စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ စက်တောကုန်းကျေးရွာရှိ အခြေခံပညာအလယ်တန်းကျောင်းမှာ မေလ ၂၆ ရက် မနက်အစောပိုင်း နှစ်နာရီခွဲ လောက်က မီးလောင်မှုဖြစ်ပွားပြီး မီးငြှိမ်းသတ်ဖို့သွားတဲ့ မီးသတ်တပ်ဖွဲ့ ဝင် ၂ ဦး လမ်းမှာယာဉ်တိုက်မှုဖြစ်ပြီး သေဆုံးသွားပါတယ်။
မီးသတ်တပ်ဖွဲ့က စာသင်ကျောင်းကိုမီးသတ်ဖို့ အချိန်မီအောင်သွားခဲ့ပေမဲ့ လမ်းမှာ မီးသတ်ယာဉ်တိုက်မှုဖြစ်ခဲ့တဲ့အတွက် မီးသတ်တပ်ဖွဲ့ဝင် ၂ ဦးသေဆုံးခဲ့ပြီး စာသင်ကျောင်း အကုန်နီးပါး မီးလောင်ခဲ့တယ်လို့ အင်းတော်မီးသတ်အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
“ကျနော်တို့ စက်တောကုန်း မီးလောင်နေတဲ့ စာသင်ကျောင်းကို မီးငြှိမ်းဖို့ သွားဖို့ မီးသတ်ယာဉ်ထွက်ခဲ့ပါတယ်။ မီးငြှိမ်းသတ်နိုင်ဖို့ ကြိုးစားရင်း ယာဉ်မတော်တဆမှုကြောင့် အင်းတော်မြို့နယ်မီးသတ်တပ်ဖွဲ့ဝင် လူငယ်နှစ်ဦး အသက်ပေးခဲ့ရတယ်” လို့ ပြောပါတယ်။
သေဆုံးသွားတဲ့ အင်းတော်မြို့နယ် မီးသတ်အဖွဲ့ဝင် ၂ ယောက်ရဲ့ ဈာပနကို မနက်ဖြန် ကျင်းပဖို့ ရှိနေပါတယ်။