သြစတြေးလျတွင် ကြွက်ပြဿနာကြောင့် ကောက်ပဲသီးနှံ စိုက်ပျိုးသူများ အခက်ကြုံ

သြစတြေးလျနိုင်ငံအတွင်း ကောက်ပဲသီးနှံ စိုက်ပျိုးတဲ့ လယ်သမားတွေဟာ ဆယ်စုနှစ်တွေ အတွင်း အဆိုးဆုံးကြွက်ပြဿနာကို လပေါင်း တော်တော်ကြာရင်ဆိုင်နေရပြီး ကပ်ဆိုးက မပြီးသေးလို့  အခက်အခဲတွေနဲ့ ကြုံတွေ့နေရပါတယ်။

ဆစ်ဒနီမြို့ရဲ့ အနောက်မြောက်ဘက် ၂၆၇မိုင် အကွာက ဂီလ်ဂန်ဒရာ မြို့နားမှာ ဧက၂၈၀၀ ပိုင်တဲ့ လယ်သမားတယောက်ဟာ ကြွက်ဘေး ကပ်ဆိုးကြောင့် ကောက်ပဲသီးနှံ အမေရိကန် ဒေါ်လာ ၁၃၀,၀၀၀ ဖိုးဆုံးရှုံးခဲ့တယ်လို့ ပြောပါတယ်။

သူတို့ဟာ ဘယ်သူ့ဆီက အလှူနဲ့ အခမဲ့ ကမ်းလှမ်းချက်ကိုမှ မတောင်းဆိုပေမယ့် လာမယ့်နွေဦးမှာ ကပ်ဘေး တကျော့ပြန် မလာစေဖို့ အစိုးရက အခြေအနေကို ကိုင်တွယ်ဖို့ကိုပဲ တောင်းဆိုနေကြတာပါ။

သြစတြေးလျနိုင်ငံမှာ လတ်တလော မိုးကြီးနေလို့ နှစ်ငါးဆယ်အတွင်း အဆိုးဆုံး မိုးခေါင်မှုဘေးကနေ သက်သာအပြီး ကြွက်ဘေးကို လအတော်များများ ဆက်တိုက် ခံစားနေရတာလို့ ရိုက်တာ သတင်းဌာနက အစီရင်ခံပါတယ်။

စိုစွတ်တဲ့ ရာသီဥတုကြောင့် ကောက်ပဲသီးနှံ အများဆုံး ထုတ်လုပ်နိုင်ခဲ့ပေမယ့် တချိန်တည်းမှာပဲ အမြန်သားပေါက်လွယ်တဲ့ ကြွက်တွေအတွက် အစာရေစာပါ ပေါများနေခဲ့လို့ ခုလို ကြွက်ဘေးကို ရင်ဆိုင်ရတာ ဖြစ်ပါတယ်။

ကြွက်တစုံဟာ ရာသီချိန်တခုအတွင်း ပျမ်းမျှအနေနဲ့ ကြွက်အကောင် ၅၀၀ အထိ သားပေါက်နိုင်တယ်လို့ သြစတြေးလျ မီဒီယာတွေက ရေးပါတယ်။

နယူးဆောက်သ်ဝေး ပြည်နယ်မှာ မေလက ကြွက်ဘေး ဖြေရှင်းဖို့ လယ်သမားတွေကို ကြွက်သတ်ဆေးတွေ အခမဲ့ ပေးခဲ့ပါသေးတယ်။ ဒါပေမဲ့ ကြွက်မျိုးပွားနှုန်းက ကြီးလွန်းလို့ သြစတြေးလျမှာ လတ်တလော တားမြစ်ပိတ်ပင်ထားတဲ့ ကြွက်သတ်ဆေး အမျိုးအစား bromadiolone ကိုသုံးဖို့ အစိုးရက ခွင့်ပြုရေး ဆော်သြခဲ့ကြပါတယ်။

ဒီဖြစ်ရပ်ကြောင့် ဌာနေမျိုးရင်း တိရစ္ဆာန်တွေအပေါ် နောက်ဆက်တွဲ ဖြစ်နိုင်ခြေတွေကို လယ်သမားတချို့နဲ့ သဘာဝပတ်ဝန်းကျင် ပညာရှင်တွေက သတိပေးထားပါတယ်။

More News
Up