စစ်ကိုင်းတိုင်း ကလေးမြို့မှာ ဇွန် ၂၇ ရက် မနက်ပိုင်းက ကိုဗစ်-၁၉ လူနာ ၃ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
“ဒီနေ့မနက်ပိုင်းမှာ ၃ ဦးသေဆုံးတယ်၊ ကျနော်တို့ ကိုဗစ်စင်တာမှာ ၁ ဦး၊ သေဆုံးတယ်။ အပြင်မှာ ၂ ဦးသေဆုံးသွားတယ်” လို့ ပရဟိတလုပ်ကိုင်သူတစ်ဦးက ပြောပါတယ်။
ဒေသခံတစ်ဦးက “ကျနော်တို့ ကလေးမြို့က အခုဆို ကိုဗစ်ကူးစက်နှုန်း မြင့်တက်နေတယ်။ တချို့က ဆေးရုံတွေ မလာဘူး။ အိမ်မှာ ကုသနေတယ်။ အဲဒီလိုလူတွေကျ ဆေးရုံစာရင်းတွေ မထည့်ဘူး။ အခုဆို သေဆုံးတာများတဲ့အတွက် ကလေးမြို့က စိုးရိမ်စရာဖြစ်လာနေတယ်” လို့ ပြောပါတယ်။
ကလေးမြို့ ပြည်သူ့ဆေးရုံစာရင်းတွေအရ ကိုဗစ်ကြောင့် သေဆုံး ၃၃ ဦးရှိပြီး ဆေးရုံ လာမပြဘဲ အပြင်မှာ ကိုဗစ်ကြောင့် သေဆုံးသူက ၅၀ လောက်ရှိတယ်လို့ သိရပါတယ်။