Home
ဆောင်းပါး
အငြိမ်းစား တပ်မတော်အရာရှိကြီးတစ်ဦးရဲ့ မင်းအောင်လှိုင်ထံပေးစာ
DVB
·
June 8, 2021

သို့

ကိုမင်းအောင်လှိုင်

ဒီစာမှာ ငါတပ်မတော်မှာ တာဝန်ထမ်းဆောင်ချိန်ရော အသက်အရွယ်အရပါ ကွာတာနဲ့ မင်းကို ခေါ်ခဲ့တဲ့အတိုင်း ကိုမင်းအောင်လှိုင်လို့ပဲ ခေါ်ပါမယ်။ ဗိုလ်ချုပ်မှူးကြီးလို့တော့ မခေါ်ပါ။ ငါက စစ်မှုထမ်းဟောင်း တယောက်အနေနဲ့ရော၊  နိုင်ငံသားတဦးအနေနဲ့ပါ မင်းကို ငါတို့ရဲ့ ကာကွယ်ရေးဦးစီးချုပ်အဖြစ် အသိအမှတ်မပြုဘူး။

ငါက ဗိုလ်သင်တန်းတက်၊ တပ်မတော်ထဲဝင်၊ နောက်ဆုံး အရပ်ဘက်ဝန်ကြီးဌာနကနေ အနားယူချိန်အထိ ဗိုလ်ချုပ်ကြီးတင်ဦးကစပြီး ဗိုလ်ချုပ်ကြီးကျော်ထင်၊ ဗိုလ်ချုပ်မှူးကြီးစောမောင်နဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေစသဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကြီး လေးဦးအောက်မှာ အထက်က ပေးအပ်တဲ့တာဝန်ကို ကျရာရောက်ရာနေရာမှာ တိတိကျကျ မှန်မှန်ကန်ကန် ကျေကျေပွန်ပွန် ထမ်းဆောင်ခဲ့ပြီး ဖြစ်တယ်။ 

ဦးစီးချုပ်အားလုံးကို ငါ့တို့တပ်မတော်အကြီးအကဲများအဖြစ်  နိုင်ငံ့ခေါင်းဆောင်များအဖြစ် အသိအမှတ်ပြု လေးစားခဲ့တယ်။  လက်ရှိ မင်းကိုဘာကြောင့် အသိအမှတ်မပြုနိုင်တော့လဲ၊ ဒီစာကို ငါဘာကြောင့်ရေးရသလဲ စတဲ့ အချက်တွေကို စစ်သားပီပီ ရှင်းရှင်းလင်းလင်းဆက်ပြောမယ်။

ဒီစာရဲ့ အဓိကအချက်ကတော့ ငါတို့ နိုင်ငံတော်မှာ ဖေဖေါ်ဝါရီ ၁ ရက်နေ့က မင်း အာဏာသိမ်း ဖြစ်စဉ်နောက်ပိုင်း  အကျိုးသက်ရောက်မှုတွေနဲ့ လက်ရှိပကတိအခြေအနေတွေအရ အကောင်းဆုံး အဖြေကတော့ မင်းအနေနဲ့ ကာကွယ်ရေးဦးစီးချုပ်ရာထူးက အနားယူ၊ မင်းမိသားစုနဲ့ မင်းရဲ့ စီးပွားရေး၊ နိုင်ငံရေးအရှုပ်တွေကို မှန်မှန်ကန်ကန် ရှင်းလင်း၊ မင်းဖွဲ့ခဲ့တဲ့ နစကကို ဖျက်သိမ်းပြီး နိုင်ငံတော်အသစ် ပြန်လည်တည်ဆောက်ဖို့ အိမ်စောင့် ပြည်ထောင်စုအစိုးရတရပ်ကို အမြန်ဆုံးပြင်ဆင်ဖွဲ့စည်းဖို့ အရေးတကြီးလိုအပ်နေတာပဲ ဖြစ်တယ်။

ဒီအစိုးရမှာလည်း ပါသင့်ပါထိုက်တဲ့ ငါတို့ ပြည်သူ တိုင်းရင်းသားများအားလုံး လက်ခံနိုင်တဲ့ ပုဂ္ဂိုလ်တွေနဲ့ ဖွဲ့စည်းဖို့လိုအပ်တယ်။ ဒီထဲမှာ ငါတို့ တပ်မတော်ခေါင်းဆောင်တွေ ပါကို ပါရမယ်၊ ဦးဆောင်ရမယ်။ ဒါပေမဲ့  မင်းလိုပဲ အနားယူရမယ့် အချိန် လင့်နေပြီဖြစ်တဲ့ စိုးဝင်းတို့၊ အထူးသဖြင့် အာဏာသိမ်းပွဲမှာ ပါဝင်ခဲ့သူတွေ လုံးဝ မပါဖို့ လိုတယ်။ 

နိုင်ငံရေးပါတီတွေထဲက ပြီးခဲ့တဲ့ နိုဝင်ဘာရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ ပါတီတွေရဲ့ ကိုယ်စားလှယ်တွေလည်း ပါရမယ်၊ အန်အယ်လ်ဒီသည် ငါထောက်ခံတဲ့ နိုင်ငံရေးပါတီတခုမဟုတ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ သူတို့အနိုင်ရခဲ့ရုံမက ငါတို့ နိုင်ငံသားအများစု လက်ခံထားတဲ့ ပါတီကြီးတစ်ခုဖြစ်လို့ မပါမဖြစ် ပါရမယ်။  ရွေးကောက်ပွဲမှာ မနိုင်ခဲ့ပေမယ့် အများစုကို ကိုယ်စားပြုနိုင်တဲ့ တိုင်းရင်းသားကိုယ်စားလှယ် ခေါင်းဆောင်တွေလည်း ပါရမယ်၊ နောက်ဆုံးမှာတော့ ငါတို့ လက်ခံထားတဲ့ အထူးသဖြင့် NCA လက်မှတ် ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ကိုယ်စားပြုကိုယ်စားလှယ်တွေ ပါသင့်တယ်။

ဒီအစိုးရရဲ့ တာဝန်ကတော့ ငါတို့ပြည်ထောင်စုကြီး မပြိုကွဲရေး၊ လုံခြုံရေး၊ နိုင်ငံရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး၊ ဘာသာ သာသနာ လမ်းကြောင်းမှန်ပေါ် ပြန်လည်တည့်မတ်ပေးဖို့ပဲ။ နောက်ပြီး  ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအပေါ် အခြေခံပြီး တရားမျှတတဲ့ ရွေးကောက်ပွဲကြီးတရပ် အမြန်ဆုံး ပြန်လည် ကျင်းပပေးဖို့ပဲ ဖြစ်တယ်။  မင်းပြောသလို ၂ နှစ်စောင့်စရာမလို။

မင်း အာဏာသိမ်းအပြီး ငါတို့ တပ်ဘက် နယ်ဘက်က  မိတ်ဆွေသူငယ်ချင်းတွေကြား အတော်လေး ငြင်းခုံ ဆွေးနွေးဖြစ်ကြတယ်။ ငါတို့အနေနဲ့ကတော့ တိုင်းပြည်ရဲ့ ရင်လေးစရာ အခြေအနေတွေကြောင့်  မင်းအာဏာသိမ်းနိုင်မယ်ဆိုတာ တစိုးတစ သတင်းရခဲ့ပြီး ဖြစ်လို့ မကြိုက်ပေမယ့် သိပ်မအံ့သြခဲ့ဘူး။  ရွေးကော် မဲစာရင်းမှားယွင်းမှုတွေ ငါ လက်မခံ၊ အန်အယ်လ်ဒီ မတရားတာ ငါမကြိုက်။ မဲဆွယ်ချိန်၊ မဲဆွယ်ပုံတွေကို လုံးဝ လုံးဝ မကြိုက်၊ တရားမျှတမှုမရှိ၊ ဒုတိယအကြိမ် လွှတ်တော်များ သက်တမ်းစေ့ ပြီးဆုံးအောင် မခေါ်ခဲ့တာကိုက ကိုဗစ် အခက်အခဲထက် တမင်အနိုင်ကျင့်တာလို့ပဲ သတ်မှတ်ရမှာပဲ။  ငါ့အနေနဲ့ သူတို့အုပ်ချုပ်ခဲ့တဲ့ ကာလအတွင်း ပေါ်လစီ အလုံးစုံ သဘောမတူနိုင်ရင်တောင် နိုင်ငံကို ဖျက်ဆီးသွားတာတော့ လုံးဝမဟုတ်ဖူး။ ဘက်စုံတိုးတက်မှုရှိခဲ့တာကို ဘယ်လိုမှငြင်းမရဘူး။

