အောင်မြင်မှုများကို ထိုက်ထိုက်တန်တန် ဂုဏ်ပြုစေလိုဟု ရိုးရာလှေကစားသမားများပြော

Photo by 27seagames2013
ရွှေတံဆိပ် ၁၇ ခု ချီးမြှင့်မယ့် ရိုးရာလှေလှော်အားကစားနည်းမှာ ရွှေအားလုံး ရယူမယ်လို့ ကစားသမားတွေနဲ့ နည်းပြတွေက ပြောကြပြီး သူတို့ရဲ့အောင်မြင်မှုတွေကိုလည်း ဂုဏ်ပြုပေးဖို့ မျှော်လင့်နေကြပါတယ်။ [caption id="attachment_47227" align="alignleft" width="300"]Photo by 27seagames2013 Photo by 27seagames2013[/caption] မြန်မာက အိမ်ရှင်အဖြစ် ကျင်းပမယ့် လှေလှော်အားကစားနည်းပြိုင်ပွဲကို နေပြည်တော် အပြင်ဘက်က ငလိုက်ဆည်မှာ ဒီဇင်ဘာ ၁၈ ရက်နေ့မှာ စတင်ကျင်းပမှာ ဖြစ်ပါတယ်။ ဒီပြိုင်ပွဲမှာ အပြည်ပြည်ဆိုင်ရာ လှေလှော်အားကစားနည်း ကနူး/ကယက် လှေလှော်အားကစားနည်း နဲ့ ရိုးရာလှေလှော်အားကစားနည်းစတဲ့ ၃ မျိုး ပါဝင်ပြီး ကစားနည်းအားလုံးအတွက် ဆုတံဆိပ်ပေါင်း ၄၂ ခု ချီးမြှင့်သွားမှာ ဖြစ်ပါတယ်။ မြန်မာအားကစားတွေကို စခန်းသွင်းလေ့ကျင့်နေတဲ့ ငလိုက်ဆည်ဟာ နေပြည်တော် ၀ဏ္ဏသိဒ္ဓိအားကစားကွင်းကနေ ၇ မိုင်ခန့်အကွာမှာ တည်ရှိနေတာ ဖြစ်ပြီး ပြိုင်ပွဲအတွက် အဆင်သင့် ဖြစ်နေပြီလို့ ပြောကြပါတယ်။ ကနူး/ကယက်လှေတွေ၊ နိုင်ငံတကာပြိုင်ပွဲလှေတွေနဲ့ ရိုးရာလှေလှော်ပြိုင်ပွဲအတွက် လှေတွေကို လှေကမ်းပါးက အဆောက်အဦတွေမှာ အစီအရီထပ်ထားသလို ပြိုင်ပွဲကျင်းပမယ့် ရေပြင်ပေါ်က စည်းတွေဟာ မီတာ ၂ ထောင် အကွာကို တဖြောင့်တည်းနီးပါး တန်းထားနိုင်တာကြောင့် အရှေ့တောင်အာရှမှာ အကောင်းဆုံး လှေလှော်ကွင်းလို့ အမည်ရစ ပြုနေတာ ဖြစ်ပါတယ်။ အသုံးများတဲ့ လှေတွေကတော့ တရုတ်နိုင်ငံလုပ်လှေတွေ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံ၊ စင်ကာပူနိုင်ငံနဲ့ အင်ဒိုနိးရှားနိုင်ငံက လှေသမားတွေကတော့ သူတို့ လှော်ခတ်မယ့်လှေတွေကို တပါတည်း ယူဆောင်လာကြတယ်လို့ ဆိုပါတယ်။ မြန်မာကိုယ်စားပြု ရိုးရာလှေလှော်အသင်းကတော့ အိမ်ရှင်အဖြစ် ကျင်းပခွင့်ရချိန်မှာ နိုင်ငံအတွက်  ရွှေဆုတွေ အများအပြားရယူနိုင်ဖို့ အင်ဒိုနီးရှားဆီဂိမ်းပြီးကတည်းက ၂ နှစ်ကြာ  လေ့ကျင့်နေကြတာ ဖြစ်ပါတယ်။ ဒါ့အပြင် ပြည်တွင်းက ၀ါရင့်နည်းပြ ၃ ယောက်ရဲ့ ပံ့ပိုးမှုကောင်းတွေ ရှိလို့ ကစားသမား အားလုံးကတော့ အနိုင်ယူဖို့ ယုံကြည်မှုအပြည့် ရှိနေကြပါတယ်။ ရိုးရာလှေလှော်ကစားသမား မျိုးဆက်သစ်တွေ ပေါ်ထွက်လာဖို့ ဘယ်လို