DVB Logo
Home
မြန်မာသတင်း
မြန်မာ့ဂရုဏာဖောင်ဒေးရှင်းဆေးခန်းတွေ ပြန်ဖွင့်ခွင့်ရ
DVB
·
November 26, 2013
မြန်မာ့ဂရုဏာဖောင်ဒေးရှင်းဆေးခန်းတွေ ပြန်ဖွင့်ခွင့်ရ
Donate to DVB

၁၉၉၇ ခုနှစ်က ကျန်းမာရေးဝန်ကြီးဌာနက ထိန်းသိမ်းထားခဲ့တဲ့ မြန်မာ့ဂရုဏာ ဖောင်ဒေးရှင်းရဲ့ ကျန်းမာရေး စောင့်ရှောက်မှုဆေးပေးခန်းတွေကို ပြည်သူ့ကျန်းမာရေး ဖောင်ဒေးရှင်း အမည်နဲ့ အခမဲ့ဆေးခန်းအဖြစ် ပြန်ဖွင့်ခွင့်ရပြီဖြစ်ပါတယ်။

[caption id="attachment_47075" align="alignnone" width="300"]Sakura Trade Centre ကုမ္ပဏီ ၀န်ထမ်းများနှင့် ရပ်ကွက်နေပြည်သူများ၏ ကျန်းမာရေး စောင့်ရှောက်မှုအတွက် အခမဲ့ဆေးခန်း (ဓာတ်ပုံ - sakuratradecenter ) Sakura Trade Centre ကုမ္ပဏီ ၀န်ထမ်းများနှင့် ရပ်ကွက်နေပြည်သူများ၏ ကျန်းမာရေး စောင့်ရှောက်မှုအတွက် အခမဲ့ဆေးခန်း (ဓာတ်ပုံ - sakuratradecenter )[/caption]

ယခင် မြန်မာ့ဂရုဏာဖောင်ဒေးရှင်းက ဖွင့်လှစ်ခဲ့တဲ့ ဆေးခန်း ၃၃ခန်းကို ငွေကြေးမတတ်နိုင်တဲ့ အခြေခံ လူတန်းစားတွေအတွက် ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်ဖို့ ရည်ရွယ်ပြီး ကျန်းမာရေး ၀န်ကြီးဌာနက ပြည်သူ့ကျန်မာရေးဖောင်ဒေးရှင်းကို ပြန်လည်လွှဲအပ် လုပ်ကိုင်ခွင့်ပေးခဲ့တာပါ။

ဆေးခန်းတွေ ပြန်လည်ဖွင့်လှစ်ခွင့်ရတာနဲ့ ပတ်သက်ပြီး ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်းရဲ့ ဥက္ကဋ္ဌဒေါက်တာသန်းစိန် က “အခုအဲဒီဆေးခန်းတွေအားလုံးကို ဆရာတို့ ဖောင်ဒေးရှင်းကို ပြန်လည် လှုပ်ရှား ဖွင့်လှစ်ပေးဖို့အတွက်ကို လွှဲအပ်ပေးတဲ့အတွက် ဒီဆေးခန်း ၃၃ ခန်းကို ပြန်လည်ဖွင့်လှစ်နိုင်အောင်လို့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ကျန်းမာရေး စောင့်ရှောက်မှု မရသေးတဲ့ ဒေသတွေမှာ ရအောင် လုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက်အရ ဆေးခန်းနေရာရရင် ရသလို၊ ဒေသခံ ပြည်သူလူထု အလိုရှိရင် ရှိသလို ချဲ့ထွင်သွားဖို့ ရှိပါတယ်။ တချို့တွေကြတော့ ဒေသမှာ ရှိပြီးသား ကိုယ်ပိုင်ဆေးခန်းဖွင့်ထားတဲ့ ဆရာဝန်နဲ့ ပေါင်းပြီးတော့ စေတနာဆေးခန်းလို အဆင့်မြှင့်တာမျိုးလည်း ရှိပါတယ်။ ” လို့ ပြောပါတယ်။

ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်းရဲ့ အခမဲ့ဆေးကုခန်း ၄ ခန်းကို ရန်ကုန်မြို့လှိုင်သာယာ ၁၀ ရပ်ကွက်၊ တောင်ဥက္ကလာ ၄ ရပ်ကွက်၊ မန္တလေးမြို့ ချမ်းမြသာစည် ခိုင်ရွှေဝါလမ်းနဲ့ ပြည်ကြီး တံခွန်(စ)ရပ်ကွက်တွေမှာ လာမယ့်နှစ်က စတင် ဖွင့်လှစ်မှာဖြစ်ပြီး နောင်မှာ မြန်မာနိုင်ငံတွင်း ကျန်းမာရေးစောင့်ရှောက်မှု မရသေးတဲ့နေရာတွေမှာပါ အခမဲ့ဆေးခန်းတွေ ဖွင့်လှစ်ဖို့ အစီအစဉ် ရှိပါတယ်။

အခမဲ့ ဆေးခန်းတခန်းအတွက် တလကို ငွေကျပ် ၁၂ သိန်း တနှစ်ကို သိန်း ၁၅၀ ကျပ် အကုန်ကျခံပြီး တစ်နိုင်ငံလုံးအတိုင်းအတာ ကျန်းမာရေးစောင့်ရှောက်မှုရဖို့အတွက် ပြည်ပ အလှူရှင်တွေနဲ့လည်း ပူပေါင်းဖွင့်လှစ်သွားမယ်လို့လည်း ဖောင်ဒေးရှင်းက ဆိုပါတယ်။

မြန်မာနိုင်ငံဟာ ဒေသတွင်းနိုင်ငံတွေထဲမှာ ပြည်သူ့ ကျန်းမာရေး စောင့်ရှောက်မှု အညံ့ဖျင်းဆုံး နိုင်ငံတနိုင်ငံအဖြစ် နိုင်ငံတကာရဲ့ သတ်မှတ်ခံထားရတာဖြစ်ပြီး စေတနာရှင် အဖွဲ့အစည်းတွေက အခြေခံလူထုတွေအတွက် တပိုင်တနိုင် အခမဲ့ဆေးခန်းတွေ ဖွင့်လှစ် ကျန်းမာရေး ၀န်ဆောင်မှု ပေးနေခဲ့ကြတာပါ။

ရန်ကုန်တိုင်းအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဒေါက်တာမြင့်သိန်းကတော့ အစိုးရဆေးရုံတွေရဲ့ အရေးပေါ်ဆေးကုသတဲ့နေရာတွေမှာ အခမဲ့ ကုသနိုင်အောင် ပြုလုပ်ပေးထား တယ်လို့ ပြောပါတယ်။

“ဆေးရုံတွေမှာလည်း လူနာတယောက်ရောက်လာလို့ ရှိရင် အရေးပေါ်လူနာ တယောက် အတွက်ကိုတော့ အခမဲ့ရအောင် အတက်နိုင်ဆုံး ပြုလုပ်ပေးပါတယ်။ ဒါပေမယ့် နောက်ပိုင်း သူ့ရဲ့ ဖြစ်ပေါ်လာမယ့် နောက်ဆက်တွဲကိုတော့ လူနာဘက်ကတော့ ထိုက်သင့်သလောက်ကျခံ ရတာတော့ ရှိမှာပေါ့။ ထိုက်သင့်သလောက် ကျခံတယ်ဆိုပေမယ့်လည်း လူနာဘက်က တအားကို ဆင်းရဲတယ်၊ ဘယ်လိုမှ မတက်နိုင်ရင် ဆရာတို့ဆေးရုံက ကျခံတာရှိပါတယ်။ တနိုင်ငံလုံး ကျန်းမာရေးစောင့်ရှောက်မှု ရအောင်တော့ ကြိုးစားနေတုန်းပါ။”

၁၉၉၀ ပြည့်နှစ် န၀တ စစ်အစိုးရလက်ထက် ဗိုလ်ချုပ်ထွန်းကြည်ကုန်သွယ်ရေး ၀န်ကြီးဖြစ်တဲ့ ကာလမှာ မြန်မာ့ဂရုဏာဖောင်ဒေးရှင်းအမည်နဲ့ ကျန်းမာရေး စောင့်ရှောက်မှု ဆေးပေးခန်း ၃၃ ခန်း ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ၁၉၉၇ခုနှစ်မှာ ကျန်းမာရေးဝန်ကြီးဌာနက ဒီဆေးခန်းတွေကို ထိန်းသိမ်းထားခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013