ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ အေးမြသာယာအုပ်စု မနကျေးရွာရဲ့ အုပ်ချုပ်ရေးမှူး အမျိုးသား တစ်ယောက် မေလ ၃၁ ရက် ဒီနေ့ မွန်းလွဲပိုင်းက သေနတ်နဲ့ပစ်ခံရပြီး သေဆုံးသွားပါတယ်။
မနကျေးရွာအုပ်ချုပ်ရေးမှူး ဦးတင်စိုး(ခ)အိုက်ပီဟာ ဒီနေ့လည် ၁ နာရီကျော်လောက်က မနရွာစာသင်ကျောင်းမှာလုပ်တဲ့ အစည်းအဝေးကိုအလာ စာသင်ကျောင်းရှေ့မှာ လန်ခရူဆာကား အနက်ရောင်တစ်စီး ရုတ်တရက်ရောက်လာပြီး အမည်မသိ သေနတ်သမားက ၇ ချက်၊ ၈ ချက်လောက် ပစ်သွားတာလို့ ဒေသခံတွေကပြောပါတယ်။
သေနတ်နဲ့လာပစ်တဲ့သူဟာ ဘယ်အဖွဲ့အစည်းကဆိုတာ အတည်ကျမသိရသေးဘူးလို့ ဆိုပါတယ်။
သေနတ်နဲ့ပစ်သတ်ခံရလို့ သေဆုံးခဲ့တဲ့ ဦးတင်စိုးဟာ အကြမ်းဖက်စစ်ကောင်စီဘက်ကို သတင်းပေးနေသူ တစ်ဦး ဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။
ကျေးရွာအုပ်ချုပ်ရေးမှူး သေနတ်နဲ့ပစ်ခတ်ခံရပြီး မိနစ်ပိုင်းအကြာမှာ ရဲနဲ့ စစ်တပ် လက်နက်ကိုင်တပ်တွေ ရောက်ရှိလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။