တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေကြရတဲ့ ကယားပြည်နယ်တွင်းက ပြည်သူတွေအတွက် စားနပ်ရိက္ခာတွေ လှူဒါန်းနေပြီး တတပ်တအားပါဝင်လှူဒါန်းနိုင်ဖို့ Clean Yangon အဖွဲ့က ဖိတ်ခေါ်ထားပါတယ်။
ပြည်သူတွေအတွက် လိုအပ်နေတဲ့ ဆန်၊ ဆီ အစရှိတဲ့ စားနပ် ရိက္ခာတွေ လှူဒါန်းသွားမှာဖြစ်ကာ Clean Yangon ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာကတဆင့် ဆက်သွယ်လှူဒါန်းနိုင်မှာ ဖြစ်ပါတယ်။
Clean Yangon အဖွဲ့ကတော့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနဲ့ အတူ ရန်ကုန်မြို့တော် သာယာလှပရေးနဲ့ သန့်ရှင်းရေးအတွက် စွန့်ပစ်အမှိုက် အသိပညာပေးရေး လှုပ်ရှားမှုတွေနဲ့ ထင်ရှားပြီး ကိုဗစ်-၁၉ ကပ်ဘေးကာလ ကူညီကယ်ဆယ် ရေး လုပ်ငန်းတွေမှာလည်း တစိုက်မတ်မတ် လှုပ်ရှားခဲ့တဲ့ အဖွဲ့တဖွဲ့ ဖြစ်ပါတယ်။
နိုင်ငံတဝန်း စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ ပြည်သူတွေ မြို့ရွာအနှံ့ ပါဝင်နေခဲ့ကြပြီး စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက အကြမ်းဖက် ပစ်ခတ်နှိမ်နင်းမှုတွေနဲ့ အခြေအနေတွေ ပိုမိုတင်းမာလာနေပါတယ်။
ကယားပြည်နယ်မှာလည်း စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ တိုက်ပွဲတွေ အရှိန် အဟုန်နဲ့ ဆက်လက်ဖြစ်ပွားနေပြီး သောင်းနဲ့ချီတဲ့ ပြည်သူတွေ နေရပ်စွန့်ခွာ ထွက်ပေးတိမ်းရှောင်နေကြရပါတယ်။