
မြန်မာ- တရုတ်နှစ်နိုင်ငံနယ်စပ်၊ ကချင်ပြည်နယ်၊ မန်စီမြို့နယ်၊ မန့်ဝိန်းကြီးကျေးရွာအုပ်စုနဲ့ တရုတ်နိုင်ငံ၊ ရွှေလီမြို့တို့ ပိုင်းခြားတဲ့နယ်နိမိတ်ကို တရုတ်ဘက်က ခြံစည်းရိုးခတ်ရာမှာ မြန်မာဘက်ခြမ်းက မြေယာတွေ ပါဝင်နေတာကြောင့် ဒေသခံတွေ ကန့်ကွက်နေကြပါတယ်။
နှစ်နိုင်ငံနယ်နိမိတ်ပိုင်ဆိုင်မှုနဲ့ ပတ်သက်ပြီး တရုတ်ဘက်က လက်ရှိ ခြံစည်းရိုးကာရံနေတာကတော့ နယ်ခြားမှတ်တိုင် ၅၃/၁ ၊ ၅၃/၂ ၊ ၅၃/၃ ၊ ၅၃/ ၄ စတဲ့ နေရာ လေး နေရာမှာ ဖြစ်ပါတယ်။
တရုတ်နိုင်ငံဘက်က နယ်နိမိတ်ခြံစည်းရိုးကာရံတိုင်း နှစ်နိုင်ငံနယ်စပ်မှာ အခြေချနေထိုင်တဲ့ မြန်မာဌာနေတိုင်းရင်းသားတွေရဲ့ ပိုင်ဆိုင်တဲ့ မြေယာတွေ တရုတ်ပိုင်နက်ထဲ ပါ၀င်သွားတာကြောင့် အမြဲကန့်ကွက်နေကြတာပါ။
ပြီးခဲ့တဲ့ ၅ နှစ်တာ ကာလအတွင်း တရုတ်နိုင်ငံဘက်က နယ်နိမိတ်ခြံစည်းရိုးခတ်တာကို ကန့်ကွက်မှုပေါင်း ၁၀ ခု ထက်မနည်းရှိခဲ့ပါတယ်။
နိုင်ငံပိုင်နက်အငြင်ပွားမှုဖြစ်ပွားလေ့ရှိတဲ့ အဓိကမြို့နယ်တွေကတော့ ကိုးကန့်ဒေသ၊ လောက်ကိုင်မြို့နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ မူဆယ်မြို့နယ်၊ နမ့်ခမ်းမြို့နယ်နဲ့ ကချင်ပြည်နယ်၊ မန်စီမြို့နယ်တို့ဖြစ်ပါတယ်။
မြန်မာ- တရုတ်နှစ်နိုင်ငံ ပိုင်နက်အငြင်းပွားမှုနဲ့ ပတ်သက်ပြီး သတင်းမီဒီယာတွေနဲ့ ဒေသခံပြည်သူတွေက အကြိမ်ကြိမ် တင်ပြဖော်ပြမေးမြန်းခဲ့ပေမယ့် သက်ဆိုင်ရာ တာဝန်ရှိသူတွေက ထိထိရောက်ရောက်ဖြေရှင်းပေးနိုင်တာ မရှိခဲ့ဘူးလို့ ဌာနေတိုင်းရင်းသားတွေက ပြောပါတယ်။