ဒေးဒရဲတွင် လေပြင်းတိုက်ခတ်မှုကြောင့် ဘုန်းကြီးကျောင်းနှင့် လူနေအိမ်များပျက်စီးဆုံးရှုံး

ဧရာဝတီတိုင်း၊ ဒေးဒရဲမြို့နယ်မှာ ဇွန်လ ၁၆ ရက် ညပိုင်းက လေပြင်းတိုက်ခတ်ခဲ့တာကြောင့် နေအိမ် ၈၉ လုံးနဲ့ ဘုန်းကြီးကျောင်း ၁ ကျောင်း အမိုးလန်ကာ ပြိုကျပျက်စီးသွားပါတယ်။

ချောင်းဝကျေးရွာ၊ ကျိုက်လတ်ကလေးကျေးရွာ၊ ကျုံဒူးမြောက် ကျေးရွာနဲ့ ရေကန်ချောင်ကျေးရွာအုပ်စု မြလေးရုံကျေးရွာတို့မှာ  ညနေ ၅ နာရီခွဲကနေ  ၆ နာရီအချိန်အထိ မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်တာကြောင့် ခုလိုပျက်စီးဆုံးရှုံးခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

"လေရော မိုးရောဆိုတော့ တော်တော်ထိသွားတာ တော်သေးတယ်။ လူတွေဘာမှ မဖြစ်တာ အိမ်ပြိုတဲ့လူတွေကတော့ သူတို့အမျိုးတွေ အိမ်ဘက်မှာ ပြောင်းနေကြတယ်။ တချို့လည်း ဘုန်းကြီး ကျောင်းမှာ ခဏနေကြတယ်''လို့ ဒေသခံတဦးကပြောပါတယ်။

လေပြင်းတိုက်ခတ်မှုကြောင့် လူနဲ့ တိရိစ္ဆာန်ထိခိုက်ပျက်စီးမှုမရှိဘဲ ပြိုကျအိမ်ခြေ ၃၆ အိမ်၊  ပျက်စီးခဲ့တဲ့ အိမ်ခြေ ၅၃ အိမ်နဲ့ ဘုန်းတော်ကြီးကျောင်း ၁ ကျောင်းတို့ဖြစ်ကြောင်း ဖျာပုံခရိုင် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဦးစီးဌာနကသိရပါတယ်။

နေအိမ်ပျက်စီးဆုံးရှုံးခဲ့တဲ့ လေဘေးသင့်အိမ်ထောင်စုဝင်တွေကို အခြေခံစားသောက်ကုန်တွေ ထောက်ပံ့ပေးသွားဖို့နဲ့ အိမ်တွေ အမြန်ပြန်လည် ပြုပြင်ဆောက်လုပ်နိုင်ဖို့အတွက် ဖျာပုံခရိုင် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဦးစီးဌာနက ဆောင်ရွက်ပေးနေတယ်လို့ ဆိုပါတယ်။

More News
Up