
ပုဒ်မ ၅၀၅(က)နဲ့ အမှုဖွင့် တရားစွဲခံထားရတဲ့ သရုပ်ဆောင်တွေရဲ့ ကြော်ငြာဆိုင်းဘုတ်မှန်သမျှကို စစ်ကောင်စီခန့် မန္တလေးစည်ပင်သာယာ တာဝန်ရှိသူရဲ့အမိန့်နဲ့ နှစ်ရက်အတွင်း အပြီးဖြုတ်ခိုင်းနေတယ်လို့ စည်ပင်ဝန်ထမ်းတွေထံက သိရပါတယ်။
မန္တလေးမြို့မှာ ဇွန်လ ၁၅ ရက်နေ့က စပြီး စည်ပင်သာယာဝန်ထမ်းနဲ့ စည်ပင်ရဲတွေက ကြော်ငြာ ဆိုင်းဘုတ်တွေကို လိုက်လံဖြုတ်သိမ်းနေကြတာဖြစ်ပါတယ်။
ကြော်ငြာ ဆိုင်းဘုတ်တွေကို စည်ပင်သာယာထံ လုပ်ငန်းရှင်တွေက အခွန်ငွေပေးပြီး ထောင်ရတာ ဖြစ်တဲ့အတွက် တချို့လုပ်ငန်းရှင်တွေကတော့ "အခွန်ဆောင်ထားရတာတွေပြန်ပေးမှာလား"လို့ မေးခွန်း ထုတ်နေကြပါတယ်။
လူအသွားအလာများတဲ့ အဓိက လမ်းမကြီးတွေမှာ စိုက်ထူထားတဲ့ ဆိုင်းဘုတ်တွေအတွက် အခွန်ပိုမိုပေးဆောင်ထားရတယ်လို့လည်း သိရပါတယ်။
လမ်းဘေးဆိုင်တွေမှာလည်း အဆိုပါ သရုပ်ဆောင်တွေ ပါဝင်တဲ့ ဗီနိုင်းဆိုင်းဘုတ်တွေနဲ့ ကြော်ငြာထားတာ မှန်သမျှ ဖြုတ်ကြဖို့ စည်ပင်ကဝန်ထမ်းတွေ လိုက်ပြောနေကြတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်တွေ အဓိက ဖြတ်သန်းသွားလာရာ အဓိကနေရာတွေဖြစ်တဲ့ မန္တလေးမြို့ ၇၈ လမ်း တစ်လျှောက်၊ ၈၄ လမ်း တလျှောက်၊ ၇၃ လမ်းနဲ့ လမ်း ၃၀ စတဲ့ လမ်းတွေကို အရင်ဆုံး လိုက်လံဖြုတ်ခိုင်းခဲ့တယ်လို့ သိရပါတယ်။
အလားတူ ရန်ကုန်မြို့မှာလည်း အများပြည်သူ ဖြတ်သန်းသွားလာရာ အဓိကလမ်းမကြီးတွေပေါ်က တရားစွဲခံ သရုပ်ဆောင်တွေရဲ့ ကြော်ငြာ ဆိုင်းဘုတ်ကြီးတွေလည်း မရှိသလောက်နည်းပါးသွားပါတယ်။
ဒါ့အပြင် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရုပ်ပုံပါဆိုင်းဘုတ်တွေလည်း ဖြုတ်သိမ်းခံထားရသလို သမ္မတ ဦးဝင်းမြင့်နေထိုင်ရာ တာမွေမြို့နယ်ရှိ ခြင်းလုံးရုံမှာ ချိတ်ဆွဲထားတဲ့ ခြင်းလုံးခတ်နေတဲ့ဓာတ်ပုံတွေကိုပါ စစ်အုပ်စုက လိုက်လံ ဖြုတ်သိမ်းထားပါတယ်။