စစ်ကောင်စီအကြမ်းဖက်အဖွဲ့ကို ဆန့်ကျင်ကြောင်းပြသခဲ့လို့ အခက်အခဲရှိနေပေမယ့် မှန်ကန်တဲ့ လုပ်ရပ်ဖြစ်လို့ နောင်တမရဘူးလို့ ဂျပန်နိုင်ငံမှာခိုလှုံနေတဲ့ မြန်မာ့လက်ရွေးစင်ဂိုးသမား ပြည့်လျှံအောင်က ပြောလိုက်ပါတယ်။
မြန်မာ့လက်ရွေးစင်ဂိုးသမား ပြည့်လျှံအောင်ဟာ မေလ ၂၈ ရက်နေ့က ဂျပန်အသင်းနဲ့ယှဉ်ပြိုင်တဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲမစခင် နိုင်ငံတော်သီချင်းသီဆိုချိန် လက်သုံးချောင်းထောင်ပြီး စစ်ကောင်စီကို ဆန့်ကျင်ကြောင်းပြသခဲ့တာပါ။
ဇွန်လ ၁၇ ရက်နေ့က မြန်မာဘောလုံးအသင်း မြန်မာပြည်ပြန်ဖို့လေဆိပ်ရောက်ချိန်မှာ ဂျပန်လူဝင်မှုကြီးကြပ်ရေးက ပြည့်လျှံအောင်ကို ခေါ်ယူပြီး ဂျပန်နိုင်ငံမှာ ခိုလှုံခွင့်ပေးခဲ့ပါတယ်။
ဂျပန်နိုင်ငံ အိုဆာကာမြို့မှာ ပြည့်လျှံအောင်အတွက် သတင်းစာရှင်းလင်းပွဲတစ်ခုကို ဂျပန်မီဒီယာတွေက ပြုလုပ်ခဲ့ပါတယ်။ ပြည့်လျှံအောင်ကတော့ သူရရှိတဲ့အခွင့်အရေးကို ကောင်းကောင်းအသုံးချနိုင်ခဲ့ပြီး နောင်တမရဘူးလို့ ဆိုပါတယ်။
“နောင်တရတယ်လို့တော့မရှိပါဘူး။ မှားသွားတယ်လို့လည်းမထင်ပါဘူး။ မှန်တယ်လို့ပဲထင်တယ်။ ကျနော်လုပ်လိုက်တဲ့ဟာက အရာထင်သွားတယ်။ ကိုယ်ရလိုက်တဲ့အခွင့်အရေးကို ကောင်းကောင်းအသုံးချလိုက်နိုင်တာပေါ့”လို့ ဂိုးသမား ပြည့်လျှံအောင်က ပြောပါတယ်။
ဂျပန်အစိုးရက ပြည့်လျှံအောင်ကို ဒုက္ခသည်ဗီဇာထုတ်ပေးသွားဖို့ရှိနေပြီး လတ်တလောစားဝတ်နေရေးအတွက် အိုဆာကာက မြန်မာတွေကူညီနေတယ်လို့သိရပါတယ်။
မြန်မာ့လက်ရွေးစင်ကစားသမားတွေဟာ ပြိုင်ပွဲအချိန် ၁၄ ရက်ကျော်အတွင်း အားလပ်ချိန်တွေမှာ အပြင်ထွက်ခွင့်မရခဲ့ဘဲ စည်းကမ်းတင်းကျပ်တာခံခဲ့ ရပါတယ်။ ပြည့်လျှံအောင်က စစ်ကောင်စီဆန့်ကျင်ရေးလှုပ်ရှားဖို့အတွက် ဂျပန်ရောက်မှ ဆုံးဖြတ်ချက်ချခဲ့ တာလို့ ဆိုပါတယ်။
ပြည့်လျှံအောင်က “ ဒီကိုရောက်မှ ဆုံးဖြတ်လိုက်တာပါ။ ဒီလိုလုပ်မယ်။ လုပ်ပြီးသွားရင်ပြန်မယ်။ ပြန်ရောက်ရင်အဖမ်းခံရရင်ခံ ရမယ်။ အဖမ်းမခံရဘူးဆိုလည်း တနေရာမှာရှောင်နေဖို့ စိတ်ကူးထားတယ်။ ဒါပေမဲ့ အခုကသတင်းက တော်တော်ကြီးပြန့်သွားတဲ့အတွက် ပြန်ဖို့က မဖြစ်နိုင်တော့ဘူးပေါ့။ မဖြစ်နိုင်ဘူးဆိုတာကလည်း စစ်ကောင်စီက သူတို့လုပ်ချင်ရာလုပ်နေတာလေ။ အဲ့ဒါကြောင့်မပြန်ဖို့ဆုံးဖြတ်လိုက်တာပါ။” လို့ပြောပါတယ်။
ပြည့်လျှံအောင်ဟာ မြန်မာ့လက်ရွေးစင်အသင်းနဲ့ ရတနာပုံအသင်းတို့မှာ ကစားနေတဲ့ အသက် ၂၆ နှစ်အရွယ် ဂိုးသမားဖြစ်ပါတယ်။
မန္တလေးမြို့ဇာတိဖြစ်ပြီး မိသားစုနဲ့အဆက်အသွယ်ရတယ်လို့လည်းဆိုပါတယ်။ မြန်မာ့လက်ရွေးစင်အသင်းဟာ ပြိုင်ပွဲမှာ ပွဲစဉ်သုံးပွဲကစားခဲ့ပြီး သုံးပွဲစလုံးဂိုးပြတ်နဲ့ စံချိန်တင်ရှုံးနိမ့်ခဲ့ပါတယ်။
လက်ရွေးစင်အသင်း ဝတ်စုံတာဝန်ခံဦးပြည့်စုံနိုင်ဟာလည်း ပြိုင်ပွဲကာလအတွင်းမှာ ဂျပန်မှာဘဲ နှလုံးရောဂါနဲ့ကွယ်လွန်ခဲ့တဲ့အတွက် ဒီပြိုင်ပွဲမှာ မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းဟာ ကြီးမားတဲ့ဆုံးရှုံးမှုနဲ့ ကြုံခဲ့ရပါတယ်။