မြန်မာနိုင်ငံက ရာဘာ ဂျပန် ၀ယ်ယူ တင်သွင်းမည်
DVB
·
November 29, 2013
ဂျပန်နိုင်ငံက မြန်မာ့ရာဘာအစေးပြားတွေကို ၀ယ်ယူဖို့အတွက် အရည်အသွေး ပိုင်းဆိုင်ရာ မြှင့်တင်ရေးလုပ်ငန်းတွေမှာ ကူညီပံ့ပိုးပေးသွားမယ်လို့ မြန်မာနိုင်ငံ ရာဘာ စိုက်ပျိုးထုတ်လုပ်သူများအသင်းက ပြောပါတယ်။
ဂျပန်အစိုးရရဲ့ အစီအစဉ်နဲ့ မြန်မာနိုင်ငံက ရာဘာအစေးပြားတွေကို ၀ယ်ယူဖို့အတွက် ဂျပန်နိုင်ငံ ရာဘာလုပ်ငန်းရှင်များအသင်းက မြန်မာနိုင်ငံ ရာဘာစိုက်ပျိုးထုတ်လုပ်သူများ အသင်းနဲ့ နိုဝင်ဘာ ၇ ရက်နေ့က ရန်ကုန်မြို့မှာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
ဒါပေမယ့် မြန်မာ့ရာဘာအစေးပြားတွေက အရည်အသွေး အားနည်းချက်တွေ ရှိနေ တာကြောင့် အရည်အသွေးမြှင့်တင်ရေးကို ဦးစားပေး ပံ့ပိုးသွားမှာဖြစ်ပြီး ထွက်ရှိလာတဲ့ ရာဘာ အစေးပြားတွေကိုလည်း ၀ယ်ယူသွားဖို့ ရှိနေတယ်လို့ မြန်မာနိုင်ငံ ရာဘာစိုက်ပျိုးထုတ်လုပ်သူများ အသင်းရဲ့ အတွင်းရေးမှူး ဦးခိုင်မြင့်က ဒီဗွီဘီကို ပြောပါတယ်။
ဒီအတွက် ဂျပန်နိုင်ငံက မြန်မာ့ရာဘာတွေ အရည်အသွေး တိုးတက်လာဖို့ နည်းပညာပိုင်းဆိုင်ရာ ပံ့ပိုးပေးဖို့အပါအ၀င် ပြည်ပဈေးကွက်တွေဆီ တင်ပို့တဲ့နေရာမှာလည်း နိုင်ငံတကာ အသိအမှတ်ပြု လက်မှတ်တွေနဲ့ တင်ပို့နိုင်ဖို့အတွက် အကူအညီပေးသွားဖို့ ရှိပါတယ်။
ဒီအပြင် ရာဘာနည်းပညာ တိုးတက်စေဖို့အတွက် သုတေသနလုပ်ငန်းတွေ ထားရှိဖို့နဲ့ နိုင်ငံတကာစံ သတ်မှတ်ချက်နဲ့သာ လက်ခံတဲ့ ပြည်ပဈေးကွက်တွေကို ရရှိလာစေဖို့အတွက် ဂျပန်နဲ့ မြန်မာ ပူးပေါင်းလုပ်ဆောင်သွားဖို့ နှစ်နိုင်ငံ အသင်းအဖွဲ့တွေ တွေ့ဆုံဆွေးနွေးမှုအပြီးမှာ သဘောတူ လက်မှတ်ရေးထိုးခဲ့တယ်လို့ သူက ဆိုပါတယ်။
ဒါကြောင့် မြန်မာပြည်က ရာဘာစိုက်ပျိုးထုတ်လုပ်သူတွေအနေနဲ့ ဒီအခွင့်အရေးကို အကျိုးရှိရှိ အသုံးချဖို့ လိုတဲ့အကြောင်းနဲ့ ရော်ဘာလုပ်ငန်းက တချိန်ကျရင် တိုင်းပြည်ရဲ့ အဓိက စီးပွားရေးလုပ်ငန်းတခု ဖြစ်လာနိုင်တယ်လို့ ဦးခိုင်မြင့်က ပြောပါတယ်။
“တကယ်တမ်း ရာဘာခြံရှင်တွေနဲ့ အကုန်လုံး ကြိုးကြိုးစားစားနဲ့ ၀ိုင်းပြီးလုပ်ကြမယ်ဆိုရင် ရာဘာနဲ့ပတ်သက်ရင် တိုင်းပြည်ရဲ့ အဓိက စီးပွားရေးလုပ်ငန်းတခုဖြစ်လာနိုင်တယ်။ နောက်ပြီး ရာဘာနဲ့ပတ်သက်ရင် အရှေ့တောင်အာရှမှာ ကျနော်တို့က နံပါတ် ၇။ သိပ်မကြာခင်မှာပဲ ကျနော်တို့ လက်ရှိတန်က တနှစ်ကို တန်ချိန် ၁၆၀၀၀၀ လောက် ထုတ်တာပေါ့။ ၂၀၁၅ လောက်ဆိုရင် ၂ သိန်းဝန်းကျင်လောက် ဖြစ်လာမှာပေါ့။ နောက် လေးငါးရှစ်နှစ်လောက် ကြာရင် တန်ချိန် ၃ သိန်းလောက် ထွက်လာလိမ့်မယ်။”
မြန်မာ့ရာဘာတွေကို ပြည်ပဈေးကွက်အနေနဲ့ ပြည်တွင်းထွက်ရှိမှုရဲ့ ၇၀ ရာခိုင်နှုန်းက တရုတ်နိုင်ငံဆီ အများဆုံးတင်ပို့ပြီး ၃၀ ရာခိုင်နှုန်းက စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား၊ ကိုရီးယား၊ ဗီယက်နမ်နဲ့ အိန္ဒိယနိုင်ငံတွေဆီ တင်ပို့နေတာ ဖြစ်ပါတယ်။
ရာဘာဈေးကတော့ (Ribbed Smoked Sheets -RSS-3) အဆင့်ရှိတဲ့ ရာဘာ ၁ တန်ကို အမေရိကန်ဒေါ်လာ ၂၂၀၀ ခန့် ပေါက်ဈေး ရှိတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံမှာ မွန်ပြည်နယ်၊ တနင်္သာရီတိုင်းနဲ့ ပဲခူးတိုင်းဒေသကြီးတွေမှာ ရာဘာ အဓိက စိုက်ပျိုးထုတ်လုပ်တာ ဖြစ်ပြီး ပြည်တွင်းမှာ ရာဘာစိုက်ပျိုးထားရှိတဲ့ ဧက ၁၄ သိန်း ၃ သောင်းကျော် ရှိပါတယ်။
ဒီထဲကမှ အစေးထုတ်ယူနိုင်တဲ့ ဧကက ၅ သိန်း၂ သောင်းကျော်ရှိပြီး အစေးထွက်ရှိမှုပမာဏက တန်ချိန် ၁ သိန်းခွဲကျော်ရှိပါတယ်။

