စစ်ကိုင်းတိုင်း၊ သမိုင်းဝင် အလောင်းတော်ကဿပ အမျိုးသားဥယျာဉ်အတွင်းက ထိန်းသိမ်း စောင့်ရှောက်ထားတဲ့ အဖိုးတန် ရှားပါးသစ်တွေကို စစ်ကောင်စီအကြမ်းဖက်အဖွဲ့နဲ့ ဆက်နွှယ်တဲ့ အပေါင်းအပါတွေက ခိုးထုတ်နေတယ်လို့ ကနီမြို့နယ် PDF အဖွဲ့က ဇွန်လ ၂၁ ရက်မှာ ထုတ်ပြန်ပါတယ်။
ယင်းမာပင်မြို့နယ်၊ ကနီမြို့နယ်၊ ပုလဲမြို့နယ်၊ ဂန့်ဂေါမြို့နယ်၊ မင်းကင်းမြို့နယ်အစပ်ရှိ အများပြည်သူတွေ တန်ဖိုးထား ထိန်းသိမ်းထားရှိတဲ့ အာဆီယံအမွေအနှစ် အလောင်းတော်ကဿပအမျိုးသားဥယျာဉ်၊ ဘေးမဲ့ကြိုးဝိုင်းအတွင်းရှိ ရှားပါးတန်ဖိုးကြီး သစ်တွေကို စစ်ကောင်စီအကြမ်းဖက်အဖွဲ့နဲ့ ဆက်နွှယ်တဲ့ သစ်သူခိုးတွေ၊ သစ်ပွဲစားတွေ၊ သစ်လုပ်ငန်းရှင်တွေက ကိုယ်ကျိုးစီးပွားအတွက် ကားကြီး ၊ ကားငယ်၊ ဆိုင်ကယ်တွေနဲ့ နေ့စဉ် ခိုးယူရောင်းချသယ်ဆောင်နေကြတယ်လို့ ဆိုပါတယ်။
တချို့သစ်ခိုးသမားတွေဟာ တော်လှန်ရေးသမားတွေအသုံးပြုတဲ့ တူမီးသေနတ်တွေ ကိုင်ဆောင်ပြီး PDF တပ်ဖွဲ့ အယောင်ဆောင်ကာ သစ်တွေကို ခြိမ်းခြောက်ခိုးယူသယ်ဆောင်နေကြတဲ့အပြင် ရှားပါးဘေးမဲ့သားရိုင်းတိရစ္ဆာန်တွေကိုလည်း ဖမ်းဆီးသတ်ဖြတ်ရောင်းချနေတာကို စုံစမ်းသိရှိရတယ်လို့ ကနီမြို့နယ် ပြည်သူကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အနေနဲ့ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တို့ကို တတ်စွမ်းသလောက် ကာကွယ်ထိန်းသိမ်းဖို့၊ အာဆီယံအမွေအနှစ် အလောင်းတော်ကဿပ အမျိုးသားဥယျာဉ်နဲ့ သဘာဝသစ်တောကြိုးဝိုင်းကို စောင့်ရှောက်ဖို့ တာဝန်ရှိတာကြောင့် သစ်ခိုးယူတာတွေ အမြန်ဆုံးရပ်တန့်ကြဖို့ တောင်းဆိုထားပါတယ်။
ဆက်လက်လုပ်ဆောင်နေပါက မတော်လောဘသမားတွေအတွက် ပြုလုပ်သင့်တဲ့ လုပ်ရပ်တွေအဖြစ် အပြစ်ပေး ဆောင်ရွက်သွားမယ်လို့လည်း ကနီမြို့နယ် PDF က သတိပေး ထုတ်ပြန်ထားပါတယ်။