ဒါပေမဲ့  သူတို့ မဲလိမ်ခဲ့တယ်ဆိုတဲ့ နိုင်ငံရေးဖြစ်စဉ်မှာ  တပ်မတော်က ဝင်ရောက်စွက်ဖက်ပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ အာဏာသိမ်းသည် အထိလုပ်ရအောင် မင်းကို အာဏာလွှဲပေးတာ တရားဝင်ဖြစ်ဖို့ မင်းလုပ်ခဲ့ပုံကိုတော့ ငါတို့ သူငယ်ချင်းတွေကြား အကြောင်းမျိုးစုံ ရှင်းကြလင်းကြ ဆွေးနွေးနေကြတဲ့ အထဲက အဓိက ၂ ချက်ကို သွားတွေ့တယ်။

(၁)  မင်းတို့ တရားဝင် ရှင်းပြထားသလို နိုင်ငံတော်အာဏာကို မတရားနည်းနဲ့ အတင်း အဓမ္မရယူဖို့ လုပ်ဆောင်ချက်တွေကြောင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကာကွယ်ရေးဦးစီးချုပ် အနေနဲ့ နိုင်ငံတော်အာဏာကို လွှဲယူနိုင်တယ်။

(၂) တရားဝင်တော့ မဟုတ်။ နောက်ကွယ်မှာ ငါတို့ နားလည်ထားတဲ့ နောက်တချက်က သမ္မတသည် ရွေးကောက်ခံကိုယ်စားလှယ်ဖြစ်ခွင့်မရှိသည့်အတွက်  ရွေးကော်က သမ္မတ ဦးဝင်းမြင့်ကို ရွေးကောက်ခံ ကိုယ်စားလှယ်လက်မှတ် ထုတ်ပေးလိုက်တဲ့အချိန်မှာ ဦးဝင်းမြင့်သည် နိုင်ငံတော်သမ္မတ မဟုတ်တော့တဲ့ အတွက် ဒုသမ္မတကိုမြင့်ဆွေက ယာယီသမ္မတအနေနဲ့ ကာကွယ်ရေးဦးစီးချုပ်ကို တာဝန်လွှဲပေးတယ်။

အချက် (၁) ကတော့ ငါတို့ကြား အရပ်သား ဥပဒေပညာရှင်တွေနဲ့ ဆွေးနွေးချက်အရ မဖြစ်နိုင်၊ ဒါထားတော့။ ဒါကို အခြေခံဥပဒေခုံရုံးမှာ အယူခံဝင် ငြင်းခုံရုံပဲ ရှိမယ်၊ ယခင် လူကြီးတွေဆီက ငါတို့ ကြားဖူးနားဝ ရှိတာကတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည် တပ်မတော်မှ  အာဏာသိမ်းလို့ မရအောင်ဆွဲထားတာပဲ ဖြစ်တယ်လို့ ငါ လုံးဝ ယုံကြည်တယ်။ ကာကွယ်ရေး ဦးစီးချုပ်သည်  ဖွဲ့စည်းပုံမဖျက်ဘဲ နိုင်ငံတော်အာဏာကို သမ္မတဆီက ဘယ်နည်းနဲ့မှ  ယူလို့ မရ။

အချက် (၂)  မင်းကိုယ်တိုင် အမိန့်ပေးစေခိုင်းချက်အရ ကိုမြင့်ဆွေက ကာလုံအစည်းအဝေးခေါ်ပြီး မင်းကို နိုင်ငံတော်အာဏာ လွှဲပြောင်းပေးခဲ့တာက မကောင်းတဲ့သမိုင်းထဲက သံသရာလည်လာတဲ့ လုပ်ဇာတ်ပဲ ဖြစ်ပြီး ဘယ်လိုမှ တရားမဝင်နိုင်ဘူး။

မင်းလုပ်ရပ် အခြေခံဥပဒေနဲ့ မညီ ဘောင်မဝင် တရားမဝင်ဆိုတဲ့ နေရာမှာ အချက်တွေအ များကြီးထဲက ရှင်းရှင်းလင်းလင်းပဲ ကြည့်တတ်တဲ့ ငါတို့ တပ်မတော်သားတွေ အလွယ်တကူ နားလည်နိုင်သလို ပြောရရင် သံချပ်ကာ အင်အားပြ၊ တိုင်းမှူးတွေ  အပြောင်းအရွှေ့၊ တပ်ရင်းတပ်ဖွဲ့တွေ အသင့်အနေအထားကစပြီး အင်တာနက်ဖြတ်တာအပါအဝင် နောက်ဆုံး မင်းအမိန့်နဲ့ ကိုမြင့်ဆွေ ကာလုံမခေါ်ခင်ကတည်းက အာဏာတည်ဆဲ ရွေးကောက်ခံ နိုင်ငံတော် သမ္မတနဲ့ အစိုးရတဖွဲ့လုံးကို ထိန်းသိမ်းခဲ့တာကြောင့်ပဲ ဖြစ်တယ်။

ဒီအချက်အရ မင်းသည် အခြေခံဥပဒေကို ဘောင်ကျော်ပြီး  လုပ်ခဲ့တာဖြစ်နေပြီ။ ဒါတွေတင်မက နောက်ပိုင်း ကြားလာရတဲ့ မင်းက သမ္မတဖြစ်ဖို့ တောင်းဆိုတာနဲ့ တခြားသော ရည်မှန်းချက်တွေနဲ့ မိသားစု စီးပွားရေးလုပ်ငန်းတွေနဲ့ မင်းနားရင် အေးအေးလူလူနားဖို့ ဘယ်လိုနည်းနဲ့မှ မဖြစ်နိုင်တာတွေကြောင့် နောက်ဆုံး တာဝန်မဲ့ အာဏာသိမ်း လုပ်ရပ်ကြောင့် ငါတို့ တပ်မတော်သမိုင်းမှာ အမည်းစက်ကြီးလို ကျန်နေခဲ့မှာဖြစ်ရုံမက နောက်ဆက်တွဲ ဆိုးကျိုးများစွာကို

ငါတို့တပ်မတော်သာမက ငါတို့ ပြည်သူတွေ၊ တိုင်းရင်းသားတွေ အားလုံးခံစားနေရပြီပဲ ဖြစ်တယ်။

မင်းလုပ်လိုက်ပုံက တပ်မတော် ရေးဆွဲခဲ့တဲ့ လမ်းပြမြေပုံပေါ် အခြေပြု တည်ဆောက်ခဲ့တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပျက်လုနီးပါး ဖျက်ဆီးလိုက်တာပဲ။ တပ်မတော်က နိုင်ငံတော်ကို ထိန်းကျောင်းပေးဖို့ တည်ဆောက်ထားတဲ့ အခြေခံဥပဒေကို တပ်အင်အားအပြည့်နဲ့ အာဏာသိမ်းလိုက်တော့ ငါတို့ တပ်မတော်ကို အနာဂတ်မှာ ပြည်သူက ဘယ်လိုလုပ်ပြီး ယုံစားတော့မှာလဲ။

