Home
မြန်မာသတင်း
ကယားပြည်နယ်၊ လီဝိုရွာက စစ်ရှောင် ၂၅၀၀ ကျော်အတွက် အရေးပေါ်အကူအညီလိုအပ်‌နေ
DVB
·
June 22, 2021
198134406_123285206619078_1056416160806743780_n
196913044_123285263285739_8594957304634795371_n
201795362_123285113285754_9086241360835317976_n
201283477_123285139952418_9036251476043749927_n
200032938_123285233285742_1577753125454555856_n

ကယားပြည်နယ်၊ ဆင်တောင်ကျေးရွာအုပ်စု၊ လီဝိုရွာက စစ်ဘေးရှောင်ပြည်သူ ၂၅၀၀ ကျော်အတွက် ဆေးဝါး၊ စားနပ်ရိက္ခာ၊ အမိုး၊ အကာနဲ့ အခင်းတွေ လိုအပ်နေတယ်လို့ စစ်ဘေးရှောင်တွေက ဒီဗွီဘီကို ပြောပါတယ်။

"ကျနော်တို့ ရွာလုံးကျွတ်စစ်ဘေးရှောင်နေရတယ်။ မိသားစု ၄၀၀ ကျော် လူဦးရေ ၂၅၀၀ ကျော်ရှိတယ်။ အခုလိုနေတာက ဆေးဝါး၊ တဲဆောက်ဖို့ အမိုးအကာနဲ့ အခင်းတွေလိုတယ်။ ရွာကဆင်းရဲတော့ မိုးကာနဲ့ပဲ တဲဆောက်နေနေရတယ်။ တချို့ဆို တဲဆောက်ဖို့ မိုးကာမရှိကြဘူး။ ဒါ့ကြောင့် အရေးပေါ်လိုအပ်နေတာ" လို့ လီဝိုရွာသားတွေက ပြောပါတယ်။

လီဝိုပြည်သူ‌တွေ  လက်ရှိတိမ်းရှောင်နေတဲ့နေရာဟာ ဒီးမော့ဆိုမြို့နယ်နဲ့ မိုး‌ဗြဲမြို့နယ်ကြားမှာ ရှိနေတာကြောင့် အခြားနေရာစစ်ရှောင်တွေမှာ အကူအညီရပေမယ့် လီဝိုစစ်ရှောင်တွေအတွက် အကူအညီတွေ သိပ်မရောက်ရှိပါဘူး။

လက်ရှိ ကလေးသူငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေ နာမကျန်းဖြစ်နေကြလို့ ကျန်းမာရေး စောင့်ရှောက်မှုပေးဖို့ လိုအပ်နေပါတယ်။

"မိုးရာသီလည်းဖြစ်တယ်။ အမိုးအကာကလည်း မလုံတော့ ကလေးတွေနဲ့ အသက်ကြီးတဲ့သူတွေ နှာစေး၊ ချောင်းဆိုး၊ ၀မ်းပျက်၊ ဝမ်းလျောနဲ့ ဖျားနာတာတွေဖြစ်တယ်။" လို့ စစ်ရှောင်တဦးက ပြောပါတယ်။

ရှမ်း- ကယားနယ်စပ်မှာ ပြည်သူ့ကာကွယ်ရေးတပ်(PDF)နဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေကြား ပြီးခဲ့တဲ့လပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့လို့ လီဝိုရွာသားတွေ စစ်ဘေးရှောင်နေရတာပါ။ 

လက်ရှိ အပစ်ရပ်ထားတယ်ဆိုပေမယ့် အကြမ်းဖက်စစ်ကောင်စီရဲ့ စစ်ကြောင်းတွေက စဉ်ဆက်မပျက် လှုပ်ရှားနေပြီး အင်အားဖြည့်တင်းတာတွေ လုပ်နေတာကြောင့် လီဝိုရွာ စစ်ဘေးရှောင်အများစု နေရပ်မပြန်နိုင်ဘဲဖြစ်နေပါတယ်။

ဓါတ်ပုံ- CJ

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024