ထိုင်းနိုင်ငံကို တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေကို တင်ဆောင်ထားတဲ့ ကားတစ်စီး ယာဉ်တိုက်မှု ဖြစ်ပြီး မြန်မာအလုပ်သမား ၁၈ ယောက် ဖမ်းဆီးခံရပါတယ်။
မေလ ၃၀ ရက်က ထိုင်းနိုင်ငံကို အလုပ်လုပ်ဖို့ ခိုးဝင်တဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ တင်ဆောင်ထားတဲ့ကားဟာ မြန်မာနယ်စပ် မဲဆောက်ကနေ တာခ်ရိုင်အတွင်းကိုဝင်ဖို့ မယ်လမတ်နဲ့ တာခ်အသွားလမ်းမှာ ယာဉ်တိုက်မှုဖြစ်ပွားခဲ့ပြီး ထိုင်းအာဏာပိုင်တွေရဲ့ဖမ်းဆီးတာကို ခံခဲ့ရပါတယ်။
ပြည်ဝင်ခွင့်ဗီဇာ မပါဘဲ လိုက်ပါလာသူ မြန်မာ ၁၈ ဦးနဲ့ သယ်ဆောင်လာတဲ့ ထိုင်းနိုင်ငံသားတစ်ယောက်ကို ထိုင်းရဲတပ်ဖွဲ့၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေးအဖွဲ့၊ ကျန်းမာရေးအဖွဲ့နဲ့ တခြားဌာနဆိုင်ရာတွေ ပူးပေါင်း ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။
အဆိုပါ ယာဉ်တိုက်မှုကြောင့် ကားပေါ်လိုက်ပါလာသူတွေ ကြီးကြီးမားမား ထိခိုက်ဒဏ်ရာရတာတော့ မရှိခဲ့ပါဘူး။