မဲဆောက်တွင် မြန်မာဘက်ပို့မည့် ထိုင်းဘတ်ငွေ ၄ သန်းကျော်၊ ဒေါ်လာ ၁ သိန်းနှင့် ရွှေချောင်းများ ဖမ်းဆီးရမိ

ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင် မဲဆောက်မြို့ နယ်စပ်ကုန်တင်ကုန်ချဂိတ်တစ်ခုမှာ မြန်မာနိုင်ငံဘက်ကို  တရားမဝင် တင်ပို့မယ့် ထိုင်းဘတ်ငွေ  ၄၁၀၀,၀၀၀  အမေရိကန်ဒေါ်လာ ၁ သိန်းနဲ့ ရွှေချောင်း ၅ ချောင်းတို့ကို သိမ်းဆည်းရမိတယ်လို့ မဲဆောက်သတင်းဌာနက ထုတ်ပြန်ပါတယ်။ 

မေလ ၂၅ ရက် ညနေပိုင်းက ထိုင်းစစ်တပ်၊ ရဲနဲ့ အကောက်ခွန်တွေပါတဲ့ ပူးပေါင်းအဖွဲ့ဟာ မဲဆောက်မြို့ ထာ့ဆိုင်လွတ်အုပ်စု ထာ့အတ်ရပ်ကွက်တွင်းရှိ နယ်စပ်ကုန်ပစ္စည်းဖလှယ်ရေး ဂိတ်အမှတ် ၂၄ မှာတာဝန်ထမ်းဆောင်စဉ် မသင်္ကာစရာ လူတစ်ယောက်က ဂိတ်နားရပ်ထားတဲ့ အဖြူရောင် အီဇူးစူးဟိုင်းလပ်ကားတစ်စီးပေါ်သို့ အထုတ်တစ်ထုပ် လာချထားကြောင်း၊ အဆိုပါ ကားမှာ ထိုင်းဘက်ကထွက်တဲ့ သစ်သီးဝလံတွေကို မြန်မာပြည်ပို့ဆောင်ဖို့ တင်ဆောင်ထားတာလို့ ဆိုပါတယ်။ 

တာဝန်ရှိသူတွေက သူလာချသွားတဲ့အထုပ်ကို စစ်ဆေးရာမှာတော့ အထုတ်ထဲမှာ ထိုင်းငွေ၊ ဒေါ်လာငွေနဲ့ ရွှေချောင်းတွေကို တွေ့ရတာလို့ ဆိုပါတယ်။

တာဝန်ရှိသူတွေက အထုပ်လာချထားသူကို စုံစမ်းရှာဖွေရာမှာ အသက် ၂၇ နှစ်ရွယ်ရှိ အောင်သူ ဆိုသူ မြန်မာနိုင်ငံသားတစ်ဦးဖြစ်ပြီး သူကတော့ အထဲမှာ ငွေတွေပါတာ မသိရကြောင်း၊ မဲဆောက်မှာရှိတဲ့ မြန်မာ ၁ ဦးက သူ့ကို အဆိုပါအထုပ်ကို မြန်မာဘက်ကမ်းပို့ပေးဖို့ ပြောတာကြောင့် သယ်လာတာလို့ ဆိုပါတယ်။ 

တာဝန်ရှိသူတွေက အဆိုပါ ငွေလာရာလမ်းကြောင်း ကွင်းဆက်တွေကို ဆက်လက်စုံစမ်းဖော်ထုတ်ပြီး ဥပဒေအရ အရေးယူသွားမယ်လို့ ဆိုပါတယ်။

ကိုးကား - nakornmaesotnews

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up