ရှေ့မဆက်ခင် ငါ့ရဲ့ နိုင်ငံရေးခံယူချက်ကို မေးစရာဖြစ်နေမှာစိုးလို့ နည်းနည်းတော့ ရှင်းပြလိုက်မယ်။ ငါတပ်မတော်မှာ သမ္မတကြီး ဗိုလ်ချုပ်ကြီး သိန်းစိန် အပါအဝင် အထက်အရာရှိစုံ၊ ဒေသစုံ၊ စစ်ဆင်ရေး စုံအောင် တာဝန်ကျခဲ့ဖူးတယ်။  တာဝန်ထမ်းဆောင်စဉ် ကာလ တလျှောက် ငွေတကျပ် လာဘ်မစားခဲ့ဘူး၊ အထက်အောက် ဖော်လံဖား မလုပ်ခဲ့ဘူး၊ အဲဒီခေတ်ကာလအရ အခြေအနေ အကျပ်အတည်းတွေ အရ အရပ်သားတွေနဲ့ ဆက်ဆံခဲ့တယ်။ သူတို့ အကူအညီတွေယူခဲ့တယ်။ အထူးသဖြင့် သင်တန်းတွေ တက်ရချိန် ဒေသခံ လုပ်ငန်းရှင်ကြီးတွေပံ့ပိုးမှုနဲ့ ရပ်တည်ခဲ့ရတယ်၊ နေထိုင်မကောင်းဖြစ်တော့ သူတို့ အကူအညီတွေကို အများနည်းတူ ရယူခဲ့ဖူးတယ်၊ ဒါတောင် မင်းအပါအဝင် ခေတ်အဆက်ဆက် ခေါင်းဆောင်များနဲ့ လုပ်ငန်းရှင်ကြီးများဆက်ဆံရေးလို ငါတို့က

အများကြီးယူခဲ့ရတာ မဟုတ်ပါဘူး။ 

ငါ့ကို နိုင်ငံတော်နဲ့ တပ်မတော်က ပေးတဲ့ မြေကွက်ယူခဲ့တယ်၊ ကားလိုင်စင်တွေရခဲ့တယ်။ ငါအရပ်ဘက် ပြောင်းတော့မှပဲ အဲဒီအကူအညီ၊ အခွင့်အရေးတွေဟာ ပြည်သူတွေ လက်လှမ်းမမီ နိုင်ဘဲ ငါတို့ တပ်မတော်ထဲမှာလည်း  တပ်မတော်သားတိုင်း မရနိုင်တဲ့ လူနည်းစုအရာရှိကြီးတွေအတွက်ပဲ ရှိနေခဲ့တာနဲ့ အထူးသဖြင့် နိုင်ငံတကာမှာ သိက္ခာရှိရှိ ရင်ဘောင်တန်းနိုင်တဲ့ နိုင်ငံတော်သစ်တရပ်ရဲ့ တပ်မတော်မှာ လုံးဝ မရှိသင့်တော့တဲ့ စနစ်ဟောင်းက အမွေဆိုးတွေပဲ  ဆိုတာကို အချိန်အတော်ကြာလာတော့ သဘောပေါက်လာခဲ့တယ်။ 

ဘုရားဖူးအပါအဝင် နိုင်ငံတကာကို လည်ပတ်ခွင့်လေးတွေ ကြုံလာတော့ မျက်စိပွင့် နားပွင့်လာတာလည်း ပါတယ်။ ငါနဲ့ ပေါင်းမိတဲ့ စီးပွားရေး လုပ်ငန်းရှင်ကြီးတွေ၊ လုပ်ဖေါ်ကိုင်ဖက်

မိတ်ဆွေတွေ၊ တခြားပညာရှင်တွေဆီက ဗဟုသုတလေးတွေရလာတာလည်း ပါတယ်။ အရင်ကတော့ ငါတို့နိုင်ငံမှာ လွတ်လပ်ရေးရကတည်းက ခေတ်အဆက်ဆက် မတိုးတက်ခဲ့တာ နယ်ချဲ့က  သွေးခွဲခဲ့လို့၊ လက်နက်ကိုင်သောင်းကျန်းသူတွေကြောင့်၊ အရင်းရှင်စနစ်၊ စည်းကမ်းမရှိတဲ့ ပါတီစုံစနစ်တွေကြောင့် စသည်ဖြင့် ဒီလိုပဲ ခံယူခဲ့တယ်။

နယ်စပ်တိုက်ပွဲတွေမှာ ပြည်ပရန်သူတွေနဲ့ ထိတွေ့မှုဖြစ်စဉ်တွေမှာ  ငါအထူးတာဝန်ကျေခဲ့တယ်။ နဝတအောက် ခေါင်းဆောင်တွေပြောင်း ထုံးစံအတိုင်း ငါတို့လို မှန်မှန်ကန်ကန်ရပ်တည်ရင် ရာထူးအတက်နှေးတဲ့ စနစ်ကြီးထဲ ငါ့ကို  အထက်က အရပ်ဘက်ပြောင်း တာဝန်ထမ်းရမယ်ဆိုတော့ ငါချစ်တဲ့ တပ်မတော်ကနေ ကြည်ကြည်ဖြူဖြူပဲ  နုတ်ထွက်ခဲ့ရတယ်။

မိသားစု စီးပွားရေး အခက်အခဲတွေရုန်းကန်ရင်း အရပ်ဘက်ဆက်ဆံရေးတွေကြား ငါလည်း နည်းနည်းတော့ မျက်စိပွင့်လာခဲ့တယ်။ နောက်ဆုံး အရပ်ဘက်ဝန်ကြီးဌာနတာဝန်တွေက အနားယူပြီး မိသားစုရပ်တည်ဖို့ ကိုယ်သိခဲ့တဲ့ လုပ်ငန်းရှင်ကြီးတွေဆီ အကူအညီတောင်း၊ သူတို့လိုအပ်တာတွေ ငါ့အဆက်အသွယ်နဲ့ လုပ်ပေးနိုင်သမျှ လုပ်ပေး စသည်ဖြင့် ရပ်တည်ကြည့်တော့မှ ငါတို့ တပ်မတော်ပြင်ပမှာ ကြုံတွေ့နေရတဲ့ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး

ကဏ္ဏတွေကို ပိုပြီး သဘောပေါက်လာခဲ့တော့တယ်။

သမ္မတကြီး ဦးသိန်းစိန် လက်ထက် ငါ့ကို ပြည်ခိုင်ဖြိုးပါတီဝင်ပြီး လွှတ်တော်ကိုယ်စားလှယ်လုပ်ဖို့ ကမ်းလှမ်းခဲ့ပေမယ့် ပါတီနိုင်ငံရေး လုံးဝ စိတ်မဝင်စားတာက တချက်၊ လက်ရှိ အလုပ်နဲ့ မအပ်စပ်တော့တာတွေကြောင့်လည်း ရဲဘော်ရဲဘက် ညီအကိုအရင်းတွေကို ရှင်းပြ၊ ငြင်းခဲ့ရတယ်။ သမ္မတကြီးကလည်း ငါရှင်းပြတာကို ကြည်ကြည်ဖြူဖြူပဲ လက်ခံခဲ့ပါတယ်။ သူကလည်း ငါ့စစ်မှုထမ်းသမိုင်းအကြောင်း ကောင်းကောင်းကြီးသိခဲ့တာကိုး။

