ချင်းပြည်နယ်၊ မင်းတပ်မြို့က တိုက်ပွဲတခုမှာ အကြမ်းဖက်စစ်တပ်က ဓာတုလက်နက်တမျိုးကို အသုံးပြုခဲ့တယ်လို့ ဒေသခံပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပြောကြားလိုက်ပါတယ်။
မေ ၂၃ ရက်က မင်းတပ်မြို့ ထင်ချောင်းရွာနားက တိုက်ပွဲမှာသုံးခဲ့တယ်လို့ ဆိုပြီး အဲဒီတိုက်ပွဲမှာ အကြမ်းဖက် စစ်သားတစ်ယောက် သေတယ်လို့ ဆိုပါတယ်။
စစ်တပ်က ပစ်တဲ့လက်နက်ကြီးတွေကနေ အငွေ့အဖြူတွေ မြန်မြန်ပျံ့ထွက်လာတာကို တွေ့ ရပြီး အဲဒီအငွေ့ထဲကိုဖြတ်မိတဲ့ ပြည်သူ့ကာကွယ်ရေးတပ်သားတွေဟာ လျှာတွေထုံတာ၊ နှာခေါင်းစပ်တာ၊ မျက်စိတွေ ရုတ်တရက်မမြင်ရတော့တာ၊ မူးဝေ အော့အန်တာတွေ ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
ဒီလိုမျိုးကို မင်းတပ်-မတူပီလမ်းကြား မိုင် ၄၀ တိုက်ပွဲမှာလည်း ကြုံခဲ့တယ်လို့ ချင်းပြည်နယ် ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ခဲ့ဖူးပါတယ်။ မနေ့က တိုက်ပွဲမှာတော့ အကြမ်းဖက်စစ်သား တစ်ယောက် သေပြီး ၃ ယောက် ဒဏ်ရာရပါတယ်။