Live
Home
မြန်မာသတင်း
ပြည်တွင်းပါတီခေါင်းဆောင်တွေ ပြည်ပအခြေစိုက် နိုင်ငံရေးအင်အားစုတွေနဲ့ အမြင်ချင်းဖလှယ်
DVB
·
November 23, 2013
ပြည်တွင်းနိုင်ငံရေးပါတီ ၁၁ ခုက ထိပ်တန်းခေါင်းဆောင်တွေဟာ  ပြည်ပအခြေစိုက် နိုင်ငံရေးအဖွဲ့အစည်းတွေနဲ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ နိုဝင်ဘာ ၂၃ ရက်က ဒုတိယမြောက်နေ့ တွေ့ဆုံ ဆွေးနွေးခဲ့ကြပြီး နှစ်ဘက်သဘောထားအမြင်တွေ ဖလှယ်ခဲ့ကြပါတယ်။ 23112013ဆွေးနွေးပွဲ ဒုတိယနေ့မှာတော့ ထိုင်းအခြေစိုက် ရှမ်းလူမှုအခြေပြုအဖွဲ့တွေ၊ အန်အယ်ဒီ(အန်အေ)၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီနဲ့  ကျောင်းသားတပ်မတော် (အေဘီအက်ဖ်ဒီအက်ဖ်)စတဲ့ ပြည်ပအခြေစိုက် အဖွဲ့အစည်းတွေရဲ့ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ကြတာ ဖြစ်ပါတယ်။ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီက ဦးဇော်အေးမောင်က ပြည်တွင်းနိုင်ငံရေး အခြေအနေတွေကို ပွင့်ပွင့်လင်းလင်း ဆွေးနွေး ပြောကြားမှာ ဖြစ်တယ်လို့  ဆွေးနွေးပွဲအစ မိတ်ဆက်စကားမှာ အခုလို ထည့်သွင်း ပြောကြားခဲ့ပါတယ်။ “မြန်မာနိုင်ငံမှာ ဒီမိုကရက်စီ ပြုပြင်ပြောင်းလဲရေး ဘယ်လိုသွားနေလဲ။ ဘယ်လို ပုံစံမျိုးနဲ့ ပြောင်းလဲနေလဲ။ ဘယ်ဟာတွေက အနှောက်အယှက်ဖြစ်နေလဲ။ ဘယ်ဟာတွေက နည်းနည်းလေး အချိန်ယူပြီး လုပ်ရမလဲ။ ဒါမျိုးလေးတွေကို ကျနော်တို့လည်း ပွင့်ပွင့်လင်းလင်း ပြောပါ့မယ်။ အဲဒီတော့ ဒီပွဲကလေးကတော့ အင်မတန် ကောင်းတဲ့ ပွဲလေးပါ။ စီစဉ်ပေးတဲ့ မြန်မာ့ငြိမ်းချမ်းရေး စင်တာက အဖွဲ့တွေကိုလည်း ကျေးဇူးတင်တယ်။” ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့  အထွေထွေအတွင်းရေးမှူး စိုင်းညွန့်လွင် ကတော့  အမြင်ချင်း ဖလှယ်ခဲ့ကြတယ်လို့ ဆွေးနွေးပွဲအပြီးမှာ ပြောပါတယ်။ “အမြင်ချင်းဖလှယ်တဲ့ အဆင့်ပါပဲ။ ဘာလို့လဲဆိုတော့ လက်မှတ်ထိုးတာတွေ၊ သဘောတူတာတွေ ဆုံးဖြတ်ချတာတွေ မရှိပါဘူး။ အမြင်မတူကျရင် တယောက်နဲ့ တယောက်သိသွားပြီလေ။ ဒီပွဲမှာ ဘယ်သူ ဘယ်လို သဘောထားရှိတယ်ဆိုတာ သိကြမှာပဲ။ နောက်ကျတော့ စားပွဲဝိုင်းမှာတော့ ညှိရမှာပေါ့။ အခု တွေ့တယ်ဆိုတာက ရှောင်လွှဲလို့မရတဲ့ ကိစ္စပဲလေ။ ပါတီစုံ ဒီမိုကရေစီ စနစ် သွားကြမယ်ဆိုတဲ့အခါမှာ ဒါကို ရှောင်လို့ မရပါဘူး။ တွေ့ရမှာပဲ။ အခုမတွေ့လည်း နောင်တွေ့မှာပဲ။ အချိန်ကာလမကြာအောင် အခုကတည်းက စတွေ့တာကောင်းပါတယ်။” ပြည်တွင်းနိုင်ငံရေးပါတီခေါင်းဆောင်တွေဟာ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ နိုဝင်ဘာ ၂၂ နဲ့ ၂၃ ရက် ၂ ရက်ကြာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်တွေ၊ ပြည်ပအခြေစိုက် နိုင်ငံရေး အဖွဲ့အစည်းတွေနဲ့ ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024