DVB Logo
Home
မြန်မာသတင်း
7-Eleven နှင့် ကိုဗစ်ဆေးရုံထဲ ဝင်ပစ်ခတ်ခဲ့သည့် သေနတ်သမား လက်နက်ချအဖမ်းခံ
DVB
·
June 24, 2021
7-Eleven နှင့် ကိုဗစ်ဆေးရုံထဲ ဝင်ပစ်ခတ်ခဲ့သည့် သေနတ်သမား လက်နက်ချအဖမ်းခံ
Donate to DVB

ထိုင်းနိုင်ငံ၊ ဘန်ကောက်နဲ့ ပထုန်ဌာနီခရိုင်မှာ ဇွန်လ ၂၄ ရက် ဒီနေ့မနက်က  7-Eleven   ကုန်စုံဆိုင်နဲ့ ကိုဗစ်-၁၉ ယာယီဆေးရုံထဲ ဝင်ရောက်ပစ်ခတ်ခဲ့တဲ့ ထိုင်းစစ်သားဟောင်း သေနတ်သမားဟာ ဒီကနေ့မွန်းလွဲပိုင်းက လက်နက်ချအဖမ်းခံလိုက်ပြီလို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။ 

အသက် ၂၃ နှစ်ရွယ်ရှိ နိုင်းကဝင်းဆိုင်နင်းကွန်းဆိုတဲ့သေနတ်သမားဟာ ထိုင်းတောင်ပိုင်း ရနောင်းမြို့နယ်ရှိ သူ့ရဲ့အဘွားအိမ်မှာ သွားရောက်ပုန်းခိုခဲ့ပြီး ရဲနဲ့စစ်တပ်က သွားရောက်ဖမ်းဆီးရာမှာ သူက အသက် ၉၀ ကျော်ရှိ လူမမာအဘွားဖြစ်သူကို ဓားစာခံ လုပ်ထားလို့ ဒီကနေ့တမနက်လုံး ချော့တခါ ချောက်တလှည့်နဲ့ သတိထားစောင့်ဆိုင်း နေခဲ့ ကြပါတယ်။ 

အဲဒီနောက် သူကထွက်ပြေးဖို့ကြိုးစားပေမယ့် မအောင်မြင်တော့ လက်နက်ချအဖမ်းခံခဲ့တယ်လို့ ဆိုပါတယ်။ တာဝန်ရှိသူတွေက သူ့ဆီက ပစ္စတိုနှစ်လက်နဲ့ ကျည်ဆန်တချို့ကိုပါ ဖမ်းမိခဲ့ပါတယ်။ 

နိုင်းကဝင်းဟာ ပစ်ခတ်မှုမကျူးလွန်ခင်  မနေ့က ဘန်ကောက်မှာ ဖခင်ဖြစ်သူနဲ့ အကြီးအကျယ်စကားများခဲ့ကြောင်း၊ ဒါကြောင့်အိမ်ပေါ်ကဆင်းပြီး ဟိုတယ်တစ်ခုမှာသွား အိပ်ခဲ့ ကြောင်း ၊ အဆိုပါဟိုတယ်မှာ သူငယ်ချင်းတယောက်နဲ့အတူ ဘီယာသောက်ခဲ့တယ်လို့ ဆိုပါတယ်။ 

ဘီယာကုန်တော့ သူက လတ်ဖရောက်လမ်းမှာရှိတဲ့ 7-Eleven ကုန်စုံဆိုင်မှာ ဘီယာထွက်ဝယ်စဉ် ဘီယာ ၁ ပုလင်းကျကွဲသွားလို့ ဆိုင်ဝန်ထမ်းကအလျော်ပေးဖို့ ပြောခဲ့ကြောင်း၊ သူက လျော်မပေးဘဲ ဆိုင်ထဲကထွက်သွားပြီး ဒုတိယအကြိမ်ပြန်ဝင်လာကာ အသက် ၃၀ ကျော်ရွယ် ဆိုင်ဝန်ထမ်းကို ပစ်သတ်ခဲ့ပါတယ်။

အဲဒီနောက် ဘန်ကောက်နဲ့ကပ်လျက် ပထုန်ဌာနီခရိုင် ကိုဗစ်-၁၉ ကုသရေး ယာယီဆေးရုံထဲကိုဝင်ပစ်တာမှာ အိမ်သာထဲကထွက်လာတဲ့ အသက် ၅၀ ကျော် လူနာတ ယောက်ကိုပါ ပစ်ခတ်လို့ အဆိုပါလူနာလည်း ပွဲချင်းပြီးသေဆုံးခဲ့ပါတယ်။ ထိုင်းတောင်ပိုင်း အသွားလမ်းဘေးက ဓာတ်ဆီဆိုင်တစ်ဆိုင်မှာလည်း ပစ်ခတ်ခဲ့ပေမယ့် ကံအားလျော်စွာ ထိခိုက်ဒဏ်ရာရသူ မရှိခဲ့ပါဘူး။ 

နိုင်းကဝင်းဟာ ထိုင်းစစ်တပ်ပြောက်ကျားအင်္ကျီနဲ့ ဦးထုပ်ဆောင်းထားပေမယ့် သူဟာ လွန်ခဲ့တဲ့ ၂ နှစ်က စစ်တပ်ကနေထွက်သွားတဲ့ ရဲဘော်ဟောင်းတယောက်သာဖြစ်တယ်လို့ ဆိုပါတယ်။ 

ထိုင်းနိုင်ငံမှာ လွန်ခဲ့တဲ့ နှစ်နှစ်ကျော်ကလည်း စစ်သားတစ်ယောက် သူ့အထက်အရာရှိကို မကျေ နပ်လို့ ပေါက်ကွဲပြီး တပ်တွင်းနဲ့ ကုန်တိုက်ထဲကတွေ့ကရာလူတွေ ပစ်သတ်ခဲ့လို့ လူပေါင်း အနည်း ဆုံး ၂၉ ဦးသေဆုံးပြီး ၅၇  ဦးဒဏ်ရာရခဲ့ပါတယ်။ 

ကိုးကား - ထိုင်းရတ် 

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013
7-Eleven နှင့် ကိုဗစ်ဆေးရုံထဲ ဝင်ပစ်ခတ်ခဲ့သည့် သေနတ်သမား လက်နက်ချအဖမ်းခံ