မွေးမြူသင့်တယ်ဆိုတာကို တိုင်းပြည်ဂုဏ်ဆောင် ရွှေတံဆိပ် ၇ ခုနဲ့ ငွေတံဆိပ်အမြောက်အမြား ရယူပေးခဲ့တဲ့ ဦးအောင်ကျော်မိုးက အခုလို ပြောပါတယ်။ “လက်ရွေးစင်မှာ အောင်မြင်မှုရှိခဲ့တဲ့ အားကစားသမားတွေကို ထိုက်ထိုက်တန်တန် ဂုဏ်ပြုမှသာလျှင် ဒီအကျိုးအမြတ်ကို မျှော်ပြီးတော့ ကျန်တဲ့ သူတွေလည်း ကြိုးစားချင်စိတ် ဖြစ်လာမှာပါ။ ကျနော်ဆိုရင် စီးပွားရေးတွေကို ပစ်ထားပြီး အောင်မြင်ဖို့အတွက်ကို နည်းပြတွေရဲ့ ညွှန်ကြားချက်အတိုင်း တသွေမသိမ်း လိုက်နာပြီး ကြိုးစားနေပါတယ်။” ရိုးရာလှေလှော်အသင်းဟာ အရှေ့တောင်အာရှမှာ တင်မကပဲ အာရှမှာပါ ပထမ ဆုတွေ ရရှိထားတဲ့ အင်ဒိုနီးရှားအပါအ၀င် ထိုင်းနိုင်ငံနဲ့ စင်ကာပူနိုင်ငံတွေကို အဓိကထား ယှဉ်ပြိုင်ကြရမှာ ဖြစ်ပါတယ်။ ပုံမှန်လေ့ကျင့်နေကြ ရန်ကုန် အင်းလျားကန်ကနေ လက်ရှိ လှေလှော်ပြိုင်ပွဲ ကျင်းပမယ့် ငလိုက်ဆည်မှာ ၂ လတိုင်အောင် လေ့ကျင့်ခဲ့ရတာဖြစ်လို့ ရေလေတွေနဲ့က အသားကျနေပြီး ပြိုင်ပွဲဝင်ဖို့ အသင့်ဖြစ်နေကြပါပြီလို့ ကစားသမားတွေက ပြောပါတယ်။ လှေလှော် လေ့ကျင့်ပြီး အပေါ့စားလေ့ကျင့်ခန်းတွေ လုပ်နေတဲ့ ရိုးရာလှေလှော် ကစားသမားတဦးဖြစ်သူ မေသင်းသင်းအောင်က “စိတ်ဓာတ်လည်း အရေးကြီးပါတယ်။ ကြံ့ခိုင်မှုလည်း အရေးကြီးပါတယ်။ အသင်းလိုက်ညီဖို့လည်း အရေးကြီးပါတယ်။ ဘာလို့လည်းဆိုတော့ အသင်းလိုက် အများနဲ့ လုပ်ရတဲ့အတွက် အများရဲ့ စိတ်ဓာတ် အကုန်လုံး ညီဖို့ အရေးကြီးပါတယ်။ အဲဒါမှသာ အောင်မြင်မှု ရမှာပါ။ ကိုယ့်နိုင်ငံမှာ ပြိုင်ရမှာ ဖြစ်တဲ့အတွက် အင်ဒိုနီးရှား ဆီးဂိမ်းထက် ရွှေမနည်းအောင် ကြိုးစားပါ့မယ်” လို့ ပြောပါတယ်။ မြန်မာ့ရိုးရာ လှေလှော်အသင်းဟာ ပြီးခဲ့တဲ့ ၂၆ ကြိမ်မြောက် အင်ဒိုနီးရှားဆီးဂိမ်းမှာ ပြိုင်ပွဲ ၁၀ ပွဲ ၀င်ပြိုင်ခဲ့ပြီး ရွှေတံဆိပ် ၉ ခုနဲ့ ငွေတံဆိပ် ၁ ဆု ရယူပေးခဲ့ပါတယ်။ ဘယ်ကစားနည်းတွေပဲ ဖြစ်ဖြစ် ခု ယှဉ်ပြိုင်မယ့်မျိုးဆက်ဟာ အလားအလာ ကောင်းတယ် ဆိုပေမယ့် နောက်မျိုးဆက်တွေလဲ ပြတ်မသွားဖို့ လိုအပ်တဲ့အကြောင်းကို မြန်မာ့ရိုးရာလှေလှော် အသင်းရဲ့ နည်းပြချုပ် ဦးဝင်းဖေက ခုလိုပြောပါတယ်။ “အများကြီး ဆက်တိုက် ဆက်တိုက်လေးဖြစ်စေချင်ပါတယ်။ ဘယ်အားကစားနည်းမဆို မျိုးဆက်ပြတ်သွားရင် ဘာမှ လုပ်လို့မရပါဘူး။ အခြား အာဆီယံ နိုင်ငံတွေမှာလည်း အခုဆီးဂိမ်းလာတယ်ဆိုရင် နောက်နှစ် စင်ကာပူ ဆီးဂိမ်းအတွက်ကို လူကို အပိုခေါ်လာတယ်။”

More News
Up