DVB Logo
Home
မြန်မာသတင်း
အမျိုးသားပညာရည် မြင့်မားရေးကြိုးပမ်းကြဖို့ သမ္မတဦးသိန်းစိန် တိုက်တွန်း
DVB
·
November 27, 2013
အမျိုးသားပညာရည် မြင့်မားရေးကြိုးပမ်းကြဖို့ သမ္မတဦးသိန်းစိန် တိုက်တွန်း
Donate to DVB

အမျိုးသားပညာရည်မြင့်မားရေးအတွက် စည်းလုံးညီညွတ်မှုအင်အားဖြင့်  ကြိုးပမ်း ဆောင်ရွက်သွားကြဖို့ ဒီကနေ့ နိုဝင်ဘာလ ၂၇ ရက်နေ့မှာ  ကျရောက်တဲ့ ၉၃ နှစ်မြောက် အမျိုးသားနေ့မှာ မြန်မာသမ္မတ ဦးသိန်းစိန်က တိုက်တွန်းပြောကြားလိုက်ပါတယ်။

[caption id="attachment_47164" align="alignleft" width="300"]Photo by Aye Ma Ma Myo Facebook Photo by Aye Mya Mya Myo Facebook[/caption]

သမ္မတ ဦးသိန်းစိန်က  အမျိုးသားနေ့ အထိမ်းအမှတ် အခမ်းအနားကိုပေးပို့တဲ့ သ၀ဏ်လွှာမှာ ခုလို တိုက်တွန်းလိုက်တာဖြစ်ပါတယ်။

ဒီသ၀ဏ်လွှာမှာ တိုင်းပြည်ရဲ့ အမျိုးသား ပညာရည်မြင့်မားရေးအတွက် လက်တွေ့ ကျတဲ့ ပညာရေး ပြုပြင်ပြောင်းလဲအတွက် ပညာရေး မြှင့်တင်မှု အကောင်အထည်ဖော်ရေး ကော်မတီနဲ့ လုပ်ငန်း အဖွဲ့ ၁၈ ဖွဲ့ကို ဖွဲစည်းပြီး ရေရှည် ဆောင်ရွက်မယ့် လုပ်ငန်းတွေကို စီမံချက်တွေ ရေးဆွဲဆောင်ရွက်နေတယ်လို့လည်း ဖော်ပြထားပါတယ်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အန်အယ်လ်ဒီပါတီ ကတော့  ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေးကို အမျိုးသားရေး တာဝန်တရပ်အနေနဲ့ ပြည်သူလူထုတစ်ရပ်လုံးပါဝင် ဆောင်ရွက်ဖို့ တိုက်တွန်းထားတဲ့ အချက် ၄ ချက်ပါ အမျိုးသားနေ့ ကြေညာစာတန်းကို ထုတ်ပြန်ခဲ့ပါတယ်။

ရန်ကုန်မြို့ ရွှေဂုန်တိုင်လမ်းမှာရှိတဲ့ ပါတီဌာနချုပ်မှာလည်း ယနေ့ခေတ်လူငယ်တွေ အမျိုးသားရေးစိတ်ဓာတ်မြင့် မားလာပြီးမြန်မာနိုင်ငံရဲ့ နိုင်ငံရေးသမိုင်းတွေမှာ တက်တက်ကြွကြွ ပါဝင်လာအောင် ရည်ရွယ်တဲ့ အမျိုးသားအောင်ပွဲနေ့ အခမ်းအနားတခု ကျင်းပသွားပါတယ်။

အခုနှစ် ကျင်းပတဲ့ အမျိုးသားအောင်ပွဲနေ့ ရည်ရွယ်ချက်နဲ့ ပတ်သက်ပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ နာယက ဦးတင်ဦးကအခုလိုပြောပါတယ်။

