တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသက ပြည်သူတွေက ဒီကနေ့ မေလ ၃၀ ရက်နေ့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ရက်ပေါင်း ၁၁၂ ရက်မြောက်နေ့အဖြစ် ငြိမ်းချမ်းစွာ ဆက်လက် ဆန္ဒပြခဲ့ကြပါတယ်။
ဒီကနေ့ သပိတ်စစ်ကြောင်းအပြီး လူစုလည်းခွဲပြီးတဲ့ချိန်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ကားနဲ့ ရောက်လာပြီ လမ်းသွားလမ်းလာ ဆိုင်ကယ်တွေကို ရပ်ခိုင်းပေမဲ့ မရပ်ပေးလို့ သေနတ်နှစ်ချက် ပစ်ဖောက်ခဲ့ပါတယ်။ ဆန္ဒပြသူပြည်သူတွေကတော့ အချိန်မီ လူစုခွဲနိုင်လို့ ထိခိုက်ဒဏ်ရာရတာတော့ မရှိခဲ့ပါဘူး။
ဆန္ဒပြသူတွေက ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံတော်သမ္မတနဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။
ဒါ့အပြင် အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ (NUG) ကိုလည်း ထောက်ခံကြောင်းနဲ့ စစ်ကျွန်ပညာရေးအလိုမရှိကြောင်း ကြွေးကြော်ခဲ့ကြပါတယ်။