အရပ်ဘက်စီးပွားရေးမှာ ငါနဲ့ ခင်မင်ခဲ့တဲ့ ငါကိုယ်တိုင်လေးစားနိုင်တဲ့ လုပ်ငန်းရှင်တချို့နဲ့ လက်တွဲပြီး လုပ်ငန်းတွေ လုပ်လာတော့မှ တပ်မတော်မှာ အရပ်ဘက်အစိုးရပိုင်းမှာ တာဝန်ယူခဲ့စဉ် ခပ်သဲ့သဲ့သာ ကြားခဲ့တဲ့ ပြည်ခိုင်ဖြိုးပါတီထဲ၊ တပ်မတော်ခေါင်းဆောင်တွေနဲ့ ခရိုနီတွေကြား လာဘ်ပေးလာဘ်ယူ၊ အခွင့်ထူးတွေ၊ အကျင့်ပျက်မှုခြစားမှုတွေကို ကွက်ကွက်ကွင်းကွင်း နားမခံနိုင်အောင် ကြားလည်းကြား၊ သိလည်းသိလာတော့တယ်။

အမျိုးသားနိုင်ငံရေးခေါ်ခေါ်၊ ပါတီနိုင်ငံရေး မကောင်းဘူးပြောပြော၊ နောက်ဆုံး ပြည်ခိုင်ဖြိုးထဲမှာ သမ္မတကြီးနဲ့ ကိုရွှေမန်းတို့ ထိပ်တိုက်ဖြစ်ကြတော့ ငါတို့လို တပ်မတော်သားတွေ အတတ်နိုင်ဆုံး

ဘေးရှောင်ခဲ့ရတယ်။  ဒီဖြစ်စဉ်က ဘာကို ပြတာလဲဆိုတော့ နိုင်ငံရေးသည် နိုင်ငံရေး ဆိုတာပဲ။ ၂၀၀၈ ဖွဲ့စည်းပုံထဲ တပ်မတော်ရဲ့ကဏ္ဍကို  ရေးဆွဲခဲ့စဉ်က  တပ်မတော်က အာဏာသိမ်းစရာမလိုအောင်၊ ထိန်းကျောင်းပေးမယ့် တာဝန်က အဓိကပဲ။ ငါ အခုထိ ဒီအတိုင်း ခံယူထားတယ်။ တကယ်လက်တွေ့မှာ နိုင်ငံရေးအာဏာရဖို့ဆို လက်ရှိ တပ်မတော်ခေါင်းဆောင်တွေဖြစ်ဖြစ်၊  အနားယူပြီး အရပ်ဝတ် အရပ်သား ဖြစ်ဖြစ် ကိုယ့်အာဏာ တည်မြဲရေး၊ ကိုယ့်နိုင်ငံရေး ခံယူချက်နဲ့ တွန်းတိုက် ပြိုင်ဆိုင်ကြရင် ငြင်းကြ ရန်ဖြစ်ကြ နောက်ဆုံး

ကွဲကြ ပြဲကြအထိ ဖြစ်လာရင် တပ်မတော်က တည့်မတ်ပေးနိုင်တဲ့ ဥပဒေပြုရေး အပိုင်းနဲ့ နိုင်ငံတော်လုံခြုံရေးအရ အရေးကြီး ဝန်ကြီးဌာနပိုင်းတွေမှာ ရှိနေရင် လုံလောက်နေပြီ။

လက်နက်ကိုသုံးပြီး အာဏာသိမ်းရမယ်ဆိုရင်တော့ မင်းပြောသလို တပ်လည်းနာ  တိုင်းပြည်လည်း နာပြီပေါ့။ ငါတို့ သမိုင်းကို ကြည့်ရင်လည်း အရပ်ဝတ်လဲ မလဲ မထူးပါဘူး။ ငါကိုယ်တိုင်လေးစားခဲ့တဲ့

ဗိုလ်ချုပ်ကြီး ခင်ညွန့်တို့၊  ကိုရွှေမန်းတို့၊ ဗိုလ်ချုပ်ကြီး စိုးသိန်းတို့ နိုင်ငံရေး ခံယူချက်တွေနဲ့ ကွဲကြ ပြဲကြတာပဲလေ။ သူတို့က ငါတို့ တပ်မတော် ခေါင်းဆောင်တွေပဲ။ အရပ်သားတွေမှ မဟုတ်တာ။ ၁၉၈၈ က ၂၀၁၅ အတွင်း ကွဲကြ၊ ပြဲကြ၊ လာဘ်စားကြ၊ အနားပေးလိုက်ကြ၊ အဖမ်းခံကြ ဆိုတာတွေက အားလုံးလိုလို ငါတို့ တပ်မတော် ခေါင်းဆောင်ဟောင်းတွေပဲလေ။ ပြောနေကြတဲ့

အမျိုးသား နိုင်ငံရေးခေါင်းစဉ်အောက်မှာ ဖြစ်ခဲ့တာတွေချည်းပါပဲ။

မင်းကိုယ်တိုင်လည်း ကျော်ဆွေကို သူက အဖွားကြီးအောက်ရောက်သွားပြီဆိုပြီး ဖယ်ခဲ့တာပဲ။ ကျော်ဆွေတင်မကပါဘူး၊ တကယ်က ကိုစိန်ဝင်းရော၊ ရဲအောင်ရော အရပ်သား အစိုးရအောက် တာဝန်ပေးတဲ့ အတိုင်းလုပ်ရတာကို မင်းလက်မခံနိုင်ခဲ့ဘူးလေ။ ဒါတွေက ငါပြောခဲ့တဲ့ အတိုင်း ကိုယ်ပိုင်နိုင်ငံရေး ရည်မှန်းချက်တွေကြောင့် တပ်မတော် တာဝန်တွေကို ချမှတ်ပေးထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအတိုင်း မလိုက်နာနိုင်ဖြစ်လာရတာ သူများရဲ့ နိုင်ငံရေးတာဝန်တွေကို မနာလို မရှုဆိတ်  ဖြစ်လာတဲ့ သံသရာတွေပါပဲ။

၂၀၁၅ မှာ သမ္မတကြီးနဲ့ ပြည်ခိုင်ဖြိုးရှုံးသွားပြီး မင်းအတွက် နဂို လျာထားခဲ့တဲ့ နိုင်ငံတော် သမ္မတရာထူး မရနိုင်တော့ပြီဆိုတာနဲ့ မင်းအနေနဲ့ သတ်မှတ်ထားတဲ့ အတိုင်း တပ်မတော်က အနားယူဖို့ဟာက အထစ်အငေါ့ရှိတော့မှာကို ငါတို့ ဆွေးနွေးဖြစ်ကြတယ်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ချမှတ်ထားခဲ့တာကို မလိုက်နာဘဲ အနားမယူ သက်တမ်းတိုးလိုက်တယ်ဆိုတော့ မင့်အပေါ် ငါ့လေးစားမှုလုံးဝမရှိတော့။ သတ်မှတ်ထားတဲ့ စည်းကမ်းကို မင်းကိုယ်တိုင်မှ မလိုက်နာတော့ ငါတို့ တပ်မတော်ကြီးက နိုင်ငံရေးမှာ ဘယ်လိုလုပ်ပြီး  စံပြမလဲ။ နောက်တက်တဲ့ ခေါင်းဆောင်တွေလည်း ဒီလိုပဲ ဆက်လုပ်ကြဖို့ ၁၉၈၈-၂၀၁၀ ကာလကို လမ်းကြောင်းပြပေးလိုက်သလို နောက်ကြောင်းပြန်ဆွဲသွားတော့တာပဲ။

တကယ်က ၂၀၁၅ ရွေးကောက်ပွဲ မစခင် မင်းက အာဏာသိမ်းဖို့ဖြစ်နိုင်ကြောင်း တိုင်ပင်ခဲ့တာကို ငါတို့ ကြားပါတယ်။ ပြည်ခိုင်ဖြိုးနိုင်ပြီး အင်အယ်လ်ဒီရှုံးရင် လူတွေဆန္ဒပြမှာနဲ့ မင်းက အာဏာသိမ်းရမှာကို တိုင်ပင်ခဲ့တာပဲ။ အဲဒီမှာတင် ငါ့နား ငါမယုံနိုင်အောင် ဖြစ်ရတာပဲ ။ ဘယ်နှယ်

