စစ်တပ်အာဏာသိမ်းမှုနှင့် တရိပ်ရိပ်ထိုးဆင်းလာနေသည့် မြန်မာ့စီးပွားရေး

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁  ရက်နေ့  စစ်တပ်က နိုင်ငံတော် အာဏာကို သိမ်းယူပြီးကတည်းက မြန်မာ့စီးပွားရေးဟာ အတော်လေး ကမောက်ကမ ဖြစ်လာခဲ့တယ်လို့ပြောရမှာ။

ဒီအချက် ကိုခိုင်ခိုင်မာမာ သက်သေပြနိုင်ဖို့ဆိုရင်တော့ အာဏာသိမ်းပြီး နှစ်လကျော်အကြာ အာရှဖွံ့ဖြိုးရေးဘဏ်  ADB က၂၀၂၁ ခုနှစ်အတွက် ခန့်မှန်းတွက်ချက်ထားတဲ့ ထုတ်ပြန်ချက်ကို ကိုးကားရမှာပါ။

ADB ရဲ့ ထုတ်ပြန်ချက် အရဆိုရင်တော့ ၂၀၁၉  ခုနှစ်မှာ  ၆ ဒသမ ၈ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့တဲ့ မြန်မာနိုင်ငံရဲ့ ဂျီဒီပီတိုးတက်မှုဟာ ၂၀၂၀ ခုနှစ်မှာ ကိုဗစ် -၁၉  ရောဂါကြောင့် ၃ဒသမ၃ ရာခိုင်နှုန်း ကို ကျဆင်းလာခဲ့ရာကနေ အာဏာသိမ်းလိုက်တဲ့ ၂၀၂၁ ခုနှစ်မှာတော့ အနုတ် ၉ ဒသမ ၈ ရာခိုင်နှုန်း  ဖြစ်လာမယ်ဆိုတဲ့ တွက်ချက်ဖော်ပြမှုပဲဖြစ်ပါတယ်။

ADB ရဲ့ ဖော်ပြချက်မှာဆိုရင် GDP ကျဆင်းမှု တစ်ခုတည်း မဟုတ်ဘဲ စီးပွားရေးကျဆင်းမှုနဲ့ အတူ ယှဉ်တွဲလိုက်လာမယ့် ငွေဖောင်းပွမှု ( Inflation) ကိုလည်း  ၆ ဒသမ ၂ ရာခိုင်နှုန်း အထိ ရှိလာမယ်လို့ ဖော်ပြထားပါတယ်။ အလားတူပဲ တစ်ဦးချင်းဝင်ငွေကိုတော့ ၁၀ ဒသမ ၆ ရာခိုင်နှုန်း  အထိ ကျဆင်းသွားမယ်လို့ဖော်ပြထားတာပါ။  ဒါဟာတကယ်တော့ တော်တော်လေး စိုးရိမ်စရာကောင်းတဲ့ အချက်ပါပဲ။

မြင့်တက်လာတဲ့ အလုပ်လက်မဲ့ ပြဿနာ

ကိုဗစ်-၁၉  ဖြစ်ပွားခဲ့တဲ့ တစ်နှစ်ကျော်ကာလအတွင်းမှာ အလုပ်လက်မဲ့နှုန်း သိသိသာသာကို မြင့်တက်လာပါတယ်။ စစ်တပ်က အာဏာသိမ်းပြီးနောက် စီးပွားရေးကဏ္ဍ  အားလုံး လိုလိုလုပ်ငန်းလည်ပတ်မှု နှေးကွေးသွားတာ၊ ယာယီ ရပ်ဆိုင်းသွာတာနဲ့ အပြီးပိတ်သိမ်းလိုက်တာတွေကြောင့်  ပြည်တွင်း အလုပ်လက်မဲ့ဦးရေဟာ ၂ သန်းကျော် ကနေ  ၃ သန်း နီးပါးအထိ ထပ်တိုးလာနိုင်တယ်လို့ ခန့်မှန်းကြတာပါ။

