ဆီးဂိမ်းအတွက် လမ်းဘေး အခပေး ဖုန်းတွေ တပ်ဆင်
DVB
·
November 26, 2013
၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပွဲကို လာရောက်မဲ့ ပြည်တွင်းနဲ့ ပြည်ပ အားကစားသမားတွေနဲ့ ပရိသတ်တွေ အသုံးပြုနိုင်ဖို့ နေပြည်တော်မှာ လမ်းဘေး အခပေး ဖုန်းရုံအသစ် ၁၅၀ လောက် ထပ်ပြီး တပ်ဆင်ပေးထားတယ်လို့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ထုတ်ပြန်ကြေငြာထားပါတယ်။
အားကစားသမားနဲ့ ပရိသတ်တွေ ရောက်ရှိနိုင်မယ့် လေဆိပ်၊ ဟိုတယ်ဇုန်နဲ့ အခြားနေရာတွေမှာ တပ်ဆင်ပေးထားပြီး အသုံးပြုနိုင်တဲ့ ကဒ်တွေကို ကျပ်ငွေ ၅ ထောင်နဲ့ ရောင်းချ ပေးမယ်လို့ ဆိုပါတယ်။
တချို့နေရာတွေမှာ လိုင်းဖုန်း၊ တချို့နေရာတွေမှာ နေရောင်ခြည်စွမ်းအင် အသုံးပြုပြီး ဂျီအက်စ်အမ်အထိုင်ဖုန်းတွေ တပ်ဆင်ပေးထားပါတယ်။ ဒါတင်မက မြန်မာ့ဆက်သွယ်ရေးဟာ
ငွေဖြည့်ထားပေးပြီးသား ၁ လ ခံ ဂျီအက်စ်အမ် ဆင်းကဒ်တွေကိုလည်း ကျပ်ငွေ ၂ သောင်းနဲ့ ရောင်းချပေးမယ်လို့ ကြေငြာထားပါတယ်။
ဒါပေမယ့် Y-Talk ကုမ္ပဏီက တပ်ဆင်ပေးမယ့် အခမဲ့ ဖုန်းပြောရုံတွေ တပ်ဆင်ဖို့ကိုတော့ ခွင့်ပြုချက် ချမပေးသေးပါဘူး။