မင်းကို သမ္မတလျာပေးထားခဲ့တဲ့ လမ်းကြောင်းကို သွေဖည်ပြီး ရွေးကောက်ပွဲ နိုင်ရဲ့သားနဲ့ သမ္မတ လုပ်ရမှာကို ဘယ်လိုလုပ်ပြီး အာဏာသိမ်းရမှာလဲလို့။ လစဉ် အကြိမ်ကြိမ် နေပြည်တော်တက်နေတဲ့ နောင်တော် တစ်ယောက်က "မင်းကလည်း 'အ' ကွာ၊ မင်းအောင်လှိုင်က ပြည်ခိုင်ဖြိုးနိုင်ရင် ကိုရွှေမန်းပဲ တက်နိုင်ခြေရှိနေတာနဲ့ ပြည်ခိုင်ဖြိုးမနိုင်ရင် အဖွားကြီးတက်မှာနဲ့ ဘယ်လိုနည်းနဲ့ပဲ ကြည့်ကြည့် ရွေးကောက်ပွဲ လမ်းကြောင်းတစ်ခုတည်းနဲ့တော့ သူသမ္မတမဖြစ်နိုင်တော့တာ သိနေလို့ အာဏာသိမ်းဖို့  နှပ်ကြောင်းပေးနေတာပေါ့ ငါ့ညီရ" ဆိုပြီး ပြောတော့မှ ငါလည်း သဘောပေါက်ခဲ့တယ်။ 

မင်း အသုံးမကျလို့ ပြည်ခိုင်ဖြိုး ခေါင်းဆောင်မဖြစ်၊ ကိုရွှေမန်းတို့က တစင်ထောင်နဲ့ မင်း သမ္မတမဖြစ်နိုင်လို့ အာဏာသိမ်းဖို့ စဉ်းစားခဲ့တာကိုး။ သမ္မတကြီး ဦးသိန်းစိန်နဲ့ ဗိုလ်ချုပ်ကြီးတင်အေးတို့က မှန်မှန်ကန်ကန် ရပ်တည်ခဲ့ပြီး ရွေးကောက်ပွဲကျင်းပ၊ အထစ်အငေါ့မရှိ သမိုင်းကောင်းအောင် အာဏာလွှဲပေးခဲ့တော့ သူတို့နှစ်ဦးကို ပြည်ခိုင်ဖြိုးက သူငယ်ချင်းတွေ အပြစ်တင်တော့  ငါထဆဲခဲ့ပါသေးတယ်။  " မင်းတို့ ငါတို့ အသုံးမကျလို့၊ ငါတို့ဖာသာ မစည်းလုံးလို့ ငါတို့ ကိုယ်တိုင် စည်းကမ်းမရှိလို့၊ တပ်သမိုင်းကို ပြည်သူက မနှစ်မြို့လို့၊ ငါတို့ဘာလုပ် လုပ် သိကြားမင်း ဆင်းကယ်တောင် မနိုင်မှာကို သမ္မတကြီးတို့က မဲခိုးမပေးလို့၊ အဖွဲ့အစည်းကို ပြန်မကြည့်လို့နဲ့  ငါတို့ တပ်မတော်သမိုင်းကို မင်းတို့ပဲ ဆက်ဖျက်နေတာ " လို့ ပြောမိတဲ့ အထိ ငါဆဲမိခဲ့တယ်။ 

တပ်မတော်ကို မုန်းအောင် အန်အယ်လ်ဒီလုပ်တာထက် ငါတို့လုပ်ရပ်တွေကိုက သံကို သံချေးဖျက်သလိုပဲ လေ။ ၂၀၁၁-၂၀၁၅ သက်တမ်းက ငါတို့အတွက် သင်ခန်းစာပဲ ။ လူတော်တွေ

နေရာမှန်ရောက်ဖို့ အချိန်မရလိုက်ဘူး။  အရင်ခေတ်တွေရဲ့ အမွေဆိုး အထင်မှား အမြင်မှား သမိုင်းကြောင်းရဲ့ အရိပ်မဲတွေအောက်က ငါတို့ ဘာလုပ်လုပ် ရုန်းမထွက်နိုင်ခဲ့ဘူး။ အင်မတန်မှ သိက္ခာရှိ တည်ငြိမ်တဲ့ သမ္မတကြီးလုပ်ပေးခဲ့တာတွေကို အသိအမှတ် အပြုမခံခဲ့ရဘူး။ ငါ့ကို အရပ်သား မိတ်ဆွေတွေက ရွေးကောက်ပွဲမှာ ပြည်ခိုင်ဖြိုး မနိုင် နိုင် လောက်တာ ပြောရင် ငါမကြိုက်ခဲ့ပေမဲ့  သူတို့ကို ငါလည်း ပြန်ပြီး မချေပနိုင်ခဲ့ဘူး။ ငါတို့မဲက လွတ်လပ်ပွင့်လင်းတဲ့ ရွေးကောက်ပွဲမှာ အနည်းစုဘဲလေ၊ ဒါအမှန်တရားပဲ။ စစ်သားတယောက်အနေနဲ့ ငါလက်ခံရမှာပဲ။

၂၀၂၀ ရွေးကောက်ပွဲနီးတော့ မင်းကိုယ်တိုင်စီစဉ်နေတယ်လို့ကြားရတော့  အစကတော့ ငါတို့လည်း အားတက်ခဲ့သေးတယ်။ ဘာပဲ ဖြစ်ဖြစ် ရွေးကောက်ပွဲမတိုင်ခင် မင်းက တပ်က အနားယူ၊ ရွေးကောက်ပွဲ ကိုယ်တိုင်ဝင်ပြိုင်ပေါ့။ နားချိန်တန်နား အရပ်ဘက် ပြောင်းတော့မှာပေါ့၊ ဖြစ်မလာခဲ့ဘူး။

နောက်တခုကြားပါသေးတယ်။ ပြည်ခိုင်ဖြိုးကို တပ်မတော်ကိုယ်စားပြုပါတီလို့ မင်းကြေညာချင်တယ် ဆိုတာ။ အဲဒီလောက် လွဲတာတော့ ငါအံ့သြတယ်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေချပေးခဲ့ကတည်းက ငါတို့ တပ်မတော်က နိုင်ငံရေးထဲ ဝင်မရှုပ်အောင် ပြည်ခိုင်ဖြိုးကို လွတ်လွတ်လပ်လပ် တည်ထောင်ခဲ့ပေးပြီးပြီ။ တပ်နဲ့ ပါတီဆက်ဆံရေး ခွဲခြားနေရုံပဲ။ တပ်ကထွက် ပါတီထဲဝင်ပြီးမှ ရွေးကောက်ပွဲရှုံးမှာ ကြောက်လို့ တပ်က မထွက်ဘဲ တပ်ထောက်ခံမှုကို အတင်း အဓ္ဓမ ရအောင်ယူတာတို့၊ ငယ်သူတွေကျ အရပ်ဘက်ကို အတင်းရွှေ့၊ မင်းကိုယ်တိုင်ကျ သမ္မတမှမဖြစ်ရရင် တပ်ချုပ်ရာထူးက တသက်လုံး အနားမယူတော့ဘူး ဆိုတာတွေက မင်းက ၂၀၀၈ အခြေခံဥပဒေအောက်က တပ်မတော်ရဲ့ အခန်းကဏ္ဍကို စည်းကမ်းမဲ့ ပရမ်းပတာ ဖြစ်အောင် ဖန်တီးခဲ့လိုက်တာပဲ။

