Home
မြန်မာသတင်း
ယဉ်ကျေးမှုဇုန်နယ်မြေတွေမှာ အဆောက်အဦဆောက်ရင် အရေးယူမည်
ရွှေအောင်
·
November 27, 2013
ယဉ်ကျေးမှုဝန်ကြီးဌာနက   မြန်မာတနိုင်ငံလုံးမှာရှိတဲ့  ယဉ်ကျေးမှု ဇုန်နယ်မြေ ၄၆ ခုစာရင်းကို ထုတ်ပြန်လိုက်ပြီး  ဒီနယ်မြေဇုန်တွေအတွင်းမှာ အဆောက်အဦတွေ ခွင့်ပြုချက်မရှိဘဲ ဆောက်လုပ်ရင် ဥပဒေအရအရေးယူခံရမယ်လို့  နိုင်ငံပိုင်သတင်းစာတွေကနေ သတိပေးလိုက်ပါ တယ်။ [caption id="attachment_47157" align="alignleft" width="300"]ပုဂံရှေးဟောင်း စေတီပုထိုးများ ပုဂံရှေးဟောင်း စေတီပုထိုးများ[/caption] ယဉ်ကျေးမှုဇုန်နယ်မြေ ၄၆ ခုအတွင်း လူနေအိမ်ခြေ အဆောက်အဦများဆောက်လုပ်ခြင်း၊ ခြံစည်းရိုးကာခြင်း၊ ဟိုတယ်ဆောက်ခြင်း၊ လမ်းဖောက်ခြင်း၊ မြေကွက်သစ်များ ဖော်ထုတ်ခြင်းတို့ မလုပ်ကြဖို့၊ ဆောက်လုပ်မယ်ဆိုရင် ယဉ်ကျေးမှုဝန်ကြီးဌာနကို ကြိုတင်ခွင့်ပြုချက် တောင်းခံပြီးမှ ဆောက်လုပ်ဖို့၊ ခွင့်ပြုချက် မရှိဘဲ ဆောက်လုပ်ရင် ဥပဒေအရအရေးယူခံရမယ်လို့ ယဉ်ကျေးမှု ၀န်ကြီးဌာနက ဒီကနေ့ထုတ်  နိုင်ငံပိုင်သတင်းစာမှာ ထည့်သွင်းဖော်ပြလာတာပါ။ ရှေးဟောင်းသုတေသနနဲ့ ယဉ်ကျေးမှုပြတိုက်ဦးစီးဌာနက  ညွှန်ကြားရေးမှူး ဦးဇော်ဇော်ထွန်းကို  ယဉ်ကျေးမှုဇုန်နယ်မြေတွေ  ၁၉၉၉ ခုနှစ်လောက်ကတည်းက စတင်သတ်မှတ်ခဲ့တာဖြစ်ပြီး အခုမှ ဘာလို့ အခုလို ကြေညာချက်ထည့်သွင်းဖော်ပြရတာလဲလို့ မေးကြည့်တော့ သူက “စီးပွားရေးသမားတွေရဲ့ ဂွင်ထဲကို ၀င်ဝင်သွားတာပေါ့။ ဈေးပေးတယ်၊ ကျနော်တို့ရဲ့ ဇုန်နယ်မြေဧရိယာတွေမှာ မသိနားမလည်ပဲ ၀ယ်မိတယ်၊ စုဖြစ်တယ်။ ကျနော်တို့ သိလို့ ကန့်ကွက်တဲ့အခါကြရင် သူတို့မှာ နစ်နာမှုတွေဖြစ်နိုင်တဲ့အတွက်ကြောင့် ကျနော်တို့က ကြေညာချက်ထုတ်ရတာပါ။” လို့ ပြောပါတယ်။ အမျိုးသား ယဉ်ကျေးမှု အမွေအနှစ်တွေကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ဖို့ ရည်ရွယ်ပြီး ယဉ်ကျေးမှု ၀န်ကြီးဌာနက  ဇုန်နယ်မြေတွေသတ်မှတ်ထားတာဖြစ်ပြီး ခုအခါမှာ ယဉ်ကျေးမှုဇုန် နယ်မြေတွေအတွင်း  အဆောက်ဦတွေ ဆောက်လုပ်ဖို့  မြေအရောင်းအ၀ယ်လုပ်နေကြတဲ့ အတွက်   နစ်နာကြရတဲ့ ပြည်သူတွေ သိစေဖို့ ထုတ်ပြန်လိုက်တာလို့လည်း ဆိုပါတယ်။ ပုဂံရှေးဟောင်းယဉ်ကျေးမှု ထိန်းသိမ်းရေးနဲ့ ဖွံ့ဖြိုးစောင့်ရှောက်ရေးအဖွဲ့ ခေါင်းဆောင် ဦးမင်းနိုင်က တော့ ပုဂံယဉ်ကျေးမှုဇုန်နယ်မြေထဲပါတဲ့ ၀က်ကြီးအင်းဒေသ၊ ရပ်ကွက်အမှတ် ၇ မှာ ဟိုတယ်တွေ တိုးချဲ့ဆောက်လုပ်နေပေမယ့် သက်ဆိုင်ရာက လက်ပိုက်ကြည့်နေတယ်လို့ ပြောပါတယ်။ “ရှေးဟောင်း ယဉ်ကျေးမှု ဇုန်ထဲမှာပါတဲ့ ပုဂံယဉ်ကျေးမှုဇုန်နယ်မြေထဲပါတဲ့ ၀က်ကြီးအင်းဒေသ၊ ရပ်ကွက်အမှတ် ၇ ဆိုရင် ၂၉ ပေထက်မမြင့်ရဘူးလို့ တရားဝင်စာထုတ်ထားတယ်။ အခုဆောက်နေတဲ့သူတွေရှိတယ်။ သူတို့တွေကို လက်တွေ့ကျတော့ ဘာမှမပြောဘူး။ သူတို့က ထုတ်တုန်းကတော့ ဒီအမိန့်တွေ ထုတ်တယ်။ လက်ပိုက်ကြည့်နေတယ်။ သူ့တို့ လက်ပိုက်ကြည့်နေရတဲ့ အကြောင်းအရင်းရှိမယ်။” ယဉ်ကျေးမှုဝန်ကြီးဌာနက ယဉ်ကျေးမှုအမွေအနှစ်ဒေသ ၄၆ ခု သတ်မှတ်ထားတဲ့ထဲ ပုဂံ၊ မန္တလေး၊ ရန်ကုန်၊ မကွေး၊ စစ်ကိုင်း၊ ဧရာဝတီ၊ တနင်္သာရီ၊ ကရင်၊ ရခိုင်၊ ရှမ်း စတဲ့ ပြည်နယ်တိုင်းတွေက ထင်ရှားတဲ့ သာသနိက နယ်မြေတွေ အဓိက ပါဝင်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024