“၁၉၂၀ ခုနှစ်က စပြီးတော့ တက္ကသိုလ်ရဲ့ ကျွန်ပညာရေးကို တိုက်ဖျက်တဲ့အနေနဲ့ အဲဒီတုန်းက တက္ကသိုလ်ကျောင်းသားကြီးများက ဦးဆောင်ပြီးတော့ သခင်ပညာရေး ရအောင် တိုက်သွားမယ်ဆိုတဲ့ အောင်မြင်ခြင်းရလဒ်ရဲ့ အထိမ်းအမှတ် ၉၃ ကြိမ်မြောက် ဖြစ်တာကို ၀မ်းမြောက်ဝမ်းသာအနေနဲ့ အမျိုးသားအောင်ပွဲနေ့ အစဉ်အလာမပျက် ဆက်လက်ပြီး အထူးသဖြင့် နောင်လာနောင်သားတွေနဲ့ ပတ်သက်တာအားလုံးပေါ့။ အထူးသဖြင့် အဖွဲ့ချုပ်မှာ အဖွဲ့ဝင်ပါကြတဲ့ ပုဂ္ဂိုလ်တွေ အားလုံးအနေနဲ့ ပိုပြီးတော့ တက်တက်ကြွကြွလှုပ်ရှားရအောင်၊ ဖက်စစ်ဝါဒ ယောင်ယောင် ဆန်တဲ့ ၀ါဒမျိုးတွေလည်း ဘယ်တော့မှ ဒီနိုင်ငံမှာ ပြန်ပြီးမဖြစ်ရအောင် ကျင်းပတာပေါ့။”

အန်အယ်လ်ဒီ ဌာနချုပ်မှာ ကျင်းပတဲ့ အခမ်းအနားမှာ ယနေ့ခေတ်လူငယ်တွေ အမျိုးသာရေး စိတ်ဓာတ်မြင့်မားလာအောင်ရည်ရွယ်ပြီး  စာပေဟောပြောပွဲတခုလည်း ကျင်းပ သွားရာမှာ စာရေး ဆရာမနုနုရည်(အင်းဝ)၊ ကာတွန်းဆရာ အော်ပီကျယ်၊ ကိုလေး(အင်းဝဂုဏ်ရည်)တို့ ပါဝင် ဟောပြောသွားခဲ့ကြပါတယ်။

၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းကတော့  ဒီမိုကရေစီစနစ်ကိုသွားဖို့ ပညာရေး အခြေခံကောင်းကောင်းရှိဖို့ လိုတဲ့အကြောင်း အမျိုးသားနေ့ အထိမ်းအမှတ် သ၀ဏ်လွှာမှာ ဖော်ပြထားပါတယ်။


၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုကိုကြီးက သူတို့ထုတ်ပြန်တဲ့ သ၀ဏ်လွှာအကြောင်းကို အခုလိုပြောပြသွားတာပါ။
“ကျနော်တို့ ဖြတ်သန်းရမယ့် စိန်ခေါ်မှုတွေက အများကြီးရှိတယ်။ ဥပမာ - အရပ်ဖက် စစ်ဖက် ဆက်ဆံရေး၊ လက်ရှိ ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ အခက်အခဲ၊ တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေးရရှိရေး၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး အစရှိသဖြင့် စိန်ခေါ်ရမယ့် အခက်အခဲ အများကြီး ရှိတဲ့ အထဲမှာ တဖက်ကလည်း ဒီမိုကရေစီကို သွားဖို့ဆိုရင် ပညာရေးအခြေခံ ကောင်းကောင်းရှိဖို့လိုတယ်။ ကျောင်းသားထုက နိုင်ငံရေး လှုပ်ရှားမှုမှာ တောက်လျှောက်တက်တက်ကြွကြွ ပါခဲ့တဲ့ တချိန်ထဲမှာ ဒီနေ့ ဒီအချိန်အခါမှာတော့ အမျိုးသား ပညာရေး အဆင့်မြှင့်တင်ဖို့ ကိစ္စကိုလည်း အားလုံးကနေပြီးတော့ အမျိုးသားရေး တာဝန်တရပ်အဖြစ် ၀ိုင်းဝန်းကြိုးပမ်းကြဖို့ သ၀ဏ်လွှာမှာ နိုးဆော်ထားပါတယ်။”

၁၉၂၀ ပြည့်နှစ်က   ဗြိတိသျကိုလိုနီနယ်ချဲ့ရဲ့ ကျွန်ပညာရေး စနစ်ကို  ရန်ကုန်တက္ကသိုလ် ကျောင်းသားတွေက ဆန့်ကျင်ကန့်ကွက်ခဲ့ကြတဲ့ တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်နေ့ ရောက်တိုင်း မြန်မာနိုင်ငံမှာ အမျိုးသားအောင်ပွဲနေ့ကို နှစ်စဉ်ကျင်းပလေ့ရှိတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013