Live
Home
မြန်မာသတင်း
တောင်ငူ ဗုံးခွဲမှု သံသယရှိသူ တဦး ဖမ်းမိ
နော်နိုရင်း
·
November 20, 2013
ပဲခူးတိုင်းဒေသကြီး  တောင်ငူမြို့ ချမ်းမြေ့တည်းခိုခန်းမှာ ပြီးခဲ့တဲ့ အောက်တိုဘာလက ဖြစ်ပွားခဲ့တဲ့ ဗုံးပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး   စောထွန်းထွန်းဆိုသူ အမျိုးသားတဦးကို ဖမ်းဆီးထားပြီး သူ့ကို ဖောက်ခွဲရေးပုဒ်မတွေနဲ့ တရားစွဲဆိုထားတယ်လို့ တောင်ငူ ရဲတပ်ဖွဲ့က ပြောပါတယ်။ TaungNguBombတောင်ငူမြို့ ချမ်းမြေ့တည်းခိုခန်း ဗုံးပေါက်ကွဲမှုနဲ့ ဆက်နွှယ်ပြီး  ကျောက်ကြီးမြို့ မေတ္တာရပ်ကွက်မှာ နေထိုင်တဲ့ အသက် ၃၄ နှစ်အရွယ်  စောထွန်းထွန်းကို  နိုဝင်ဘာ ၁၈ ရက်နေ့က ဖမ်းဆီးရမိခဲ့တာလို့  တောင်ငူ မြို့မရဲစခန်းက ရဲအရာရှိတဦးက  ပြောပါတယ်။ စောထွန်းထွန်းကို ကျောက်ကြီးမြို့မှာ ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး ကရင်အမျိုးသားအစည်း အရုံးရဲ့ ကျောက်ကြီးမြို့နယ် တာဝန်ရှိသူတွေရဲ့ ကူညီဆောင်ရွက်ပေးမှုနဲ့ ဖမ်းဆီးခဲ့တာလို့ ပြောပါတယ်။ “ဖမ်းတဲ့အချိန်က ည ၈ နာရီ ၄၅ပေါ့ ၁၈ ရက်နေ့ညကပါ။ အမှုနဲ့ ဖမ်းတာကတော့ ကျနော်တို့ ရဲက ဖမ်းတာ။ ကေအန်ယူအဖွဲ့ကတော့ အမှုနဲ့ စစ်ဆေးဖို့အတွက်ကို သူတို့က ဆောင်ရွက်ပေးတာပါ။ သူ့ထွက်ဆိုချက်တွေကို ကိုယ်တိုင်ဝန်ခံပြီးထွက်မယ်ပြောလို့ လုပ်တုန်းပဲ ရှိတယ်။ တရားရုံးမှာပေါ့နော်။ တရားရုံးမှာ သူကိုယ်တိုက် ထွက်ဆိုမယ်။ ထွက်ဆိုချက် အသေးစိတ်ကိုတော့ အဲဒီက အပြန်မှ ရမှာ။” ဗုံးဖောက်ခွဲမှုနဲ့ ပတ်သက်ပြီး စောထွန်းထွန်းက ကိုယ်တိုင် ၀န်ခံပြီး ဒီမနက်ပိုင်းမှာ ရဲစခန်းကို ဖြောင့်ချက်ပေးခဲ့တယ်လို့လည်း ပြောပါတယ်။ ဒီမနက် ရဲစခန်းကို သွားရောက်ခဲ့တဲ့ မြို့ခံ သတင်းထောက်တဦးကတော့ ဖမ်းဆီးခံထားရသူရဲ့ ထွက်ဆိုချက်တွေနဲ့ ပတ်သက်ပြီး အခုလို ပြောပါတယ်။ “သူကတော့ အဲဒီဗုံးက သူယူလာတာပေါ့နော်။ သူယူလာပြီးတော့ ၉ ရက် ၁၀ လကနေပြီးတော့ ပဲနွယ်ကုန်းကနေ တောင်ငူကို ကားစီးလာတယ်။ ကားစီးပြီးတော့ အဲဒီ ချမ်းမြေ့တည်းခိုရိပ်သာမှာ တည်းတယ်။ တည်းပြီး ၁၀ ရက်နေ့ မနက်ခင်းမှာ အဲဒီပိုက်ဆံအိတ်ကို ကုတင်ခေါင်းရင်းက လိုက်ကာကြားမှာ ထားခဲ့ပြီးတော့ သူ ပြန်သွားတယ်။ သူက အဲလို ထွက်ဆိုထားတယ်။ ပြီးတော့ သူက  ထားပုံ၊ ထားနည်းတွေကို လိုက်ပြတယ်။ စောထွန်းထွန်းကို ၁၉၀၈ ခု ပေါက်ကွဲစေတတ်သောအရာဝထ္ထုများအက်ဥပဒေပုဒ်မ ၃ နဲ့ ရဲတပ်ဖွဲ့က အမှုဖွင့် ထားပြီး တရားရုံးတင် စစ်ဆေးဖို့လည်း ရှိနေပါတယ်။ စောထွန်းထွန်းကို ဖမ်းဆီးမှုနဲ့ ပက်သက်ပြီး ကရင်အမျိုးသားအစည်းအရုံးရဲ့ အတွင်းရေးမှူး ပဒိုကွယ်ထူးဝင်းကို   မေးမြန်းရာမှာ သူက ကေအန်ယူက ဖွဲ့စည်းထားတဲ့ စုံစမ်း စစ်ဆေးရေး ကော်မရှင်ရဲ့ အစီရင်ခံစာတော့ မရသေးပေမယ့် သူသိသလောက် စောထွန်းထွန်းဟာ သာမန် အရပ်သားတဦးဖြစ်ကြောင်း ပြောပါတယ်။ “ကျနော် သိရသလောက် ထွန်းထွန်းက ရွာသား၊ သူက ဘာမှတော့ ပြစ်မှု ကျူးလွန်ခဲ့တာ မဟုတ်ဘူး။ သူက သူ့နာမည်ပေါ်လာလို့ သူမပြန်ရဲတာ ကြားတယ်။ နောက်ပိုင်းကျတော့ သူဘာမှ ပြစ်မှု မလုပ်လို့ရှိရင် ပြန်ပေါ့လို့။ သူက တောထဲမှာ ထင်းသွားခုတ်တဲ့ အလုပ်လုပ်ပြီး အသက်မွေး ၀မ်းကြောင်း လုပ်နေတဲ့ ရွာသားတယောက်ပဲလို့ ကျနော် အဲလို သတင်းရထားတယ်။” အောက်တိုဘာ ၁၁ ရက်နေ့ညပိုင်းက ပဲခူးတိုင်း တောင်ငူမြို့၊ ချမ်းမြေ့တည်းခိုခန်းမှာ ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီး  လူ ၂ ဦး သေဆုံးခဲ့ပြီး၊ ၁ ဦး ဒဏ်ရာ ရရှိခဲ့ပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024