင်ယက်ဇ်က  မှတ်ချက်ပေးထားပါတယ်။ 

Photo Credit- Getty Images

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024