Home
မြန်မာသတင်း
အကြမ်းဖက်စစ်တပ် ပစ်ခတ်သတ်ဖြတ်မှုကြောင့် ကယားပြည်သူ အနည်းဆုံး ၅၀ ခန့် ကျဆုံး
DVB
·
June 14, 2021
198882941_1682045518657630_3387497887446941950_n

စစ်ကောင်စီအကြမ်းဖက်တပ်ဖွဲ့ဝင်တွေရဲ့ ပစ်ခတ်သတ်ဖြတ်မှု‌ကြောင့်  ကယားပြည်နယ်မှာ မတ်လ ၁၉ ရက်မှ  ဇွန်လ ၁၁ ရက်အထိ  ကျဆုံးခဲ့ရသူပေါင်း အနည်းဆုံး အယောက်  ၅၀ ရှိတယ်လို့ UKSY ကရင်နီပြည်လူငယ်များသမဂ္ဂက ဇွန်လ ၁၃ ရက်မှာ  ထုတ်ပြန်ပါတယ်။ 

သေဆုံးသွားသူတွေအထဲမှာ ဒီးမော့ဆိုမြို့နယ်မှ ၂၈ ဦး၊ လွိုင်ကော်မြို့နယ်မှ ၁၇ ဦး၊ ဘော်လခဲမြို့နယ်မှ ၁ ဦး၊  ရှမ်းကယားနယ်စပ် မိုးဗြဲမြို့နယ်မှာ  ၃ ဦးနဲ့ ဖယ်ခုံမြို့နယ်မှာ  ၁ ဦးတို့ ပါဝင်ပါတယ်။ 

သူတို့ထဲမှာ သပိတ်စစ်ကြောင်းဖြိုခွင်းလို့ ထွက်ပြေးစဉ် လိုက်လံပစ်ခတ်ခံရတာ၊ လမ်းပေါ်မှာ ဆိုင်ကယ်မောင်းသွားရင်း အကြောင်းမဲ့ အပစ်ခံရတာ၊ ဘုရားရှိခိုးကျောင်းတွေမှာ စစ်ဘေးရှောင်ခိုလှုံစဉ် လက်နက်ကြီးနဲ့ပစ်ခတ်ခံရတာ၊ စစ်ဘေးရှောင်တွေကို ရိက္ခာသွားပို့စဉ် အပစ်ခံရတာ၊ ကယ်ဆယ်ရေးပစ္စည်းတွေသယ်ဆောင်စဉ် အပစ်ခံရတာ၊ အိမ်ထဲဝင်ပြီး အကြောင်းမဲ့ ပစ်သတ်တာ၊ တိုက်ပွဲမှာ ထိခိုက်ကျဆုံးသွားခဲ့ရသူတွေ ပါဝင်ပါတယ်။ 

ဇွန်လ ၁၁ ရက် တစ်ရက်တည်းမှာတင်  အကြမ်းဘက်စစ်တပ်က  ပြည်သူ ၉ ဦးကို သတ်ဖြတ်ခဲ့ပြီး ဒီဖြစ်ရပ်ဟာ ကယားပြည်သမိုင်းမှာ လူအများဆုံး သတ်ဖြတ်ခံရတဲ့နေ့ တနေ့ဖြစ်တယ်လို့ ဆိုပါတယ်။ 

အခုရရှိထားတဲ့ ကျဆုံးသူ အယောက်  ၅၀ ဟာ စာရင်းအတိအကျရရှိထားတာဖြစ်ပြီး နောက်ထပ် စာရင်းမရသေးဘဲ သေဆုံးသူတွေလည်း ရှိနိုင်တာဖြစ်ပါတယ်။

ဇွန်လ ၁၂ ရက်နေ့ကလည်း  တိုက်ပွဲမရှိပေမယ့် စစ်ကောင်စီတပ်တွေက ရွာသားတွေကို ဖမ်းဆီးနှိပ်စက်ခဲ့တယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF က ထုတ်ပြန်ထားပါတယ်။

ဒီးမော့ဆိုမြို့နယ် မြလဲကျေးရွာမှာ လုံခြုံရေးယူနေတဲ့ အရပ်သားလူငယ်တွေကို  စစ်တပ်က  ဖမ်းဆီးခဲ့သလို နန်းဖယ်ခုံမြို့နယ် ကျွန်းတောရွာက ရွာသား ၆ ယောက်ကိုလည်း ပြည်သူ့ကာကွယ်ရေးတပ်နဲ့ ပတ်သက်တယ်ဆိုပြီး ဖမ်းဆီးနှိပ်စက်ခဲ့တယ်လို့ ဆိုပါတယ်။ 

ဒါ့အပြင် ကျွန်းတောရွာ၊ ဝါးတောခူရွာသစ်ဘက်က ပြည်သူတွေကိုလည်း စစ်ဆေးခြိမ်း ခြောက်တာတွေလုပ်ခဲ့လို့ ရွာသားတွေ ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်သွားကြကြောင်း၊ မိုးဗြဲ မှာလည်း စစ်ဘေးရှောင်ပြည်သူတွေကို ကူညီမယ့်ရိက္ခာတင်ကားကို မီးရှို့ဖျက်ဆီးကာ ပြည်သူ့ကာကွယ်ရေးတပ်တွေ ရှိမယ်လို့ ယူဆရတဲ့နေရာတွေ ကျေးရွာတွေကို စစ်ကြောင်းထိုး နေတယ်လို့ KNDF ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

ကယားပြည်နယ်တဝန်းမှာ စစ်တပ်ရဲ့ပစ်ခတ်မှုတွေကြောင့် ပြည်သူ ၁ သိန်းကျော် တောတောင်ထဲမှာ စစ်ဘေးရှောင်နေရပြီး စားဝတ်နေရေး ဆေးဝါးအခက်အခဲတွေကြုံနေရကာ လသားအရွယ်နဲ့ ရက်သားအရွယ်ကလေးငယ် ၂ ဦး ဆေးဝါးမလုံလောက်လို့ အသက်ဆုံးရှုံးခဲ့ရပြီး နောက်ထပ် ကလေးသူငယ်နဲ့ သက်ကြီးရွယ်အိုတွေအတွက် စိုးရိမ်ပူပန်စရာတွေရှိနေတယ်လို့ ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေသူတွေက ဆိုပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024