ပြီးခဲ့တဲ့၂၀၂၀ ပြည့်နှစ် ဇူလိုင်လအတွင်းက အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO)ရဲ့ ထုတ်ပြန်ချက်အရ ကိုဗစ်-၁၉  ရဲ့  စီးပွားရေးအပေါ် ရိုက်ခတ်မှုတွေကြောင့် မြန်မာနိုင်ငံမှာ အလုပ်သမား ၆ ဒသမ ၉ သန်းကနေ ၇ ဒသမ ၃ သန်းအထိ အလုပ် လက်မဲ့ဖြစ်နိုင်တယ်လို့ ခန့်မှန်းခဲ့ကြတာပါ။ ဥပမာ အာဏာသိမ်းပြီး နောက်ပိုင်း ဆောက်လုပ်ရေးလုပ်ငန်း ကဏ္ဍမှာတင် အလုပ်သမား ၅ သိန်းလောက် အလုပ်လက်မဲ့ ဖြစ်သွားသလို  ကိုဗစ်ကာလအတွင်းမှာလည်း ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းကဏ္ဍမှာ ရှိတဲ့ အလုပ်သမားပေါင်း ၆ သိန်းကျော်အထိ အလုပ်လက်မဲ့ ဖြစ်သွားခဲ့ပါတယ်။

အထူးသဖြင့် အမျိုးသမီးတွေကို အလုပ်အကိုင် အခွင့်အလမ်းအများအပြား ဖန်းတီးပေးထားတဲ့ အထည်ချုပ်နဲ့ လက်ခစား(CMP) လုပ်ငန်း ကဏ္ဍမှာ အလုပ်လက်မဲ့ဖြစ်သွားသူ ဦးရေဟာဆိုရင်အဲဒီ ကဏ္ဍမှာရှိတဲ့ ဦးရေရဲ့ ထက်ဝက်ခန့် ရှိနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။ အထည်ချုပ် (CMP) လုပ်ငန်းကဏ္ဍမှာ အလုပ်သမားပေါင်း ၆ သိန်းနီးပါး အထိရှိတာမို့  ၃ သိန်းလောက် အလုပ်လက်မယ့် ဖြစ်သွားတဲ့ သဘောပါ။ စစ်အာဏာသိမ်းတဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ကစပြီး လက်ရှိအချိန်အထိ ပြည်တွင်းအထည်ချုပ်စက်ရုံ ၁၅၀ ဝန်းကျင်အထိ ပိတ်သိမ်းခဲ့ပြီးပါပြီ။ ဒါကြောင့် စုစုပေါင်း အလုပ်လုပ်မဲ့နှုန်း ၁၀ သန်းကျော် လောက်အထိ ရှိလာနိုင်တယ်လို့  အလုပ်သမားအဖွဲ့အစည်းတွေနဲ့  လုပ်ငန်းရှင်တွေက သုံးသပ်ကြတာမျိုးဖြစ်နိုင်ပါတယ်။

မြင့်မားလာတဲ့ ကုန်ဈေးနှုန်း

အလားတူပဲ ပြည်တွင်းစက်သုံးဆီ ဈေးတွေလည်း လိုက်ပါ မြင့်တက်လာတာလည်းတွေ့ရပါတယ်။ စက်က်သုံးဆီ ဈေးဟာဆိုရင် လည်းအမျိုးအစားအလိုက် တစ်လီတာကို ကျပ် ၉၉၀ ကျော်ကနေ ၁၁၀၀ အထိရှိလာပြီး ၄  လအတွင်း ပျမ်းမျှစက်သုံးဆီဈေးနှုန်း ၄၀ ရာခိုင်နှုန်း ကျော်မြင့်တက်သွားတယ်လို့  ပြည်တွင်းစက်သုံးဆီ အရောင်းဆိုင်တွေက ရရှိတဲ့သတင်းတွေ အရသိရှိရပါတယ်။

ဖေဖော်ဝါရီလဆန်းပိုင်းမှာတင်  ဒီဇယ်တစ်လီတာကို ၆၆၀ ကျပ်၊ ပရီမီယံဒီဇယ် တစ်လီတာ ၆ရဝ ကျပ်၊ အောက်တိန်း 92 Ron တစ်လီတာ ကို ၆၂၀ ကျပ်၊ အောက်တိန်း 95 Ron တစ်လီတာ ရ၅၀ ကျပ်ဝန်းကျင်လောက်ရှိတဲ့ အနေအထားကနေ  အခုလို သိသိသာသာမြင့်တက်သွားတာမျိုးပါ။  အလားတူပဲ စားသောက်ကုန်အပါအဝင်တခြား ကုန်ဈေးနှုန်းတွေလည်း လိုက်ပါ မြင့်တက်နေပါတယ်။

ကမောက်ကမဖြစ်နေတဲ့ ငွေကြေးဈေးကွက်

စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ မြန်မာနိုင်ငံရဲ့ ငွေကြေးဈေးကွက်ဟာ သမိုင်းမှာ မကြုံစဖူးတဲ့ ပုံစံမျိုးအထိ ဝရုန်းသုန်းကား  ဖြစ်သွားခဲ့တာပါ။ ဘဏ်တွေ ဘယ်နေ့ပြိုလဲသွားမလဲ။ ဘဏ်တွေထဲမှာထားတဲ့ ငွေကြေးတွေ စိတ်ချရပါ့မလားဆိုတဲ့ စိုးရိမ်ပူပန်မှုက ဘဏ်အပ်ငွေ ရှိတဲ့သူတိုင်း ဖြစ်နေရတဲ့သောက တစ်မျိုးပါပဲ။ ကိုယ့်ငွေနဲ့ ကိုယ် ဒုက္ခရောက်ကြရတယ်ဆိုတာမျိုးပါ။ တချို့ဆို မနက် ၄ နာရီ ကတည်း အေတီအမ်ရှေ့မှာ သွားတန်းစီရပါတယ်။ တချို့ကလည်း ၁၀ ရာခိုင်နှုန်းအမြတ်ပေးပြီး ငွေသားပြန်ဖော်ယူကြပါတယ်။ ၁၀၀ ရာခိုင်နှုန်းဆုံးမှာထက်စာရင် သူတို့ကို ၁၀ ရာခိုင်နှုန်းပေးစားလိုက်တော့မယ်လို့ ဆုံးဖြတ်လိုက်ကြတဲ့သဘောပါ။

တနည်းအားဖြင့် မြန်မာကျပ်ငွေကို ကျပ်ငွေနဲ့ပဲ အမြတ်ပေးပြီး ပြန်လည်ဝယ်ယူနေရတဲ့ ထူးဆန်းတဲ့ ဈေးကွက်တစ်ခုပါပဲ။ ငွေသားကို ဘဏ်ထဲက ငွေနဲ့ လဲလှယ်ရာမှာ အမြတ်တင် ရောင်းချနေတဲ့ တရားမဝင်ငွေကြေးဈေးကွက်တစ်ခု စစ်အာဏာသိမ်းပြီး မကြာခင်ပေါ်ထွက်လာခဲ့ပါတယ်။ အဓိကကတော့ တရားဥပဒေ စိုးမိုးမှုပျက်သွားတာပါပဲ။  ဥပဒေမစိုးမိုးတဲ့ အချိန်မှာ လုပ်ချင်သလို လုပ်ကြပြီး ဖြစ်ချင်သလို ဖြစ်နေတဲ့သဘောပါ။  အကျိုးဆက်အနေနဲ့ မြန်မာငွေတန်ဖိုးအတော်လေး ကျဆင်းသွားခဲ့ပါတယ်။

အလားတူပဲ အာဏာမသိမ်းခင် တစ်ကျပ်သားကို ၁၃ သိန်း ၅ သောင်းလောက်ရှိတဲ့ အခေါက် ရွှေဈေးဟာလည်း မေလထဲမှာ ၁၇  သိန်းခွဲ ဝန်းကျင်လောက်အထိဖြစ်သွားခဲ့တာပါ။ ဒေါ်လာဈေးကမလည်း ရွှေဈေးနဲ့ အပြိုင်ပါပဲ။ စစ်တပ်က အာဏာသိမ်းပြီး ရက် ၁၀၀ ပြည့်တဲ့ မေလ ၁၁ ရက်နေ့မှာ အမေရိကန်ဒေါ်လာလဲလှယ်နှုန်းဟာ တစ်ဒေါ်လာကို ကျပ် ၁၇၀၀ ကျော်သွားသလို အခေါက်ရွှေ တစ်ကျပ်သားဈေးနှုန်းကလည်း ကျပ် ၁၆ သိန်း ၄ သောင်းဝန်းကျင်အထိ စံချိန်တင် မြင့်တက်ခဲ့ပါတယ်။

မြန်မာကျပ်ငွေတန်ဖိုးဟာ အာဏာမသိမ်းမီက တန်ဖိုးထက် ၂၀ ရာခိုင်နှုန်းကျော် ကျဆင်းသွားခဲ့ပါတယ်။ ဒီလိုဖြစ်လာတော့ ဗဟိုဘဏ်က လေလံစနစ်နဲ့ ဒေါ်လာ စုစုပေါင်း ၁၂ သန်းထုတ်ရောင်းခဲ့ပါတယ်။ စစ်တပ်က အာဏာမသိမ်းခင်ကာလ ( ဖေဖော်ဝါရီ ၁ ရက်နေ့ မတိုင်မီ) အမေရိကန်ဒေါ်လာလဲလှယ်နှုန်း တစ်ဒါ်လာကို ကျပ် ၁၃၀၀ ကျော်အထိ ရှိနေခဲ့တာမို့  အဲဒီနောက်ပိုင်း ပြန်ကျလာတဲ့ သဘောဆိုပေမယ့် ငွေကြေးဖောင်းပွမှု ရှိနေတဲ့အတွက်  ၁၅ သိန်း ၅ သောင်းဝန်းကနေ  နဂိုအနေအထား ကိုပြန်မရောက်နိုင်တော့ပါဘူး။

စစ်ကောင်စီ ဘယ်လို ဆက်ထိန်းမလဲ

အခုဆိုရင် ဇွန်လထဲကိုရောက်နေပြီမို့ အာဏာသိမ်းတာ ဘာလိုလိုနဲ့  ၄ လ ကျော်ကြာမြင့်လာခဲ့ပါပြီ။ စစ်ကောင်စီအနေနဲ့ စီးပွားရေးကောင်းမွန်လာအောင်အပထား ပုံမှန်လည်ပတ်အောင်တောင် လုပ်ဆောင်နိုင်ခြင်းမရှိသေးပါဘူး။ တကယ်တော့ စီးပွားရေးဆိုတာ နိုင်ငံရေးရဲ့ လက်အောက်ခံ ဖြစ်နေတဲ့အတွက် နိုင်ငံရေးအရ မပြေလည်တဲ့ လမ်းကြောင်းကို သွားနေသည့်အခါ စီးပွားရေးအဆင်ပြေလည်နိုင်စရာအကြောင်းမရှိပါဘူး။  စစ်ကောင်စီအနေနဲ့ အာဏာသိမ်းပြီး ဗဟို ဘဏ်ကို ထိန်းချုပ်လိုက်ရင် အားလုံး ပြီးပြီဆိုတဲ့ ယူဆချက်ရှိကောင်းရှိခဲ့နိုင်ပါတယ်။  အဲဒီလို ယူဆခဲ့မယ်ဆိုရင်တော့ တက်တက်စင်အောင် လွဲမှားသွားခဲ့ပြီလို့ပဲပြောရမှာပါ။ ဘာကြောင့်လဲဆို ဗဟိုဘဏ်မှာ ရှိနေတဲ့ အရန်ငွေကြေးတွေက  အမေရိကန်နဲ့ စင်ကာပူက ဘဏ်တချို့ကို ရောက်နေလို့ပါပဲ။ အမေရိကန်မှာ တစ်ဘီလီယံနဲ့ စက်ကာပူက ဘဏ်သုံးဘဏ်ဖြစ်တဲ့ UOB၊ OCBC နဲ့ DBS အစ ရှိတဲ့ ဘဏ်တွေကို ရောက်နေတဲ့ ပမာဏက ၅ ဒသမ ၇ ဘီလီယံ ရှိနေတာပါ။ ဒီငွေတွေကို ဆက်လက်ပြီး ထိန်းချုပ်ထားဖို့ကိုလည်း NUG အစိုးရက တရားဝင်တောင်းဆိုထားလိုက်ပါပြီ။