မဲစာရင်းကိစ္စ၊ အန်အယ်လ်ဒီအစိုးရဟာ ဟိုလိုလို ဒီလိုလိုနဲ့ဆိုတော့ အုပ်ချုပ်ရေးပိုင်း စာရင်းဇယားအပိုင်း မကိုက်တာ ငါ့အတွက် မထူးဆန်းဘူး။ ဒါပေမဲ့  ငါတို့ ကိုယ်တိုင်၊ ငါကိုယ်တိုင် တပ်ရန်ပုံငွေ၊ တပ်ပြေး၊ ကလေးစစ်သားကိစ္စ၊ အရပ်ဘက် ဝန်ကြီးဌာန တာဝန်တွေမှာ စာရင်းဇယားကိစ္စ ခေတ်အဆက်ဆက် စုံနေအောင် လွဲလာခဲ့တာ သူတို့ရဲ့ အုပ်ချုပ်ရေးအတွေ့အကြုံလောက်နဲ့ကတော့ ဆက်လွဲနေဦးမှာပဲ။ ငါသိသလောက် အန်အယ်လ်ဒီက တနိုင်ငံလုံး အုံနဲ့ကျင်းနဲ့ မဲစာရင်းလိမ်ပြီး နိုင်ဖို့လောက်အထိတော့ လုပ်စရာမလိုလောက်ဘူး။ ငါအတိအကျ မပြောနိုင်ပေမယ့် ၂၀၁၀ လိုပဲ အဖွဲ့အစည်းအကူအညီရလို့ ပြည်ခိုင်ဖြိုးနဲ့ တခြားပါတီတွေ နိုင်စရာတော့ လုံးဝမဖြစ်နိုင်ပါ၊ ဒါက ရှင်းတယ်။ ငါမကြိုက်ပေမယ့် စစ်သားပီပီ ဒဲ့ပြောတာပဲ။

ဟုတ်ပြီ။ မင်းပြောသလို ဝဏ္ဏတို့ ပြောသလို မဲစာရင်းလိမ်တယ်ဆို အဲဒီအထောက်အထားကို လွတ်လပ်တဲ့အဖွဲ့ ဖွဲ့ပြီး မင်းအာဏာသိမ်းအပြီး ချက်ချင်းပြ။ လိမ်ခဲ့တယ်ဆို မဲဆန္ဒနယ်အလိုက် လုပ်ခဲ့တဲ့သူကို ဥပဒေအတိုင်းအရေးယူ။ ရွေးကောက်ပွဲပြန်ကျင်းပ။ မှားခဲ့တယ်ဆို စာရင်းပြင်၊ မှားခဲ့တဲ့ မြို့နယ်အလိုက် ရွေးကောက်ပွဲ ပြန်ကျင်းပ။ ဒီစုံစမ်းစစ်ဆေးချက်တွေ ပြီးပြည့်စုံတော့မှ လွတ်လပ်တဲ့ကော်မရှင်က ထုတ်ပြန်။ မင်းက တပ်မတော်တပ်ချုပ်အနေနဲ့ လောပြီး တက်မပြောနဲ့။ ဒီကာလမှာ တပ်မတော်ရဲ့ သမိုင်းပေးတာဝန်အတိုင်း ဘက်မလိုက်ဘဲ နေပြသင့်တယ်။

စုံစမ်းစစ်ဆေးတာတောင် မပြီးသေးဘူး။ ရွေးကောက်ပွဲ ရလဒ်ကို ဖျက်လိုက်ပြီ၊ အန်အယ်လ်ဒီကိုလည်း ဖျက်တော့မယ်ဆိုတော့ တရားသူကြီးက အဖြေကို သိနေသလို တရားရေးမဏ္ဍိုင်မရှိ လွဲပြန်ပြီပေါ့။ ငါတို့ကို ပြည်သူကဘယ်လို ယုံကြည်လေးစားပြီး ထောက်ခံတော့မှာလဲ။ အဲဒီလိုအကြောင်းပြချက်တလွဲ စည်းမရှိ ကမ်းမရှိ လုပ်လို့ မင်းကိုယ်တိုင်ကမှ စည်းကမ်းကိုမလိုက်နာ၊ ၂၀၀၈ အခြေခံဥပဒေရဲ့ နုနုနယ်နယ် သက်တမ်းကာလမှာ အစပျိုးရုံပဲရှိသေး၊ တပ်ချုပ်လုပ်သက်ပြည့် နားသင့်တဲ့ နားရမယ့် အနာဂတ်အတွက် မှတ်ကြောက်တင် စံထားသင့်တဲ့ သတ်မှတ်ထားခဲ့တဲ့အတိုင်း မနား၊ ပြည်ခိုင်ဖြိုးနိုင်ဖို့ တပ်ချုပ်တာဝန်ကြီးနဲ့ ဘက်လိုက်၊ တပ်ချုပ်ကိုယ်တိုင်ဝင်ပြီး စီစဉ်လို့ ငါတို့ နိုင်ငံတော်ကြီးနဲ့ တပ်မတော်က အခုလို ဘေးကျပ်နံကျပ် ဖြစ်သွားရတာပဲ။

နောက်ထပ် ငါကြားပါတယ်။ ဝန်ကြီးဌာနထဲကလည်း သူငယ်ချင်းတွေကြားက ကြားခဲ့ရတယ်။ မင်း တပ်ချုပ်ဖြစ်တော့ မိသားစုစီးပွားရေးတွေ မကင်းပေမယ့် အများနဲ့စာရင် နည်းပါတယ်ဆိုတော့ သိပ်မဆိုးဘူးပေါ့။ ဒီနောက်ပိုင်း သမ္မတကြီးဦးသိန်းစိန်က မင်းနဲ့ ဆက်ဆံပုံ၊ ကိုရွှေမန်းတို့နဲ့ ဖြစ်စဉ်တွေ ကြားရတာတွေနဲ့ အရပ်ဘက် စီးပွားရေး အသိုက်အဝန်းတွေဘက်က မင်းမိသားစု အကြောင်း တစေ့တကြောင်းကြားလာတာနဲ့ ပေါင်းပြီး မင်းဖာသာ ၂၀၁၆ မှာ  တပ်ချုပ်သက်တမ်းတိုးလိုက်တယ်ဆိုတာနဲ့ သံသယ ရှိခဲ့ပြီ။ 

အခု အင်အယ်လ်ဒီ ခေါင်းဆောင်ပိုင်း အဂတိကိစ္စတွေကြားတော့ ငါ့အတွက် မထူးဆန်းပေမယ့် မင်းတို့ကိုယ်တိုင် ငါတို့ တပ်မတော် ခေါင်းဆောင်ပိုင်းကိုယ်တိုင် ရှင်းရမယ့် အပိုင်းတွေတော့ ရှင်းရတော့မယ်။ ငါတို့ စနစ်ကြီးအရ ကိုသိန်းဌေးတို့ ငွေပြန်သွင်းခိုင်းတဲ့ အထိ ဖြစ်စဉ်၊ ခေါင်းဆောင်ပိုင်း မိသားစုတွေ ငါနဲ့ သိတဲ့ လုပ်ငန်းရှင်ကြီးတွေနဲ့ ပတ်သက်နေတာတွေကလည်း ဆက်ပြီး သံသရာလည်နေဦးမှာပဲ။ 

အန်အယ်လ်ဒီကို လုပ်ငန်းရှင်က ဆေးကုဖို့ ပံ့ပိုးတာမျိုးနဲ့ သွားစွဲရင်  မင်းအပါအဝင် ငါတို့အားလုံး တယောက်မှလွတ်မှာ မဟုတ်ဖူး။ ငါပြောခဲ့သလို ကျရာ ဒေသမှာ လုပ်ငန်းရှင်တွေနဲ့ ငါတို့ တွဲလုပ် အကူအညီယူခဲ့ကြရတွေချည်းပါပဲ။ ပြည်ခိုင်ဖြိုးရဲ့ ရံပုံငွေရှာရတာမျိုး မကြိုက်လွန်းလို့ ငါ မပါခဲ့တာ

