ဆီးရီးယားနိုင်ငံမြောက်ပိုင်းမှာ အစိုးရလေတပ် ပစ်ခတ်မှုကြောင့် လူ ၄၀ သေဆုံး

ဆီးရီးယားနိုင်ငံမြောက်ပိုင်း အလစ်ပိုမြို့အနီးတ၀ိုက်ကို အစိုးရလေတပ်က ပစ်ခတ် တိုက်ခိုက်တာကြောင့် အရပ်သားအနည်းဆုံး အယောက် ၄၀ သေဆုံးသွားတယ်လို့ ဆီးရီးယား လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က နိုဝင်ဘာ ၂၄ ရက်က ပြောကြားခဲ့ပါတယ်။ Syriaသီးခြား အတည်ပြုမှု မရယူနိုင်သေးတဲ့ အင်တာနက်ပေါ် တက်လာတဲ့ ဗွီဒီယိုဖိုင်ထဲမှာတော့ အလစ်ပိုခရိုင် အယ်ဘဘ်မြို့လေးမှာ အဆောက်အအုံတွေ ပြိုကျပျက်စီးပြီး ကားတွေလည်း မီးလောင် ပျက်စီးနေပါတယ်။ ဆီးရီးယား လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က အလစ်ပိုမြို့နဲ့ အနီးအနား ပတ်ဝန်းကျင်ကို စနေနေ့တုန်းက အစိုးရလေတပ်က အနည်းဆုံး ၆ ကြိမ် တိုက်ခိုက်လို့  ထိခိုက် ဒဏ်ရာရမှုတွေ ရှိတယ်လို့ ပြောပါတယ်။ ဒီအတောအတွင်းမှာပဲ အယ်လ်ကေးဒါနဲ့ ဆက်စပ်တဲ့ ဆီးရီးယားသူပုန်အဖွဲ့တဖွဲ့က ဆီးရီးယားနိုင်ငံရဲ့ အကြီးဆုံးရေနံမြေကို သိမ်းပိုက်လိုက်တာကြောင့် သမ္မတ ဘာရှားအယ်လ် အာဆတ်ရဲ့ အရန်ရေနံပိုင်ဆိုင်မှုဟာ ကုန်သလောက် ဖြစ်သွားတယ်လို့ ဆိုပါတယ်။ ရေနံမြေတွေအများစုဟာ အခုအချိန်မှာ သူပုန်တွေ၊ လူမျိုးစုခေါင်းဆောင်တွေနဲ့ ကာဒ့်သူပုန်တွေရဲ့ လက်ထဲကို ရောက်ကုန်ကြပါပြီ။ တချို့ကလည်း သမ္မတအာဆတ်က ရေနံကို ပြန်ရောင်းဖို့ စိတ်ဝင်စားနေတယ်လို့ ဆိုပါတယ်။။ ဒီတိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့ အစိုးရဖက်က တုန့်ပြန်တာ မရှိသေးပါဘူး။ အင်အားကြီးနိုင်ငံတွေလည်း တိုက်ခိုက်နေတဲ့နှစ်ဖက်စလုံးကို ဂျီနီဗာ ၂ (Geneva 2) လို့ ခေါ်တဲ့ နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံကို ခေါ်ပြီး ဖြေရှင်းပေးဖို့ ကြိုးစားနေပါတယ်။ နောက်လလယ်လောက်မှာ စီစဉ်ထားပါတယ်။ ဆီးရီးယား ငြိမ်းချမ်းရေးကိုယ်စားလှယ် လက်ခ်ျဒါ ဘရာဟီမီ (Lakhdar Brahimi)ဟာ ပြီးခဲ့တဲ့ စနေနေ့က ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီ လက်ဗ်ရော့်(Sergei Lavrov )နဲ့ ဂျနီဗာမြို့မှာ ဆွေးနွေးခဲ့ပါသေးတယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီနဲ့ တွေ့ဆုံလိမ့်မယ်လို့လည်း မျှော်လင့်ရပါတယ်။ ကုလသမဂ္ဂစာရင်းတွေအရ ဆီးရီးယားပြည်တွင်းစစ်မှာ စုစုပေါင်း လူဦးရေ ၁ သိန်းကျော် သေဆုံးခဲ့ပြီး ဖြစ်ပါတယ်။ ဆီးရီးယားပြည်တွင်းစစ်ဟာ အိမ်နီးချင်းနိုင်ငံရဲ့ တည်ငြိမ်ရေးကိုလည်း ထိခိုက်လာပါတယ်။ လူမျိုးရေနဲ့ ဘာသာရေးတင်းမာမှုတွေဟာ ဆီးရီးယားနိုင်ငံ နယ်နမိတ်ကို ကျော်လွန်လာပြီး အထူးသဖြင့် ဒေသတွင်း ရှီးယာဂိုဏ်းနဲ့ ဆွန်နီဂိုဏ်းတို့ရဲ့ တင်းမာမှုကို ပိုမိုဆိုးဝါးစေခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up