အကယ်ဒမီပွဲအတွက် စင်ကာပူအခြေစိုက် Varco ကုမ္ပဏီ ရွေးချယ်ခံရ
DVB
·
November 29, 2013
ဒီဇင်ဘာလအတွင်း ကျင်းပမယ့် မြန်မာ့ရုပ်ရှင် အကယ်ဒမီဆုပေးပွဲအတွက် တာဝန်ယူ ဆောင်ရွက်မယ့် ကုမ္ပဏီကို တင်ဒါ ဖွင့်ဖောက်စစ်ဆေးခဲ့ရာမှာ စင်ကာပူအခြေစိုက် ဗာကိုကုမ္ပဏီ ရွေးချယ်ခံရတယ်လို့ ရုပ်ရှင်လုပ်ငန်းက သတင်းထုတ်ပြန်ပါတယ်။
တင်ဒါ ၀င်ပြိုင်တဲ့ ကုမ္ပဏီ ၉ ခုရှိပြီး ဗာကိုကုမ္ပဏီနဲ့အတူ ရွှေသံလွင်ကုမ္ပဏီ နဲ့ စူပါလိုက် ကုမ္ပဏီတွေကလည်း ဆန်ကာတင်စာရင်းမှာ ပါဝင်တယ်လို့ သိရပါတယ်။
ရွေးချယ်ခံရတဲ့ ကုမ္ပဏီဟာ အကယ်ဒမီပွဲ စင်မြင့် ပြင်ဆင်တာ၊ မီးနဲ့ ဒီဂျစ်တယ်စနစ် တပ်ဆင်တာ၊ ဧည့်သည်တွေကို ကျွေးမွေးဧည့်ခံတာ၊ ဖိတ်စာနဲ့ သတင်းမီဒီယာလုပ်ငန်းတွေ လုပ်ကိုင်ရမှာ ဖြစ်ပါတယ်။
အကယ်ဒမီ ဆုပေးပွဲကို လာမယ့် ဒီဇင်ဘာ ၂၉ ရက်နေ့ ရန်ကုန် သုဝဏ္ဏအားကစားပြိုင်ပွဲရုံ ၁ မှာ ကျင်းပမယ်လို့ အကြမ်းဖျင်း လျာထားကြောင်း သိရပါတယ်။