Home
မြန်မာသတင်း
နမ်လင်းပါ တိုက်ပွဲကြောင့် ရွာသားများ တောတောင်ထဲ ခိုအောင်းနေရ
DVB
·
November 18, 2013
ကချင်ပြည်နယ် မန်စီမြို့နယ် နမ်လင်းပါရွာအနီး နိုဝင်ဘာ ၁၇ ရက် အစိုးရတပ်နဲ့ ကချင် လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ) ရဲ့ ပြင်းထန်တဲ့ တိုက်ပွဲတွေကြောင့် တောတောင်တွေထဲကို ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒုက္ခသည်တွေ ထောင်ချီရှိနေပါတယ်။ မြစ်ကြီးနားမှာ ကျင်းပခဲ့တဲ့ အစိုးရနဲ့ ကေအိုင်အေအကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲနောက်ပိုင်းမှာ အစိုးရနဲ့ ကေအိုင်အေတပ်တွေအကြား ပြင်းထန်တဲ့ တိုက်ပွဲတွေကြောင့် နမ်လင်းပါရွာနဲ့ အနီးက ပြည်တွင်း ရွှေ့ပြောင်းဒုက္ခသည် စခန်းက ထောင်ချီတဲ့ ဒုက္ခသည်တွေဟာ ဆောင်းဒဏ်ကို အံတုရင်း တောတောင်တွေထဲမှာ ခိုအောင်းနေကြရတယ်လို့ ကချင်ဒုက္ခသည် ကယ်ဆယ်ရေး အဖွဲ့တွေက ပြောပါတယ်။ [caption id="attachment_46647" align="alignright" width="300"]Photo by JINGHPAW KASA Photo by JINGHPAW KASA[/caption]နိုဝင်ဘာ ၁၇ ရက်နေ့က တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားခဲ့တဲ့အတွက် ရွာထဲမှာ ပိတ်မိနေတဲ့ ရွာသား ၂၀၀ လောက်အပါအ၀င် ထွက်ပြေးတိမ်းရှောက်နေသူပေါင်း ထောင်နဲ့ ချီရှိတယ်လို့ ဒုက္ခသည် အကူအညီပေးရေး လုပ်ဆောင်နေတဲ့ ၀ိန်ပေါင်နိန်းတွဲ အဖွဲ့က ဒေါ်မေရီတွမ်က ခန့်မှန်းပြောဆိုပါတယ်။ “နမ်လင်းပါမှာက မနေ့က ညပိုင်း ၉ နာရီလောက်အထိ တိုက်ကြသေးတယ်လို့ ပြောတယ်။ ဒါပေမယ့် နောက်ဆုံး ကျမတို့ ပြန်ကြားရသလောက်ကတော့ အဲဒီမှာလည်း ၂၀၀ လောက်ရှိနေသေးတယ်။ အဲဒီလူတွေအကုန်လုံးက ထွက်ပြေးတယ်လို့ ပြောတယ်။ အဲဒီတော့ ၃ ထောင် ပတ်ဝန်းကျင်လောက် ဖြစ်မယ်ဆိုပြီးတော့ ပြောတယ်ပေါ့။ အခု ကျမတို့ စာရင်းတွေကတော့ အကုန် ကောက်နေတယ် မရသေးဘူးပေါ့။ အခုမှ တဖြည်းဖြည်း တဖွဲဖွဲရောက်လာတယ်။” ရွာသားတွေကတော့ လဂတ်ယန်နဲ့ ဗန်းမော်ကို ထွက်ပြေးကြသလို တချို့က လမ်းပေါ်မှာ ရှိနေဆဲ ဖြစ်ပြီး တချို့ကလည်း လယ်ယာ ခြံထွက် သီးနှံတွေကို ရိတ်သိမ်းနိုင်ဖို့ အတွက် အခွင့်အရေးကို စောင့်ရင်း အနီးအနားမှာ ခိုလှုံနေတယ်လို့ ဆိုပါတယ်။ အစိုးရ သတင်းစာတွေကတော့ ဒီနေရာမှာ သစ်ခိုးထုတ်တဲ့သူတွေကို လိုက်လံရှင်းလင်းရင်း တိုက်ပွဲ ဖြစ်နေတာ ဖြစ်တယ်လို့ ထုတ်ပြန်ခဲ့ဖူးပါတယ်။ ကချင် ငြိမ်းချမ်းရေး ကွန်ရက်က မခွန်ဂျာကတော့ ဒီတိုက်ပွဲတွေ ဖြစ်ပွားရတာဟာ ငြိမ်းချမ်းရေးကို ထိခိုက်နိုင်တယ်လို့ အခုလို မှတ်ချက်ပေးပြောဆိုပါတယ်။ “သစ်မှောင်ခိုလမ်းကြောင်းကို ရှင်းလင်းတယ်ဆိုရင်လည်း ဒီသစ်တွေ အကုန်လုံးက စစ်ကိုင်းတိုင်းက လာတာဖြစ်တဲ့အတွက် စစ်ကိုင်းတိုင်းကို ပိတ်သင့်တယ်။ ဒီမှာလာပြီးတော့ လုပ်စရာ မလိုဘူး။ အခုတော့ တမင်သက်သက် ဒီငြိမ်းချမ်းရေး ဖြစ်စဉ်ကို ပျက်ပြားအောင် လုပ်နေတယ်လို့ပဲ ယူဆတယ်။” ၂၀၁၁ က အစိုးရနဲ့ ကေအိုင်အေတို့ရဲ့ တိုက်ပွဲတွေကြောင့် သိန်းနဲ့ချီတဲ့ ကချင် စစ်ပြေး ဒုက္ခသည်တွေဟာ မြစ်ကြီးနား၊ လိုင်ဇာနဲ့ တရုတ်မြန်မာနယ်စပ်တွေမှာ ခိုလှုံနေရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024