Home
မြန်မာသတင်း
ကိုဗစ်ပိုးတွေ့လူနာများရှိသော်လည်း စိုးရိမ်စရာမလိုဟု ရခိုင်ပြည်နယ်ကျန်းမာရေးဌာနပြော
DVB
·
June 24, 2021

ရခိုင်ပြည်နယ်မှာ ကိုဗစ်-၁၉ ပိုးတွေ့လူနာတွေဟာ ကျန်းမာရေးကောင်းမွန်ပြီး စိုးရိမ်ရတဲ့ အနေအထား မရှိသလို သက်ဆိုင်ရာဆေးရုံတွေမှာ ဆေးကုသမှုခံယူနေတယ်လို့ ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ စိုးဝင်းပိုင်က ပြောပါတယ်။

ကိုဗစ်ပိုးတွေ့လူနာအများစုဟာ နယ်စပ်ကုန်သွယ်ရေးလုပ်ကိုင်နေသူတွေနဲ့ နယ်စပ်ကနေ ခိုးဝင်လာသူတွေဖြစ်တယ်လို့လည်း ပြောပါတယ်။

“ရခိုင်ပြည်နယ်မှာ နယ်စပ်ကုန်သွယ်ရေးရယ်၊ နယ်စပ်ဖြတ်ကျော်ဝင်လာတဲ့ မောင်တောမှာဆိုရင် ခိုးဝင်လာတဲ့လူတွေလည်းပါတယ်။ သူတို့ကို စစ်တာမှာ တွေ့တာ၊ သူတို့ရဲ့ ကျန်းမာရေးက ကောင်းပါတယ်။  လူနာ ၅၃ ဦးထဲမှာ နယ်စပ်ကုန်သွယ်ရေးလုပ်ပြီး ပြန်လာတဲ့လူတွေကို ကွာရန်တင်းထားပြီး တွေ့တာကအများပေါ့။ ရောဂါလက္ခဏာပြတဲ့ စစ်တွေမှာ တစ်ယောက်၊ မောင်တောကလည်း ကောင်းပါတယ်။ ထောက်ပံ့မှုတွေပေးနေတယ်၊ စိုးရိမ်ရတဲ့အနေအထားမှာ မရှိပါဘူး”လို့ ဒေါက်တာ စိုးဝင်းပိုင်က ပြောပါတယ်။

ကိုဗစ်-၁၉ ရောဂါဟာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနစ်က စတင်ကာ တစ်ကမ္ဘာလုံးကြုံတွေ့ခံစား နေရတာဖြစ်ကာ ရခိုင်မှာလည်း ကြုံတွေ့ခံစားဖူးပြီဖြစ်တာကြောင့် ပြည်သူတွေအနေနဲ့ ပေါ့ပေါ့ဆဆ မနေဘဲ မိမိကအစ ကူးစက်မခံရအောင် နေထိုင်ဖို့ လိုအပ်တယ်လို့လည်း ဒေါက်တာ စိုးဝင်းပိုင်က ပြောပါတယ်။

“ကိုဗစ်နဲ့ယှဉ်တွဲ နေထိုင်ဖို့နဲ့ နောက်ထပ်ရောဂါ မကူးအောင်ဆိုရင် New Normal Life ဆိုတဲ့ မလိုအပ်ဘဲ အိမ်ပြင်မထွက်ဖို့၊ လူစုလူဝေးမလုပ်ဖို့၊ နောက်အိမ်ပြင်ထွက်ရင် Mask တပ်ဖို့၊ လက်ကိုခဏခဏဆေးဖို့၊ နှာချေချောင်းဆိုရင် အုပ်ပြီးဆိုးဖို့ပေါ့။ ဒါတွေက အမြဲတမ်းလိုက်နာ ဆောင်ရွက်ဖို့လိုတယ်။ ကာကွယ်ဆေးထိုးထားပြီးပြီဆိုရင်လည်း အမှုမဲ့ အမှတ်မဲ့ နေလို့မရဘူး။ ရောဂါကာကွယ်ဖို့ ခုနကပြောတဲ့ဟာတွေကို စနစ်တကျလိုက်နာနေထိုင်မှပဲ မိမိနဲ့ မိမိ ပတ်ဝန်းကျင်ကို ကာကွယ်ရာရောက်မှာပေါ”။

ရခိုင်မှာ ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၈၀ ကျော်ထိရှိကာ ဆေးရုံကဆင်းခွင့်ရသူ ၂၇ ထိရှိပြီဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024