Wednesday, May 31, 2023
HomeLead Storyမြန်အောင်မြို့ အရက်ဆိုင်တခုတွင် လေသေနတ်တွေ့သဖြင့် ဆိုင်ရှင်ကို ဖမ်းဆီး

မြန်အောင်မြို့ အရက်ဆိုင်တခုတွင် လေသေနတ်တွေ့သဖြင့် ဆိုင်ရှင်ကို ဖမ်းဆီး

ဧရာဝတီတိုင်း၊ မြန်အောင်မြို့မှာ ဇွန်လ ၂၇ ရက်နေ့ မနက်ပိုင်းက အရက်ဆိုင်ကို ရဲနဲ့စစ်တပ် အင်အား ၁၅ ဦးလောက်ဝင်စီးပြီး လေသေနတ်တွေ့လို့ ဆိုင်ရှင်ကိုဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

အမှတ် ၃ ရပ်ကွက်က ဇော်ဌေး အရက်ဆိုင်ကို ဝင်ရှာချိန်မှာ ဂတ်စ်နဲ့ပစ်ရတဲ့ လေသေနတ် တွေ့ရှိခဲ့တာကြောင့် ဆိုင်ပိုင်ရှင် ဦးကျော်ဝင်းကို ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတဦးက “တယောက်ယောက် သတင်းပေးလိုက်တာဖြစ်ပုံရတယ်။ အင်အားအပြည့်နဲ့ ဆိုင်ကို ဝင်ရှာတာ။ အဲဒီမှာ လေသေနတ်တွေ့သွားတော့ ဆိုင်ပိုင်ရှင်ကို ဖမ်းသွားတာ” လို့ ပြောပါတယ်။

အကြမ်းဖက်စစ်ကောင်စီ ဖမ်းဆီးတာခံရပြီးနောက်ပိုင်း မိသားစုနဲ့ အဆက်သွယ် မရတော့သလို စစ်တပ်နဲ့ ရဲစခန်း ဘယ်မှာ စစ်ဆေးနေတယ်ဆိုတာကို မသိရတော့ဘူးလို့ ဆိုပါတယ်။

ဧရာဝတီတိုင်းအတွင်းက မြို့နယ်တွေမှာ အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ ဌာနဆိုင်ရာဝန်ထမ်းတွေက ဇွန်လ ပထမပတ်က စတင်ကာ လက်လုပ်သေနတ်တွေ ဆောင်ထားတာရှိရင် လာအပ်ဖို့အတွက် ရပ်ကွက်တွေ ကျေးရွာတွေထဲ လိုက်လံကြေညာခဲ့တယ်လို့ သိရပါတယ်။

မြန်အောင်မြို့မှာ စစ်တပ်အာဏာသိမ်းမှုအပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကြောင့် လူငယ် ၁၀ ဦးကျော် ဖမ်းဆီးထောင်ချခဲ့သလို ဒေသခံ ၈ ဦးကိုလည်း ဖမ်းဆီး တရားစွဲဆိုထားတာပါ။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular