ကိုဗစ်-၁၉ ပိုးတွေ့လူနာများတွေ့ရှိသဖြင့် လားရှိုးမြို့မဈေးကို ယာယီပိတ်

ရှမ်းပြည်နယ်၊ လားရှိုးမြို့ရှိ  မြို့မဈေးမှာ  ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၁၅ ဦးထိ ရှိလာတာ‌ကြောင့် ကုန်စိမ်းဈေး (မိုးမလင်းဈေး) အပါအဝင် မြို့မဈေးတို့ကို  ဇွန်လ ၂၃ ရက်နေ့ကစ ဇူလိုင် ၆ ရက်နေ့ထိ၂ ပတ်တိတိ ယာယီပိတ်သွားမယ်လို့ သိရပါတယ်။

လားရှိုးမြို့မှာ  ဇွန် ၂၂ ရက်နေ့ တစ်ရက်တည်း စံချိန်တင်ထပ်တိုးပိုးတွေ့သူ ၅၇ ယောက် အပါအဝင် ဇွန် ၈ ရက်ကနေ ဇွန် ၂၂ ရက်အထိ ပိုးတွေ့လူနာ ၂၀၉ ယောက်ရှိပြီဖြစ်ပြီး ၂၄ ဦး သက်သာပျောက်ကင်း ဆေးရုံဆင်းပြီဖြစ်ကာ မန္တလေးမှာ ကုသနေသူ ၁ ဦး ဇွန် ၂၂ ရက်‌နေ့လယ်ပိုင်းက သေဆုံးသွားတယ်လို့ သိရပါတယ်။

ဇွန် ၂၂ ရက်နေ့ တစ်ရက်တည်း Swab ယူထားသူ ၈၆ ဦးထဲက ပိုးတွေ့လူနာ ၃၃ ဦးရှိလာပြီး မနက်ပိုင်း အနံ့ပျောက်သူတွေကို RDT နဲ့ စစ်လိုက်တော့ ပိုးတွေ့လူနာသစ် ၂၄ ဦး ရှိခဲ့တာဖြစ်ပြီး စုစုပေါင်း ပိုးတွေ့လူနာ ၅၇ ဦးထိ စံချိန်တင် ‌ကူးစက်ပျံ့နှံ့ ဖြစ်ပွားလာပါတယ်။

ရောဂါကူးစက်နှုန်း မြင့်မားလာတဲ့အတွက် လူတိုင်းမလိုအပ်ဘဲ အပြင်မထွက်ဖို့၊ အပြင်ထွက်ရင် Marsk တပ်ဖို့နဲ့ ကိုဗစ်စည်းကမ်းနဲ့ ကျန်းမာရေးလမ်းညွှန်ချက်တွေကို လိုက်နာဖို့ အရေးကြီးလာပြီး တစ်မြို့လုံး Stay at home နဲ့ မြို့ကို Lockdown လုပ်ဖို့ လိုအပ်တဲ့အခြေအနေ ရှိတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

မြို့မစျေးကြီးထဲက ကုန်စိမ်းတန်း၊ အလှကုန်တန်း၊ စားသောက်တန်းအပြင် ဘူတာစျေး၊ ညနေဘူတာပျံကျစျေးနဲ့ ရပ်ကွက် ၄ ထဲက အိမ်၊ လမ်း၊ အဆောက်အဦအချို့ကို Lock down လုပ်ထားလိုက်ပြီးဖြစ်ပါတယ်။

ရှမ်းပြည်နယ် မြောက်ပိုင်းအနေနဲ့ ဇွန်လ ၂၂ ရက်နေ့ထိ သီပေါမြို့နယ် နမ့်လန်မှာ ပိုးတွေ့လူနာ ၂၁ ဦး၊ ၁ ဦး သေ၊ သီပေါမြို့တွင်း ၅ ဦး၊ ဇွန်လ ၂၁ ရက်နေ့ထိ လောက်ကိုင်မြို့နယ်မှာ  ပိုးတွေ့လူနာ ၃၁ ဦး၊ နောင်ချိုမြို့နယ် ၂၉ ဦး၊ ကွတ်ခိုင်မြို့နယ် ၂ ဦး၊ နမ္မတူမြို့နယ် ၃ ဦး၊ ကျောက်မဲမြို့နယ် ၂ ဦး၊ မိုင်းရယ်မြို့နယ် ၂ ဦး၊ တန့်ယန်းမြို့နယ် ၁ ဦး (သေဆုံး)၊ သိန္နီမြို့နယ် ၂ ဦး၊ မူဆယ်မြို့နယ် ၅ ဦး၊ နမ့်ခမ်းမြို့နယ် ၂ ဦး နဲ့ ၁၅ ရက်အတွင်း လားရဇိုးအပါအဝင် စုစုပေါင်း ၂၈၀ ကျော်ထိ ရှိလာပါတယ်။

Pra Jaw

Photo Crd# Covid - 19 Operation Team (lso)

More News
Up