
မကွေးမြို့မှာ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့လက်ချက်ကြောင့် လက်တစ်ဖက်ပြတ်ခဲ့ရတဲ့ အင်ဂျင်နီယာကျောင်းသား ကိုလျှံဖြိုးအောင်ဟာ မကွေးမြို့ကုတင် ၁၀၀ စစ်ဆေးရုံမှာ ဆေးကုသမှုခံယူနေပြီး ဆေးရုံဆင်းခွင့်ရတာကြောင့် ဇွန်လ ၇ ရက် ညနေပိုင်းက မကွေးဒေါင်းနေထောင်ကို ပို့ဆောင်ချုပ်နှောင်လိုက်ကြောင်း သူနဲ့နီးစပ်တဲ့ ဆွေမျိုးတွေထံကနေ သိရပါတယ်။
ကိုလျှံဖြိုးအောင် ရဲ့အစ်ကိုဖြစ်သူက ''ညီလေးကို မနေ့ညနေက ဆေးရုံဆင်းခွင့်ရတော့ ဆေးရုံကို ရဲတွေလာခေါ်သွားတာ။ သူရထားတဲ့ဒဏ်ရာတွေက ဆေးကုသမှုလိုအပ်နေဦးမှာ။ ရာဘာကျည်မှန်ထားတဲ့ ဘယ်ဘက် ခြေထောက်ကလည်း ဆေးကုသကုသဖို့လိုသလို ညာဘက်မျက်လုံးကလည်း မျက်ကြည်လွှာအစားထိုးဖို့ အရေးပေါ်လိုအပ်နေတယ်။ ပြင်းထန်ဒဏ်ရာရထားပြီး ဆက်လက် ဆေးကုသဖို့ လိုအပ်နေ သေးတဲ့သူကို ဖမ်းချုပ်ထားတော့ လွတ်လွတ်လပ်လပ် ဆေးကုလို့မရ တော့ဘူး'' လို့ ဒီဗွီဘီကို ပြောပါတယ်။
ကိုလျှံဖြိုးအောင်ဟာ မတ်လ ၂၇ ရက်နေ့က မကွေးမြို့စစ်အာဏာရှင် ဆန့်ကျင်ရေးဆန္ဒပြပွဲမှာ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ အကြမ်းဖက်ပစ်ခတ်မှုနဲ့ နှိပ်စက်ညှဉ်းပန်းခံခဲ့ရတာကြောင့် ညာဘက်လက်ပြတ်ခဲ့ရတဲ့အပြင် ပြင်းထန်ဒဏ်ရာတွေရရှိခဲ့တာပါ။
ဒါအပြင် ကိုလျှံဖြိုးအောင်ကို အကြမ်းဖက်စစ်ကောင်စီက ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က) နဲ့လည်း အမှုဖွင့်ထားပါတယ်။