မုန်တိုင်းအရှိန်ကြောင့် ရခိုင်ပြည်နယ်တွင် ဒီရေထိန်း ကမ်းပါးများ ပြိုကျပျက်စီး

ဆိုင်ကလုန်းမုန်တိုင်း (YAAS) အရှိန်ကြောင့် ရခိုင်ပြည်နယ်ရှိမြို့နယ်တချို့မှာ မေလ ၂၄ ရက်နေ့ကစပြီး မိုးသက်လေပြင်းကျရောက်ကာ ပင်လယ်ဒီရေတွေမြင့်တက်လာပြီး လှိုင်းကြီးခဲ့တာကြောင့် ဒီရေထိန်းကမ်းပါးတွေ၊ ရေငံတား တာဘောင်တွေ ပြိုကျ ပျက်စီးသွားခဲ့ပါတယ်။

မုန်တိုင်းကြောင့် ပေါက်တောမြို့နယ်မှာ လူနေအိမ်တချို့ အမိုးကာပျက်စီးသွားသလို ဒီရေ လှိုင်းကာတွေပျက်စီးသွားတဲ့အတွက် အတော်လေးစိုးရိမ်ရတဲ့ အနေအထားဖြစ်သွားပြီလို့ ဒေသခံတွေက ပြောပါတယ်။

ပေါက်တောမြို့နယ် ဆင်တက်မော်ကျေးရွာနေ ကိုသန်းနိုင်က “အခု ဒီမုန်တိုင်းအရှိန်ကြောင့် ကျနော်တို့ရွာရဲ့  ဒီရေလှိုင်းကာဟာ မိုးသက်လေပြင်းကျပြီး လှိုင်းကြီးတော့ အဲဒီဟာပြိုကျသွားတယ်။ အဲဒီ လှိုင်းကာက ရွာရဲ့ အဓိကကျတဲ့အရာတစ်ခုပေါ့။ ဒီရေလှိုင်းကာမရှိရင်ရွာက တော်တော်ကြီးကို ဒုက္ခရောက်သွားနိုင်တယ်။ အခုဆိုရင်လမ်းတွေလည်း ပျက်စီးသွားခဲ့တယ်။ မြစ်ကမ်းပါးနံဘေးက အိမ်ခြံမြေတွေလည်း ပျက်စီးသွားတယ်”လို့ ပြောပါတယ်။ 

ဆင်တက်မော်ကျေးရွာမှာ ရေလှိုင်းကာကို ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်ကမှ ရေအရင်းအမြစ်ဌာနကနေ တင်ဒါခေါ်ပြီးတော့ ကုမ္ပဏီတစ်ခုက ဆောက်လုပ်ခဲ့တာဖြစ်ပြီး တစ်နှစ်လောက်အတွင်း မုန်တိုင်းကြောင့်ပျက်စီးသွားတာဖြစ်ပါတယ်။

အလားတူ ကျောက်ဖြူမြို့နယ်နဲ့ အမ်းမြို့နယ်အပါအဝင် ရခိုင်ပြည်နယ် မြို့နယ် တချို့မှာလည်း  ဒီရေမြင့်တက်ပြီး လှိုင်းကြီးခဲ့တာကြောင့် စိုက်ပျိုးမွေးမြူရေးတွေလုပ်ကိုင်နေတဲ့ ဒေသခံတွေ ဆောက်လုပ်ထားတဲ့ ရေငံတား တာဘောင်တွေ ကျိုးပေါက် ပျက်စီးဆုံးရှုံးသွားပါတယ်။  

ပျက်စီးဆုံးရှုံးမှုအခြေအနေကိုတော့ စာရင်းပြုစုနေတယ်လို့ ဒေသတွင်း လူမှုကူညီရေး လုပ်ဆောင်ပေးနေတဲ့ ကိုမျိုးလွင်ကပြောပါတယ်။

“အဲဒီမှာ လယ်ကာရီတွေပါတယ်၊ ငါးပုဇွန်မွေးမြူရေးကန်တွေပါတယ်၊ ဒီမုန်တိုင်းကြောင့် ပျက်စီးသွားတဲ့ရေငံတားတာဘောင်တွေနဲ့ ပတ်သက်ပြီး ကျနော်တို့ အမ်းမြို့နယ်အပါအဝင် မြို့နယ်(၄)ခုမှာ ဘယ်လောက်ပျက်စီးသွားခဲ့လဲ ဆိုတာကို ဒေသခံတွေကို ချိတ်ဆက်ပြီးတော့ စာရင်းပြုစုတာတွေကိုလုပ်နေတာပေါ့။ အဲဒီပျက်စီးဆုံးရှုံးသွားတဲ့ စာရင်းတွေရပြီဆိုရင် ကျနော်တို့က ကူညီနိုင်မယ့် နိုင်ငံတကာအဖွဲ့အစည်းတွေကို အကူအညီတောင်းခံပြီးတော့ ကူညီပေးသွားဖို့ စီစဉ်ထားပါတယ်” လို့ ပြောပါတယ်။

ဆိုင်ကလုန်းမုန်တိုင်းအရှိန်ကြောင့် ရခိုင်ပြည်နယ်ရှိ မြို့နယ်တွေမှာ မိုးသက်ပြင်းကျရောက် ဒီရေလှိုင်းကြီးခဲ့တာကြောင့် ကမ်းပါးများပြိုကျပျက်စီးခဲ့သလို စစ်ဘေးရှောင်စခန်းတွေမှာရှိတဲ့ လူနေတဲအိမ်တွေမှာလည်း ပြိုကျပျက်စီးသွားခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up