နောက်တစ်ခုက အစိုးရဆိုတာ အခွန်နဲ့ ရပ်တည်ရတာပါ။ အာဏာသိမ်းထားတဲ့ စစ်ကောင်စီ အနေနဲ့ အဓိကအားကိုးရမယ့် ဝင်ငွေရလမ်း သုံးခု ရှိပါတယ်။ နံပတ် ( ၁) က ပြည်သူတွေ ထမ်းဆောင်ပေးနေတဲ့ အခွန်ပါ။ နံပတ် (၂) ကတော့ လျှပ်စစ်မီတာခ အပါအဝင် ပို့ဆောင်ဆက်သွယ်ရေးက ရတဲ့ဝင်ငွေတွေနဲ့  ရေနံနဲ့ သဘာဝဓာတ်ငွေ့ ရောင်းချခြင်းကနေ ရတဲ့ ဝင်ငွေတွေပါ။ နံပတ် ( ၃) ကတော့   နိုင်ငံတကာအကူအညီနဲ့ ချေးငွေတွေ ဖြစ်ပါတယ်။ အဲဒီ ဝင်ငွေ သုံးခုပေါင်းရင် ကျပ် ဘီလီယံ ၂၅,၀၀၀နဲ့  ၃၀,၀၀၀ ကြားလောက်ရှိပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး စီမံကိန်း၊ဘဏ္ဍာရေးနှင့် ရင်းနှီးမြုပ်နှံမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်ရဲ့ မတ်လ ၂၀ ရက်နေ့ ပြည်သူသို့ ပန်ကြားချက်ထဲမှာ အကျယ်တဝင့် ရှင်းပြထားတာ ရှိပါတယ်။

"၂၀၂၀-၂၀၂၁ အတွက် အခွန်အကောက်က ရရှိမယ့် ခန့်မှန်းဝင်ငွေကို ပြန်ကြည့်ရင်  ကျပ်ဘီလီယံ ၈၆၀၀ လောက်ရှိပါတယ်။ အဲဒီပမာဏဟာ စစ်အုပ်စုလိုအပ်နေတဲ့ ဝင်ငွေစုစုပေါင်းရဲ့ ၃၅ ရာခိုင်နှုန်း ရှိပါတယ်။ နောက်အဓိကကျတဲ့ ဝင်ငွေကတော့ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတွေက ရရှိတဲ့ ဝင်ငွေဖြစ်ပြီးတော့ ခန့်မှန်းချေ ကျပ်ဘီလီယံ ၁၂, ၀၀၀ လောက်ရှိပါတယ်။

အဲဒီအထဲမှာ ပို့ဆောင်ဆက်သွယ်ရေးက ရတဲ့ဝင်ငွေတွေရယ်၊ လျှပ်စစ်မီတာခက ရရှိတဲ့ ဝင်ငွေတွေရယ်၊ ရေနံနဲ့ သဘာဝဓာတ်ငွေ့ရောင်းချခြင်းက ရရှိတဲ့ ဝင်ငွေတွေရယ်ပါဝင်ပါတယ်။ အဓိက အကျဆုံးဝင်ငွေကတော့ ပြည်သူတွေပေးဆောင်နေရတဲ့ လျှပ်စစ်မီတာခတွေပါ။ တစ်နှစ်ပတ်လုံးအနေနဲ့ ငွေကျပ်ဘီလီယံ  ၅၀၀၀ ကနေ ၇၀၀၀ လောက်အထိ ရှိပါတယ်။ ဒီပမာဏဟာ စစ်အုပ်စု လိုအပ်နေတဲ့ ဝင်ငွေစုစုပေါင်းရဲ့ ၂၀ ရာခိုင်နှုန်းကနေ ၂၅  ရာခိုင်နှုန်းလောက် ရှိပါတယ်" လို့ဆိုပါတယ်။

