ထားဝယ်စီးပွားရေးဇုန်တွင် မစ်ဆူဘီရှီက ဓာတ်အားပေးစက်ရုံ တည်မည်
DVB
·
November 28, 2013
ဂျပန် မစ်ဆူဘီရှီကော်ပိုရေးရှင်းဟာ ထိုင်းအစိုးရ လျှပ်စစ်စွမ်းအား အာဏာပိုင်အဖွဲ့၊ အီတာလျံထိုင်း ကုမ္ပဏီတွေနဲ့ ပူးပေါင်းပြီး မြန်မာနိုင်ငံ ထားဝယ် အထူးစီးပွားရေးဇုန်မှာ ဒေါ်လာ ၁၀ ဘီလီယံကျော် ရင်းနှီးမြှုပ်နှံပြီး လျှပ်စစ်ဓာတ်အားပေးစက်ရုံကြီးတခု တည်ဆောက်မယ်လို့ ထိုင်းနိုင်ငံထုတ် သည်နေးရှင်းသတင်းစာမှာ ဖော်ပြပါတယ်။
၂၀၁၄ မှာစမယ့် အဲဒီ စီမံကိန်းမှာ မစ်ဆူဘီရှီက ၃၀ ရာခိုင်နှုန်း၊ ထိုင်းစွမ်းအင် အာဏာပိုင်အဖွဲ့က ၅၀ ရာခိုင်နှုန်းနဲ့ အီတာလျံထိုင်း ကုမ္ပဏီက ၂၀ ရာခိုင်နှုန်း ထည့်ဝင်ကြမှာ ဖြစ်ပါတယ်။
စက်ရုံမှာ ကျောက်မီးသွေးလောင်စာကို အဓိက အသုံးပြုမှာ ဖြစ်ပေမယ့် သဘာဝ ဓာတ်ငွေ့ကိုလည်း ၂၀ ကနေ ၃၀ ရာခိုင်နှုန်း အသုံးပြုမှာ ဖြစ်ပါတယ်။
ဒီ လျှပ်စစ်ဓာတ်အားပေးစက်ရုံ ပြီးသွားရင် ဓာတ်အား ကီလိုဝပ် ၇ သန်း ထွက်လာမှာ ဖြစ်ပြီး ၃ သန်းကို ထားဝယ်အထူးစီးပွားရေးဇုန်မှာ အသုံးပြုပြီး ကျန်တာ ထိုင်းကို တင်ပို့မယ်လို့ ဖော်ပြထားပါတယ်။