Home
မြန်မာသတင်း
e-ပင်စင်ကတ် မထုတ်ရသေးတဲ့ ပင်စင်စား ၁သိန်းနီးပါး လာထုတ်ဖို့ နှိုးဆော်
ရွှေအောင်
·
November 19, 2013
ပင်စင်စား ၁ သိန်းလောက် e-ပင်စင်ကတ် မထုတ်ကြသေးတာကြောင့် သက်ဆိုင်ရာ  မြန်မာ့စီးပွားရေးဘဏ်တွေမှာ လာရောက်ထုတ်ယူကြဖို့  ပထမဆုံးအကြိမ် နှိုးဆော်လိုက်ပါတယ်။ Pinsion မြန်မာနိုင်ငံမှာ  လက်ရှိ ပင်စင်စား ၆ သိန်းကျော်ရှိတဲ့  အနက် ၄ သိန်း ၇ သောင်းကျော်က  e- ပင်စင်ကတ် လျောက်ထားကြရာမှာ   ဒီအထဲကမှ ၄ သိန်းကျော်ကို ထုတ်ပေးထားပြီးဖြစ်တယ်လို့ ဘဏ္ဍာရေးဝန်ကြီးဌာန သတင်းထုတ်ပြန်ချက်မှာဖော်ပြပါတယ်။ ဒါပေမယ့် အမှန်တကယ် ဘဏ်ခွဲအသီးသီးမှာ   e- ပင်စင်ကတ်  လာထုတ်တဲ့သူ   ပင်စင်စား ဦးရေ ၃ သိန်းကျော်ပဲ ရှိပြီး  ၁သိန်းလောက်က  လာမထုတ်ကြသေးလို့ အခုလို နှိုးဆော်တိုက်တွန်းရတာလို့ မြန်မာ့စီးပွားရေးဘဏ်က  လက်ထောက်အထွေထွေမန်နေဂျာ ဦးသူရက ပြောပါတယ်။ “ပင်စင်စားက သူတို့ရွေးချယ်တဲ့ ဘဏ်ကို စလျှောက်ကတည်းက သူတို့ ပင်စင်ဦးစီးကို တင်လိုက်ရင် ပင်စင်ဦးစီးက အဲဒီဘဏ်ကို ချပေးတယ်။ အခု တသိန်းကျော်ကျန်တယ်ဆိုတာက တနိုင်ငံလုံးက ဘဏ်ခွဲ ၃၀၀ ကျော်ကို  ပေါင်းလိုက်ရင် ပင်စင်စားတွေက ဘဏ်ကို ပင်စင်ထုတ်ဖို့ မလာသေးလို့ သူတို့ လက်ထဲ ကတ်မရောက်သေးတာပါ။ သူတို့လာရင် ကတ်ကို ပေးလိုက်ရုံပါပဲ။” မြန်မာ့ စီးပွားရေးဘဏ်အနေနဲ့ ၀န်ထမ်းအင်အားအခြေအနေအရ အီးပင်စင်ကတ်တွေကို အိမ်တိုင်ရာရောက် လိုက်ပေးဖို့တော့ မဖြစ်နိုင်သေးဘူးလို့လည်း ပြောပါတယ်။ ပင်စင်ဦးစီးဌာနအနေနဲ့  ပင်စင်ကိစ္စနဲ့ ပတ်သက်လို့ ဆက်သွယ်ရမယ့် ဖုန်းနံပတ်တွေကို မြန်မာ့စီးပွားရေးဘဏ် အသီးသီးမှာ ထုတ်ပြန်ကြေညာပေးထားတယ်။ ပင်စင်ထုတ်ဖို့ အခက်အခဲ ရှိနေသူတွေ နှစ်ပေါင်းများစွာ ပင်စင်မထုတ်ကြတဲ့ သူတွေအနေနဲ့ အဲ့ဒီဖုန်းနံပတ်တွေကို ဆက်သွယ်လာရင် ကူညီ လုပ်ဆောင်ပေးနေတယ်လို့  ညွှန်ကြားရေးမှူးချုပ် ဦးဝင်းအောင်က ပြောပါတယ်။ ဧရာဝတီတိုင်းထဲက  ၁၀ နှစ်ကျော် ပင်စင်မထုတ်ဘဲနေတဲ့  ပင်စင်စားတဦး ဖုန်းက  ဆက်သွယ်လာလို့ လုပ်ဆောင်ပေးခဲ့ပုံကိုလည်း သူက ခုလို ပြောပြပါတယ်။ “နှစ်လွန်ပြန်လျှောက်ရင် ဘဏ်ကလျှောက်ရမယ်။ ပြီးရင် မိခင်ဌာန သွားရမယ်။ အဲဒါတွေ မသွားနိုင်တာလည်း ဖြစ်မယ်။ နောက်ပြီးတော့ လုပ်ငန်းစဉ်ကိုလည်း မသိတာလည်း ဖြစ်မယ်။ ကျနော်က ရေဒီယိုကနေပြီးတော့ ကြော်ငြာပြီး ပင်စင်ခံစားခွင့်ရှိပြီး မခံစားရတဲ့သူတွေကို ရတဲ့အထိ လုပ်ပေးမယ်ဆိုတဲ့ ကြော်ငြာလေး သူသိတော့ ကျနော့်ကို ညကြီး ၀မ်းပမ်းတသာနဲ့ ဖုန်းလှမ်းဆက်တယ်။ ဆက်တဲ့အခါကျတော့ သူ့ပင်စင်ကို ဖုန်းနဲ့ လိုအပ်တဲ့ အချက်အလက်တွေကို အမေးအဖြေမေးပြီး သူ့ရဲ့ အချက်အလက်တွေကို ပင်စင်ဦးစီးဌာနမှာ လိုက်ရှာပြီးတော့ လုပ်ပေးလိုက်တာ ၅ သိန်း ၃ သောင်းရသွားပါတယ်။ ဒါလေးက နမူနာပေါ့နော် အဲဒီလိုမျိုးရှိနေတဲ့ ပင်စင်စားတွေရှိရင်လည်း ကျနော်တို့ကို ဆက်သွယ်ပါ။ ကျနော်တို့ ပြုလုပ်ပေးပါ့မယ်။” မြန်မာ့စီးပွားရေးဘဏ်က  ပြုလုပ်ပေးတဲ့ အီး ပင်စင်စမတ်ကတ်တွေကို  ဘဏ်ဖွင့်ရက်မှာ ဘဏ်ကို လာရောက်တင် ပြရုံနဲ့   ပင်စင်လစာ တခါထဲထုတ်ယူနိုင်ပြီး   ကိုယ်တိုင် ဘဏ်မလာနိုင်ရင်လဲ ကိုယ်စားလှယ်လွှဲ  ထုတ်ယူလို့ရတယ်လို့ စုံစမ်းသိရှိရပါတယ်။ -
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024