ဒါပေမဲ့ NUG အစိုးရက မီတာကတွေ ခြွင်းချက်မရှိ ကင်းလွတ်ခွင့်ပေးထားပါတယ်။ ပြီးတော့ အခွန်မဆောင်ကြဖို့လည်းပြောထားပါတယ်။ ဒါကြောင့်  အာဏာသိမ်းစစ်ကောင်စီအတွက် ဒီကဏ္ဍတွေကနေ ဝင်ငွေရဖို့ အခွင့်အလမ်းသိပ်မရှိတော့ပါဘူး။

ဒါ့အပြင် ကမ်းလွန်ရေနံတူးဖော်ရေး ကုမ္ပဏီတွေဖြစ်တဲ့ Total၊ Chevron  ၊ Petronas နဲ့ PTTEP  အစရှိတဲ့ လုပ်ငန်းကြီးတွေကို အာဏာသိမ်း စစ်အုပ်စုတွေဆီ    ရေနံနဲ့ သဘာဝဓာတ်ငွေ့ရောင်းချရငွေတွေ စီးဝင်မသွားဖို့၊ တားမြစ်တဲ့စာ ပေးပို့ထားတယ်လို့လည်း ဝန်ကြီးရဲ့ ပြောကြားချက် အရ သိရှိရပါတယ်။

အလားတူပဲ  ထိုင်းနိုင်ငံက Siam Commercial Bank ၊ စင်ကာပူက  UOBနဲ့ OCBC ဘဏ်၊မလေးရှားက CIMB ဘဏ်တွေကို တရားဝင်စာပေးပို့ပြီး နိုင်ငံတော်က ရရန်ရှိနေတဲ့ နိုင်ငံခြား အရန်ငွေတွေကို စစ်အုပ်စုဆီ အရောက်မခံဘဲ လုံခြုံစိတ်ချရတဲ့ ငွေစာရင်းမှာ ထိန်းသိမ်းထားဖို့နဲ့ တောင်းဆိုထားတယ်လို့လည်း ဝန်ကြီးက ပြောထားပါတယ်။  အာဏာသိမ်းစစ်ကောင်စီအနေနဲ့ ကတော့ အဓိကကျတဲ့ ဝင်ငွေအရင်းအမြစ်တွေကို ဖြတ်တောက်ခံထားရတာပါ။

နံပတ် ( ၃) ဖြစ်တဲ့ ဘဏ္ဍာရေးအရင်းအမြစ်ကတော့ ကမ္ဘာ့ဘဏ် ( World Bank) အာရှဖွံ့ဖြိုးဘဏ် (ADB) USAID ၊JICA ၊KOICA  အစရှိတဲ့နိုင်ငံတကာ မိတ်ဖက်အဖွဲ့အစည်းတွေကချေးငွေ၊ ထောက်ပံငွေတွေဖြစ်ပါတယ်။ ပမာဏအားဖြင့် ငွေကျပ်ဘီလီယံ ၅၀၀၀ နီးပါးရှိပါတယ်။ ဒီအဖွဲ့အစည်းတွေကလည်း ထောက်ပံ့ရေးအကူအညီတွေရပ်လိုက်ပါပြီ။

တောင်သူတွေ ချေးငွေပြန်ဆပ်ရမယ့်ကာလကို သက်တမ်းတိုးမြင့်လိုက်တဲ့အပြင် ဒဏ်တိုးတွေ၊ ပုံမှန်တိုးတွေကိုလည်း ကင်းလွတ်ခွင့်ပေးထားပါတယ်။ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုတွေကို ရပ်ဆိုင်းထားကြောင်းနဲ့  စစ်အစိုးရရဲ့ ခွင့်ပြုမိန့်တွေကို ပြည်သူ့အစိုးရက အသိအမှတ်ပြုမှာ မဟုတ်ဘူးလို့လည်းကြေညာထားပါတယ်။