ဒီလို ဇာတ်လမ်းတွေကြောင့်ပဲ။ ထောက်ချုပ်အဆက်ဆက် မင့်မိသားစုကို ပံ့ပိုးနေရတာတွေကလည်း ငါတို့ ကြားနေတာပဲ။ ရှင်းတယ်ဆိုရင် မင်းမိသားစု မင်းပြန်မေးပြီး အကုန်ချပြလိုက်။ မင်းကိုယ်တိုင်မသိဘူးဆိုရင် အရင် ထောက်ချုပ်၊ အခု အမ်အီးစီ၊ ဦးပိုင်နဲ့ မင်းမိသားစု ပတ်သက်နေတာတွေ စပြီး တခါတည်း ပွင့်ပွင့်လင်းလင်းချပြီး စစ်ပေတော့။ တည့်တည့်ပြောရရင် စီးပွားရေးသမားတွေထဲက မိုးကျော်သောင်း၊ သူ့သား ဂျော်နသန်၊ နိုင်ထွဋ်အောင်၊ အောင်မိုးမြင့်၊ ကျော်မင်းဦး၊ အောင်စိုးသာတို့ကို ဆွဲပြီး စစ်။ ဒီကောင်တွေ ပိုင်ဆိုင်မှုတွေ အခွန်တွေ ချပြခိုင်း။ သူတို့ပေးခဲ့တဲ့ ကားတွေ၊ မြေကွက်တွေ၊ တိုက်တာ အဆောက်အဦးတွေနဲ့ ဒေါ်လာတွေ ဘယ်သူတွေကို ဘယ်လို ပေးခဲ့တယ်၊ ဘယ်လို အကောင့် ဘယ်နိုင်ငံတွေမှာ ဖွင့်ထားကြတယ်၊ လက်ရှိ ဘယ်လို ဆက်ပေးနေကြတယ်ဆိုတာကို ပြည်သူကို

ချပြလိုက်။ 

ရုရှားက လက်နက်ဝယ်၊ ဥရောပ၊ အစ္စရေးက လက်နက်ပတ်ဝယ်ရင် အောင်မိုးမြင့်တို့ ဂျော်နသန်တို့ နိုင်ထွဋ်အောင်တို့က တခါတခါ သူတို့ရတဲ့ ဒေါ်လာသန်း ၂၀ ၊ ၃၀ လောက်ထဲက မင့်သား အောင်ပြည့်စုံကို ဘယ်လောက်ခွဲပေးထားသလဲဆိုတာ စစ်။ အမ်အီးစီ စီမံကိန်းကြီးတွေ၊ ပုဂ္ဂလိကမြေနေရာ ပရောဂျက်ချပေးတာတွေ ထောက်ချုပ်ကိုယ်တိုင် မင့်သားသမီးတွေကို လစဉ် ဘယ်လောက်ထောက်ပံ့ရသလဲ ဆိုတာကို စစ်။ 

တပ်မြေစီမံကိန်းကြီးတွေမှာ အောင်စိုးသာက နာမည်ခံ၊ စင်ကာပူလိုနိုင်ငံမျိုးက ဒိတ်ဒိတ်ကြဲ ကုမ္ပဏီကြီးတွေနဲ့ လက်မှတ်ထိုး၊ ဒေါ်လာ သန်း ၂၀ လောက် ကော်မရှင်ယူထားပြီး  မင့်သမီး ခင်သီရိသက်မွန် ဒေါ်လာဘယ်လောက်၊ မြေဘယ်နှစ်ကွက်၊ ကားဘယ်နှစ်စီး ယူထားသလဲဆိုတာတွေကို အကုန်စစ်။ မင်းသားသမီးတွေ ဒီလောက်လုပ်ငန်းကြီးတွေနဲ့ ရပ်တည်နိုင်တာကို ရှင်းနိုင်မှ ပြည်သူတွေရဲ့ ယုံကြည်မှု တစိတ်တပိုင်း ပြန်ရမှာ၊ ဒါတွေက အရပ်ဘက်မှာ ငါတို့ မကြားချင် အဆုံးပဲ။

ဒီလို နောက်ကြောင်းတွေနဲ့ ပတ်သက်နေတာတွေနဲ့ မင်းက ဘယ်လို လုပ်ပြီး စည်းကမ်းရှိတဲ့ သမ္မတ လုပ်ဖို့ဆိုတာ ဝေးလှဝေး အများလေးစားတဲ့ တပ်မတော် ခေါင်းဆောင်တယောက် ဘယ်လို လုပ်မှာလဲ။ မင်းပြောတဲ့ အကြောင်းပြချက်တွေကို ပြည်သူကဘယ်လိုယုံမှာလဲ။ မင်းနဲ့ မင်းမိသားစုနဲ့ ပတ်သက်တဲ့ အလေအလွင့်တွေမရှိတော့ရင် မင်းမိသားစုယူလိုက်တဲ့ စီးပွားရေး အခွင့်အရေးတွေ မရှိရင် ငါတို့ တပ်မတော်သားတွေ၊ စစ်မှုထမ်းဟောင်းတွေအတွက်၊ ငါတို့ သားသမီးတွေအတွက် ပညာရေးထောက်ပံ့မှု ရမယ်၊ ငါတို့လက်နက်စက်ရုံတွေ ဖြစ်ကတတ်ဆန်း မဖြစ်တော့ဘူး။ ငါတို့ တပ်မတော်သားတွေက အရည်အသွေးမပြည့်တဲ့၊ ခရိုနီတွေက ဖြတ်ရိုက်ထားတဲ့ လက်နက်တွေနဲ့ တိုက်နေစရာမလိုတော့ဘူး။ လက်ရှိ အခြေအနေနဲ့ မေးစရာတွေကတော့ အများကြီးပါ။

ငါတို့ အချင်းချင်း ဆွေးနွေးကြတော့ မင်းတည်ထောင်ခဲ့တဲ့ တာဝန်ယူခဲ့တဲ့ တပ်အပိုင်း မေးစရာ သိပ်မရှိကြ။ ငါထောက်ပြတဲ့ တပ်အပိုင်းမှာ မင်းကိုယ်တိုင် သက်တမ်းပြည့်လို့ မနားနိုင်ဘဲ အတင်း ဆက်လုပ်ရအောင် မိမိတာဝန်ယူတဲ့ကာလစေ့လို့ စိတ်ချလက်ချ လွှဲနိုင်မယ့် ခေါင်းဆောင်ပိုင်းကို အချိန်မီ မတည်ဆောက်နိုင်ခဲ့တဲ့သူက ဘယ်လိုလုပ်ပြီး နိုင်ငံတော်ကြီး တခုလုံးကို ဒီလိုကာလမှာ အုပ်ချုပ်မှာလဲ။ အချိန်ကာလ စည်းကမ်း မရှိခဲ့သူက တာဝန်ယူရမယ့် အရေးပေါ်ကာလ ၁နှစ် ၂နှစ် အတွင်း နိုင်ငံတော်ကို ဘယ်လိုလုပ်ပြီး အချိန်မီ တည့်မတ်နိုင်မှာလဲ။ ဒီအချိန်စည်းကမ်းအတိုင်း ဘယ်လို လိုက်နာမှာလဲ။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဘောင်အတွင်း ယူနီဖေါင်းချွတ် လက်နက်မပါ၊ တင့်ကားတွေ အားမားတွေ ရန်ကုန်လိုအထင်ကရမြို့ကြီးထဲ ခြိမ်းခြောက်ပြီးမောင်းမပြဘဲ ပြည်သူက ကြည်ကြည်ဖြူဖြူ မဲပေးပြီး ပြည်ခိုင်ဖြိုးကို  ရွေးကောက်ပွဲနိုင်အောင် မလုပ်နိုင်ခဲ့တဲ့ ခေါင်းဆောင်က တိုင်းပြည်ကို နိုင်ငံတကာဝင်ဆံ့အောင် အခုလို ကျန်းမာရေး၊ စီးပွားရေး အကျပ်အတည်း ကာလကြီးထဲမှာ မိတ်ဆွေစစ် မိတ်ဆွေမှန်တွေဆီက ထောက်ခံမှုရအောင် ဘယ်လိုလုပ်ပြီး အုပ်ချုပ်ပြမလဲ။

