ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ ဒေါ့ဖုန်းယန်မြို့နယ်ခွဲအနီး တောင်ဆင်းလမ်း တစ်နေရာမှာ ဇွန် ၇ ရက် မနက် ၁၁ နာရီလောက်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ရိက္ခာပို့ယာဉ် ၁၀ စီးကို ကေအိုင်အေက RPG နဲ့ ပစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အခုလို ပစ်ခတ်တိုက်ခိုက်ခံရတာကြောင့် ထိခိုက်ဒဏ်ရာမှု အခြေအနေကို မသိရသေးဘဲ အပြန်အလှန်ပစ်ခတ်သံတွေကို ကြားနေရတယ်လို့ ဒေါ့ဖုန်းယန် ဒေသခံတချို့က ပြောပါတယ်။
ထိတွေ့ပစ်ခတ်တာဟာ မိနစ်အနည်းငယ်သာ ကြာမြင့်ခဲ့ပြီး ဖြစ်ပွားချိန်မှာ ခရီးသွားပြည်သူ တချို့ ရောက်ရာအရပ်မှာ ခဏနားနေခဲ့ရပြီးနောက် မွန်းလွဲပိုင်းမှာတော့ ပုံမှန်အတိုင်း သွားလာနေကြပြီလို့ သိရပါတယ်။
လတ်တလောမှာတော့ မြို့သစ်ကြိုးတံတားဘက်မှာ အဝင်အထွက် စစ်ဆေးတာတွေ ရှိနေပြီး တစ်ရက်နဲ့တစ်ရက်မတူဘဲ သတိထား သွားလာနေရတယ်လို့ ကားသမားတစ်ဦးက ပြောပါတယ်။