စစ်အုပ်စု အနေနဲ့နောက်ဆုံးထွက်ပေါက် ရှိနိုင်ပါသေးတယ်။ အဲဒါကတော့ငွေစက္ကူသစ်တွေ ရိုက်နှိပ်ဖို့ ကြိုးစားတာမျိုးပါ။  စက္ကူ၊ မှင် အစရှိတဲ့ ကုန်ကြမ်းပစ္စည်းရောင်းချတဲ့ ဂျာမနီနိုင်ငံ အစိုးရဆီမှာလည်း စစ်အုပ်စုကို မရောင်းဖို့တောင်းဆိုထားပါတယ်။

ဒီလိုတောင်းဆိုထားတာကတစ်ကြောင်း၊ ဆန္ဒပြပြည်သူတွေအပေါ် အကြမ်းဖက်ပစ်ခတ်မှုတွေ ဆက်လက်ဖြစ်ပွားနေတာကတစ်ကြောင်းကြောင့် ဂျာမဏီနိုင်ငံ မြူးနစ်မြို့ အခြေစိုက် Giesecke and Devrient ကုမ္ပဏီက  မြန်မာကို အစိုးရပုံနှိပ်လုပ်ငန်းနဲ့ ငွေစက္ကူထုတ်ရာမှာ အသုံးပြုတဲ့ ကုန်ကြမ်းပစ္စည်းတွေ တင်ပို့ မှုကို ရပ်ဆိုင်းလိုက်ပါတယ်။

အခွန်စနစ်ပြင်ပြီး ဝင်ငွေရရန်ကြိုးပမ်း

ပြီးခဲ့တဲ့ ဇွန်လ ၁၇ ရက် နေ့က စစ်ကောင်စီရဲ့  ထုတ်ပြန်ချက်မှာ  စည်းကြပ်မှုက ကင်းလွတ်နေတဲ့ ဝင်ငွေအပေါ် ၁ ကျပ် ကနေ သိန်း ၁၀၀၀ အထိကို ၃ ရာခိုင်နှုန်း၊ သိန်း ၁၀၀၀ ကနေ သိန်း ၃၀၀၀ အတွင်း ၅ ရာခိုင်နှုန်း၊ သိန်း ၃၀၀၀ ကနေ သိန်း ၁၀၀၀၀ အတွင်း ၁၀ ရာခိုင်နှုန်း၊ သိန်း ၁၀၀၀၀ ကနေ သိန်း ၃၀၀၀၀ အတွင်း ၁၅ ရာခိုင်နှုန်းနဲ့ သိန်း ၃၀၀၀၀ နဲ့အထက်ကို ၃၀ ရာခိုင်နှုန်း ကောက်ခံမယ်လို့ ဖော်ပြထားပါတယ်။ဒီလို အခွန်နှုန်းထား လျှော့ချပေးမှုဟာ ဇူလိုင် ၁ ရက်ကနေ  စက်တင်ဘာ ၃၀ ရက်အထိ ၃ လအတွင်းသာ အကျုံးဝင် မယ်လို့လည်းဖော်ပြထားပါတယ်။

ယခင်က ပြည်ထောင်စု အခွန်အကောက် ဥပဒေမူကြမ်းမှာ စည်းကြပ်မှုကနေ ကင်းလွတ်နေတဲ့ဝင်ငွေတွေကို ဝင်ငွေပမာဏ မခွဲခြားဘဲ အားလုံး ၃၀ ရာခိုင်နှုန်း စည်းကြပ်ကောက်ခံခဲ့ပေမယ့်လည်း အန်အယ်လ်ဒီအစိုးရလက်ထက် ၂၀၂၀ ပြည်ထောင်စု အခွန် အကောက် ဥပဒေကြမ်းမှာ ကိုဗစ်-၁၉ ရိုက်ခတ်မှုဒဏ်ကြောင့် စီးပွားရေးလုပ်ငန်း အများအပြား ထိခိုက်ခဲ့တဲ့အတွက် ပမာဏအလိုက် အခွန်နှုန်းထားတွေ ပြန်ပြင် သတ်မှတ်ခဲ့တာပါ။

