မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက အာဏာဖီဆန် CDM မှာပါဝင်တဲ့ ကျန်းမာရေးဝန်ထမ်း ၇၅ ယောက်ကို လုပ်ငန်းတာဝန်တွေပြန်လည်ထမ်းဆောင်ဖို့ စာထုတ်ပြီးဖိအားပေးခံရတယ်လို့ သိရပါတယ်။
CDM ကျန်းမာရေးဝန်ထမ်းတစ်ဦးက “ကျနော်တို့ဆီကို စာရောက်ပါတယ်။ ပြည်သူကို ဆေးကုမပေးချင်လို့မဟုတ်ဘူး။ မတရားတဲ့အမိန့်တွေနဲ့ အတင်းအဓမ္မအာဏာလုထားတဲ့ စစ်အာဏာရှင်ရဲ့လက်အောက်မှာ အလုပ်မလုပ်ချင်တာ။ ကျနော်တို့ကတော့ အဆုံးအထိပဲ။ အစက ဆေးရုံအုပ်ဆရာဝန်မကြီးကအစ CDM လုပ်ထားပြီး ဆေးရုံဝန်ထမ်းတွေ အကုန်နီးပါး CDM လုပ်ကြတော့ ဆေးရုံပိတ်ထားတာ။ အခုတော့ စစ်ကောင်စီရဲ့ဖိအားနဲ့ ဆေးရုံအုပ်အသစ်ရောက်ပြီး ဝန်ထမ်းတချို့အလုပ်ပြန်ဆင်းပြီး ဆေးရုံပြန်ဖွင့်နေတယ်” လို့ ပြောပါတယ်။
အကြောင်းအမျိုးမျိုးကြောင့် ခွင့်မဲ့ပျက်ကွက်နေတဲ့ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်အောက်ရှိ ဌာနခွဲတွေက အရာထမ်း၊ အမှုထမ်းတွေအနေနဲ့ မိမိတို့လုပ်ငန်းတာဝန်တွေကို ပြန်လည်ထမ်းဆောင်ဖို့ ပထမအကြိမ် အသိပေးအကြောင်းကြားစာကို ဇွန် ၁၇ ရက်နေ့ရက်စွဲနဲ့ မြို့နယ်ကျန်းမာရေးဦးစီးမှူးကိုယ်စား ဒေါက်တာခင်ချမ်းမြေ့က လက်မှတ်ရေးထိုး ထုတ်ပြန်ထားပါတယ်။