မျက်မှောက်ခေတ်အခါကြီးမှာ အင်တာနက်ကို ပိတ်ပြီး  နိုင်ငံတော် တည်ငြိမ် လုံခြုံရေးတည်ဆောက်ပြီး ပြည်သူထောက်ခံမှုရဖို့ ဆိုတာ မဖြစ်နိုင်ဘူး။ အထူးသဖြင့် လီဆယ် လုပ်ကြံအကြောင်းပြချက်တွေနဲ့ နိုင်ငံရေးမှာသွားရှုပ်ပြီးမှ တပ်အတွင်း နိုင်ငံအတွင်း သတင်းအမှောင်ချ၊ အင်တာနက်ပိတ်ထားဆိုတော့ ပြန်ဖွင့်လိုက်တိုင်း သတင်းမှားတွေနဲ့ တဖက်ပိတ်တွေပဲ အသာစီးရနေဦးမှာပဲ။ တပ်ကတော့ မင်းပြောသလို နာပြီးရင်း နာနေပြီပေါ့။

ဆန္ဒပြပွဲတွေ အသာထားလိုက်ပြီး ကိုယ့်ဘက်က မှန်မှန်ကန်ကန် အမှုတွေနဲ့ အချိန်ယူ တင်ပြရမယ့်အစား လုပ်ကြံအမှုတွဲတွေ ဆင်လိုက်၊ ဆန္ဒပြသူအများစုဟာ သောင်းကျန်းသူတွေလို ပုံဖေါ်လိုက်၊ မဆိုင်တဲ့ ပါတီစစ်မှုထမ်းဟောင်းတွေသုံး၊ မိသားစုတွေသုံး အကြမ်းဖက်ပြလိုက်တော့ ဟိုဘက်က တဖက်ပိတ်နဲ့ လူငယ်တွေ လမ်းလွဲလိုက်လာပြီး လုံခြုံရေး ပြဿနာ ပိုကြီးလာရတာပေါ့။

အဲဒီအထဲ သမာဓိ၊ သီလ အမွေမပေးနိုင်တဲ့ မင်းက အနာဂတ်ရဲ့ တပ်မတော်လူငယ်ခေါင်းဆောင်တွေကို လမ်းလွဲ၊ တရားပြလိုက်တဲ့ဖြစ်စဉ်မှာ  အောက်က သူ့ထက်ငါ အပြိုင် ကြမ်းပြကြ၊ ရိုင်းပြကြနဲ့ ပြည်သူ့ အိုးအိမ် စည်းစိမ်ကို လုယက်တဲ့အထိဖြစ်နေတာက ငါတို့အနားယူမှပဲ အမြင်မှန်ရတဲ့ သံသရာကြီးထဲ ပြန်ပို့ နောက်ကြောင်းပြန်လိုက်သလိုပဲ။ နှစ်ပေါင်းများစွာ ငါတို့ တပ်မတော်အဖွဲ့အစည်းနဲ့ မကင်းတဲ့ ပြဿနာတွေဟာ အားလုံး စည်းစည်းလုံးလုံး သည်းခံပြီး ဝိုင်းလုပ်ကြရမယ့်အစား မုန့်မရတဲ့ ကလေးဆိုးကြီးလို မင်းသမ္မတမဖြစ်ရကောင်းလားဆိုပြီး ဒီ ၅ နှစ်လုံး အရပ်သားအစိုးရ သွား အကြပ်ရိုက်တာတော့ ငါတို့က အန်အယ်လ်ဒီကို မထောက်ခံတောင် မင်းလုပ်ရပ်ကိုတော့ လုံးဝမနှစ်မြို့တာအမှန်ဘဲ။

ငါတို့ ပြည်သူတွေက ဒီမိုကရေစီနဲ့ မထိုက်တန်သေးဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ အရင်ခေတ်ကလို  ဆက်အုပ်ချုပ်ဖို့တော့ လုပ်မနေနဲ့တော့။ ကိုယ့်အချင်းချင်း စည်းလုံးရမယ့်အစား ၁၉၉၀ ပြည့်နှစ်ကလို ရှိသမျှ အမတ်တွေ ထောင်ထဲထည့်၊ သတ်လို့ရတဲ့ကောင်သတ်နဲ့ အကြောက်တရားနဲ့ အုပ်ချုပ်လို့ရမှာ မဟုတ်တော့ဘူးကွ။ တထစ်ဆို အနောက်က တိုင်းပြည်တွေက ခြေရှုပ်နေလို့၊ အိန္ဒိယနဲ့ တရုတ်နဲ့ကြားမှာမို့လို့၊ သယံဇာတတွေမို့ ငါတို့ကို ကျွန်ပြုတော့မယ်ဆိုတဲ့ ညံ့ဖျင်းအောက်တန်းကျတဲ့ မှိုင်းတိုက်အတွေးအခေါ်မျိုးနဲ့ တရုတ်လိုနိုင်ငံကြီးနဲ့ပဲ ပေါင်းနိုင်ပြီး တကမ္ဘာလုံးနဲ့ လှည့်ရန်ဖြစ်နေပြီး ငါတို့ကမှ ဘယ်သူနဲ့မှမတူ တမူထူးပြီး အာဏာရှင်ဓားမိုးအုပ်ချုပ်မှရသလိုလုပ်ရင် ကျဆုံးဦးမှာပဲ။ အခုအတိုင်း အရေးပေါ်ကာလကို ၂ နှစ်ဆွဲ၊ တခြားပါတီတွေကို ဖျက်၊ မင်းက ရွေးကောက်ပွဲ ဝင်ပြီး သမ္မတ နောက် ၅ နှစ် ဆက်အုပ်ချုပ်ဖို့ လုပ်နေတာတော့ ရပ်လိုက်တော့လို့ပဲ ငါပြောရမှာပဲ။

အခုဆို နိုင်ငံစီးပွားရေးက ချွတ်ခြုံကျနေပြီ။ ဘဏ်စနစ်က ပျက်စီးလုနီးပါး။ လုံခြုံရေးရှုထောင့်က ကြည့်ပြန်ရင်လည်း အေးအေးချမ်းချမ်းဆန္ဒပြနေခဲ့တဲ့ လူငယ်တွေက ငါတို့တပ်မတော်ရဲ့ ရန်သူတွေ ဖြစ်ကုန်ပြီ။ တိုင်းရင်းသားလက်နိုင်ကိုင်တွေတော့ မပြောနဲ့တော့။ ကျန်းမာရေး၊ လူမှုရေး တွေမှာလည်း နလန်ထူဖို့ မလွယ်တဲ့ အခြေအနေပါပဲ။ မင်းနားလိုက်ပါ။ မင်းမိသားစု စီးပွားရေး အရှုပ်တော်ပုံတွေ ငါ အတိအကျ ဆက်ရေးပါဦးမယ်။

အငြိမ်းစား တပ်မတော်အရာရှိကြီးတစ်ဦး

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024