ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့မှာ ဇွန် ၈ ရက်မှ ဇွန် ၁၆ ရက်အထိ ၉ ရက်အတွင်း ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၇၃ ယောက်အထိ ရှိလာတယ်လို့ လားရှိုး ကိုဗစ်ကူညီကယ်ဆယ်ရေးအဖွဲ့ ထံက သိရပါတယ်။
“မနေ့ကတော့ ၁၁ ယောက်ဗျ။ စုစုပေါင်းဆိုရင်တော့ လောလောဆယ်မှာ ၇၀ ကျော်။ လောလောဆယ် သိရသလောက် ဆေးရုံဆင်း မရှိသေးဘူး။ ကိုဗစ်နဲ့ ပတ်သက်ပြီးတော့ သေဆုံးတော့ မရှိဘူးဗျ။” လို့ လားရှိုး Covid – 19 Operation Team အဖွဲ့ဝင် တစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။
လားရှိုးမှာ ဇွန်လ ၈ ရက်က ပုဂ္ဂလိကဆေးရုံ တစ်ရုံမှာ တက်ရောက် ဆေးကုသခဲ့တဲ့ လူနာကို ရောဂါအခြေအနေအရ မန္တလေးမြို့ရှိ ပုဂ္ဂလိက ဆေးရုံ တစ်ရုံကို လွှဲပြောင်းကုသခဲ့ရတဲ့ လူနာထံက ကိုဗစ် ၁၉ ရောဂါပိုး စတင်တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
လားရှိုးမြို့မှာ ဇွန်လ ၁၆ ရက်က ၁၁ ဦး၊ ဇွန်လ ၁၅ ရက်က ၂ ဦး၊ ဇွန်လ ၁၄ ရက်မှာ ၁ ဦး၊ ဇွန်လ ၁၃ ရက်နေ့မှာ ၁၄ ဦး၊ ဇွန်လ ၁၂ ရက်နေ့မှာ ၁၂ ဦး၊ ဇွန်လ ၁၀ ရက်နေ့မှာ ၂၄ ဦး၊ ဇွန်လ ၉ ရက်နေ့မှာ ၄ ဦးနဲ့ ဇွန်လ ၈ ရက်နေ့မှာ ၅ ဦး စုစုပေါင်း ၇၃ ဦး ကိုဗစ်-၁၉ ရောဂါ စစ်ဆေးတွေ့ခဲ့တာ ဖြစ်ပါတယ်။
လက်ရှိ ရောဂါကူးစက်ခံရတဲ့ လားရှိုးက ပိုးတွေ့လူနာတွေကို လားရှိုး ပြည်သူ့ဆေးရုံကြီး အထူးကြပ်မတ် ကုသဆောင်မှာ ကုသပေးနေပါတယ်။