ဖွဲ့စည်းပုံပြင်ဆင်ရေး ၄ ပွင့်ဆိုင် ဆွေးနွေးရန် အန်အယ်လ်ဒီ ကမ်းလှမ်း

အခြေခံ ဥပဒေ ပြင်ဆင်ရေး ကိစ္စရပ်တွေကို  ဆွေးနွေးဖို့ အတွက် အုပ်ချုပ်ရေး မဏ္ဍိုင် အကြီးအကဲ ဖြစ်တဲ့ နိုင်ငံတော်သမ္မတ၊ လွှတ်တော်နဲ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်တို့နဲ့  တွေ့ဆုံဖို့အတွက် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က မေတ္တာရပ်ခံ ကမ်းလှမ်းတဲ့စာတွေကို  ဒီကနေ့  နိုဝင်ဘာ ၂၅ ရက်နေ့က ပေးပို့ လိုက်ပါတယ်။ Suu4 copyနိုဝင်ဘာ ၂၅ ရက်နေ့မှာ မနက်က သမ္မတ ဦးသိန်းစိန်၊ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ပြည်သူ့ လွှတ်တော်တွေကို လိပ်မှုပေးပို့လိုက်တာ ဖြစ်တယ်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပြောခွင့်ရ ဦးဥာဏ်ဝင်းက ပြောပါတယ်။ နိုင်ငံရေး နည်းအရ ဆွေးနွေးအဖြေရှာသွားဖို့အတွက် ရည်ရွယ်ပြီး စာပေးပို့ရတာ ဖြစ်တယ်လို့ သူက ရှင်းပြပါတယ်။ “အဓိက ရည်ရွယ်ချက်ကလေ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးကွင်းဆင်း လိုက်တော့ ပြည်သူအများကလည်း ပြင်ဆင်လိုတဲ့ ဆန္ဒရှိတယ်. တစ်။ နံပါတ် နှစ်က ဒီဟာ မပြင်လို့ရှိရင် ငြိမ်းချမ်းရေး အတွက်လည်း အဆင်မပြေနိုင်ဘူး။ စစ်မှန်တဲ့ ငြိမ်းချမ်းရေး ရဖို့ ဒါပြင်ဖို့လိုတယ်၊ အဲဒီလို အချက်အလက်တွေကို နိုင်ငံရေးနည်းနဲ့ ဆွေးနွေးညိနှိုင်းချင်တဲ့ သဘောနဲ့ စာတင်တာပါ။” ဒီကမ်းလှမ်းစာကို သမ္မတရုံးက နိုဝင်ဘာ ၂၄ ရက်နေ့ အထိ  လက်ခံရရှိခြင်း မရှိသေးတဲ့ အတွက် သမ္မတကြီးရဲ့ သဘောထားကို  ပြောဆိုနိုင်ခြင်း မရှိသေးဘူးလို့ သမ္မတရဲ့  ပြောခွင့်ရသူ  ဦးရဲထွဋ်က ပြောပါတယ်။ “ယေဘူယျအားဖြင့် အမြဲတမ်းတော့ ပြောခဲ့တာက ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေးဆိုတာ ဒီအခြေခံ ဥပဒေမှာ ပြဌာန်းထားတဲ့ အတိုင်း ပြည်ထောင်စု လွှတ်တော်က စရမယ်ဆိုတာ အမြဲတမ်း ပြောခဲ့တာပေါ့။” သမ္မတရဲ့  ပြောခွင့်ရသူ  ဦးရဲထွဋ်က ပြောပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ   အောက်တိုဘာ ၂၃ ရက်နေ့က  ပါတီဗဟိုအလုပ်အမှုဆောင် အဖွဲ့တွေ တွေ့ဆုံ ဆွေးနွေးကြပြီး  ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေး အဆင်ပြေ ချောမွေ့စွာ ဖြစ်မြောက်စေရေး ရည်ရွယ်ကာ   သမ္မတ ဦးသိန်းစိန်၊ တပ်မတော်၊ လွှတ်တော်တို့နဲ့  တွေ့ဆုံဆွေးနွေးဖို့  စာရေးကမ်းလှမ်းဖို့  ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ အန်အယ်လ်ဒီပါတီဟာ  ပြီးခဲ့တဲ့လကတည်းက   ဖွဲ့စည်းပုံ ပြင်ဆင်ရေး၊ အသစ် ပြန်လည် ရေးဆွဲရေးနဲ့ ပတ်သက်ပြီးတော့  လူထုဆန္ဒခံယူပွဲတွေကို  နိုင်ငံတ၀ှမ်း လှည့်လည် ပြုလုပ်နေတာ ဖြစ်ပါတယ်။ ဒီလူထုဆန္ဒခံယူပွဲက ရလာဒ်တွေအရ အများစုက ဖွဲ့စည်းပုံကို ပြင်ဆင်ရေးကို ထောက်ခံခဲ့ကြတာ ဖြစ်ပြီး  အန်အယ်လ်ဒီက ဒီကိစ္စ လေးပွင့်ဆိုင်ဆွေးနွေးကြဖို့  အခုလို ကမ်းလှမ်းမှုတွေလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

More News
Up