
မော်လမြိုင်တက္ကသိုလ်မှာ ကိုဗစ်-၁၉ ကူးစက်ပျံ့နှံ့နေတာကို အသိမပေးဘဲ သတင်းအမှောင်ချထားတဲ့ အပေါ် မော်လမြိုင်တက္ကသိုလ် ဆရာများသမဂ္ဂက ဝေဖန်ရှုတ်ချလိုက်ပါတယ်။
မော်လမြိုင်တက္ကသိုလ်က တာဝန်ရှိသူတွေရဲ့ ပေါ့ဆမှုကြောင့် ကိုဗစ်ရောဂါ ကူးစက်ပျံ့နှံမှု သိသိသာသာ ထိုးတက်လာပြီး စိုးရိမ်ဖွယ်ရာ အခြေအနေသို့ ရောက်ရှိလာတယ်လို့ မော်လမြိုင်တက္ကသိုလ် ဆရာများသမဂ္ဂက ဇွန်လ ၁၉ ရက်နေ့မှာ ထုတ်ပြန်လိုက်တာပါ။
အခုဖြစ်စဉ်ကို ဆရာများသမဂ္ဂက အသေးစိတ် စောင့်ကြည့်နေကြောင်းနဲ့ တက္ကသိုလ် အာဏာပိုင်တွေအနေနဲ့ နာမည်ရရေးအတွက် အာဏာသိမ်း စစ်ကောင်စီအလိုကျ စာမေးပွဲ ကျင်းပဖို့ ဦးတည်နေတဲ့ လုပ်ရပ်ကိုလည်း အပြင်းအထန် ရှုတ်ချကြောင်း ထုတ်ပြန်လိုက်တာပါ။
မော်လမြိုင်တက္ကသိုလ်မှာ ဇွန်လ ၁၉ ရက်နေ့ တရက်တည်း ကျောင်းသား ကျောင်းသူ ၁၈ ဦး ကိုဗစ်-၁၉ ကူးစက်ခံထားရပါတယ်။
မော်လမြိုင်တက္ကသိုလ်မှာတော့ ဇွန်လ ၂၀ ရက်နေ့အထိ ကိုဗစ်အတည်ပြုလူနာ ၂၁ ဦးထိ ရှိလာခဲ့တာပါ။