ရှမ်းပြည်ပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ် နောင်ပိန်ကျေးရွာမှာ ဇွန် ၂၆ ရက်နေ့ မနက် ၇ နာရီကျော်လောက်က ပစ်ခတ်မှုဖြစ်ပွားပြီး ၁ ဦးသေဆုံးသွားကြောင်း ဒေသခံတွေဆီက သိရပါတယ်။
နောင်ပိန်ကျေးရွာ စျေးတောင်ဘက်ပေါက်မှာ နမ့်ဝကျေးရွာနေ အမျိုးသားတစ်ဦး အပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ အမည်မဖော်လိုသူ ဒေသခံ မျက်မြင်တစ်ဦးက ပြောပါတယ်။
“မနက် ၇ နာရီခွဲလောက်မှာ နောင်ပိန်ဈေးတောင်ဘက် ထွက်ပေါက်နား နမ့်ဝရွာက လူတဦးကို ဆိုင်ကယ်စီးလာတဲ့သူက လက်နက်ငယ်နဲ့ ၃ ချက် လာပစ်သွားတယ်။ ပွဲချင်းပြီး သေဆုံးသွားတယ်” လို့ ပြောပါတယ်။
သေဆုံးသူရဲ့ အလောင်းကိုတော့ အခင်းဖြစ်ပွားရာ နေရာကနေ ကျောက်မဲ ပြည်သူ့ဆေးရုံ OPD မှတဆင့် မော်ကျူရီကို နောင်ပိန် ကမ်းလင့်လက်များလူမှုကူညီရေးအသင်းမှ ကူညီ ပို့ဆောင်ပေးခဲ့ကြောင်း သိရပါတယ်။
ရှမ်းပြည်နယ် မြောက်ပိုင်းမှာ ဒီရက်ပိုင်းအတွင်း နေ့စဉ်လိုလို ပစ်သတ်ခံရမှုတွေ ရှိနေပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့ မြန်မာရပ်က ကိုအောင်မင်းသူရဲ့ နာရေးအိမ်မှာ ဇွန်လ ၂၅ ရက်ညနေ ၆ နာရီခွဲကျာ်လောက် အသက် ၄၃ နှစ်ရှိ ဇာဇာအောင်ဆိုသူ အား မည်သူမည်ဝါမှန်း မသိပဲ နောက်ကနေ ဦးခေါင်းကို တေ့ပြီး သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတာလည်း ဖြစ်ပါတယ်။
သီပေါမြို့၊ မြန်မာရပ်၊ ရပ်ကွက်ရုံးအနီးက လက်ဖက်ရည်ဆိုင်ရှေ့မှာ ဇွန် ၂၃ ရက်ည ည ၉ နာရီခွဲလောက်က ဆိုင်ကယ်စီး ဖြတ်သန်းလာတဲ့ ကိုအောင်မင်းဆိုသူ အမျိုးသားတစ်ဦးကို စစ်ကောင်စီရဲ့ စစ်သားတွေက သေနတ်နဲ့ လိုက်လံပစ်ခတ်ရာ ဦးခေါင်းထိမှန် သေဆုံးမှုလည်း ဖြစ်ပွားခဲ့ပါသေးတယ်။