တယ်လီနော ဖြန့်ချိရေး ကိုယ်စားလှယ်နဲ့ လက်လီလက်ကားရောင်းသူ ၁ သိန်းခေါ်ယူ
DVB
·
November 20, 2013
ဆက်သွယ်ရေး အော်ပရေတာလုပ်ငန်း လုပ်ကိုင်ခွင့်ရထားပြီး အစိုးရနဲ့ စာချုပ်ချုပ် လုပ်ကိုင်ဖို့ပဲ ကျန်တော့တဲ့ နော်ဝေအခြေစိုက် တယ်လီနောကုမ္ပဏီဟာ မြန်မာပြည်အနှံ့ မိုဘိုင်းဆင်းကဒ် ဖြန့်ဖြူးရေးနဲ့ ငွေဖြည့်ကဒ်ရောင်းချရေး အပါအ၀င် ၀န်ဆောင်မှုလုပ်ငန်း လုပ်ကိုင်နိုင်မယ့် ဖြန့်ချိရေး ကိုယ်စားလှယ်နဲ့ လက်လီလက်ကား ရောင်းသူ ၁ သိန်းလောက် ခေါ်ယူမယ်လို့ ဈေးကွက် မန်နေဂျာချုပ် မစ္စတာ ရှာရတ် မဟော်ထရာ က ပြောပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၉ ရက်နေ့က ရန်ကုန် ကုန်သည်ကြီးများ ဟိုတယ်မှာ လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သူက ခုလို ပြောလိုက်တာ ဖြစ်ပါတယ်။
တယ်လီနောကုမ္ပဏီဟာ အစိုးရဆီက ခွင့်ပြုချက်ရတာနဲ့ လုပ်ငန်းတွေ စတင်မှာ ဖြစ်ပြီး နောက်ထပ် ၈ လ အတွင်း မိုဘိုင်းဖုန်းဆင်းကဒ်တွေ စရောင်းနိုင်မယ်လို့ မျှော်လင့်ထားပါတယ်။
အဲဒီ အချိန်ကစ ၅ နှစ်အတွင်း အကျိုးတူ ပူးပေါင်းလုပ်ကိုင်မယ့် ဖြန့်ချိရေးနဲ့ လက်လီလက်ကား ရောင်းသူ ၁ သိန်း ခေါ်ယူသွားမယ် ဖြစ်ပြီး သိပ်မကြာခင် အီးမေးလ် ကနေတဆင့် လုပ်ငန်းအတွက် လျှောက်ထားနိုင်ကြတော့မယ်လို့ သူက ရှင်းပြပါတယ်။