အဲဒီအတွက် စည်းကြပ်မှုမှ ကင်းလွတ်နေတဲ့ ဝင်ငွေအပေါ် ၁ ကျပ်ကသိန်း ၁၀၀၀ အတွင်း ၆ ရာခိုင်နှုန်း၊ သိန်း ၁၀၀၀ ကနေ သိန်း ၃၀၀၀ အတွင်း ၁၀ ရာခိုင်နှုန်း၊ သိန်း ၃၀၀၀ ကနေ သိန်း ၃၀၀၀၀ အတွင်း ၂၀ ရာခိုင်နှုန်း၊ သိန်း ၃၀၀၀၀ နဲ့ အထက်ကို ၃၀ ရာခိုင်နှုန်း အခွန်စည်းကြပ် ကောက်ခံဖို့ ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေကြမ်းကို အတည်ပြုခဲ့ပါတယ်။ဒီတုန်းက  တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်များက အပြင်းအထန် ကန့်ကွက်ခဲ့ကြပါသေးတယ်။

အခုတော့ စစ်ကောင်စီအနေနဲ့ အခွန်အခကရတဲ့ငွေကို အလေးထားဖို့ လိုအပ်လာပါပြီ။ အခွန်ထမ်းပြည်သူတွေက အခွန်မဆောင်တဲ့အခါ စစ်ကောင်စီက အခွန်စနစ်ကို လျှော့ပေါ့ပေးလာပါတယ်။

"ဒီလို အခွန်လျှော့ပေးလိုက်တယ်ဆိုတာက စစ်ကောင်စီအနေနဲ့ အကျပ်ရိုက်နေတဲ့ သဘောလို့ ယူဆစရာရှိပါတယ်။ ဒါပေမဲ့ သက်ရောက်မှု  ရှိမရှိဆိုတာကတော့ ပြောရခက်ပါတယ်" လို့  စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက သုံးသပ်ပါတယ်။

ခြုံငုံ သုံးသပ်ရရင် အာဏာသိမ်းစစ်ကောင်စီအနေနဲ့ အကျပ်ရိုက်နေတဲ့ အနေအထားရှိသလို ပြည်သူလူထု အတွက်လည်းအခက်အခဲအကျပ်အတည်းတွေ အများကြီးလာနိုင်ပါတယ်။

ကုန်ထုတ်လုပ်ငန်းကဏ္ဍ၊ ဆောက်လုပ်ရေးကဏ္ဍ နဲ့ ဝန်ဆောင်မှုကဏ္ဍတွေမှာ အလုပ်အကိုင် ဆုံးရှုံးကြတာ၊ စားသောက်ကုန်ဈေးနှုန်းတွေတက်လာတာတွေဟာ မြို့ပြဒေသတွေကို အဆိုးရွားဆုံး ရိုက်ခတ်နေတဲ့အကြောင်းနဲ့ စစ်အုပ်ချုပ်ရေးနဲ့ ကိုဗစ်-၁၉ ရဲ့ ဂယက်ကြောင့် မြန်မာ့လူဦးရေရဲ့ ထက်ဝက်ဟာ ၂၀၂၂ ခုနှစ်မှာ အလွန်အမင်း ဆင်းရဲသွားနိုင်ကြောင်း ကုလသမဂ္ဂဖွံဖြိုး ရေးအစီအစဉ် (UNDP) က မေလအတွင်းက  သတိပေးထုတ်ပြန်ထားပါတယ်။

စစ်အာဏာသိမ်းပြီးနောက် မြန်မာ့စီးပွားရေးတစ်ခုလုံး ပြိုကွဲသည်အထိ ကြီးမားတဲ့ အန္တရာယ်ကျရောက်လာနိုင်ပြီး ၂၀၀၅ ခုနှစ်နောက်ပိုင်း မကြုံဖူးတဲ့ဆင်းရဲနွမ်းပါးမှုအဆင့်နဲ့ ရင်ဆိုင်ရနိုင်တယ်လို့လည်း ထပ်လောင်းသတိပေးထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up