DVB Logo
Home
မြန်မာသတင်း
လက်ပံတောင်းဒေသ မီးလောင်ဗုံးဖြိုခွင်းခံရမှု ၁ နှစ်ပြည့် အထိမ်းအမှတ်နဲ့ တောင်ကြည့်ပွဲ ပြုလုပ်
DVB
·
November 17, 2013
လက်ပံတောင်းဒေသ မီးလောင်ဗုံးဖြိုခွင်းခံရမှု ၁ နှစ်ပြည့် အထိမ်းအမှတ်နဲ့ တောင်ကြည့်ပွဲ ပြုလုပ်
1 / 2
Donate to DVB

လက်ပံတောင်းဒေသ သပိတ်စခန်းတွေကို မီးလောင်ဗုံးနဲ့ ဖြိုခွင်းခံရမှု ၁ နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားကို ဒီနေ့ နံနက်ပိုင်းတွင် မုံရွာမြို့ မြောက်ဘက်ရှိ ရွှေစည်းခုံဘုရားကြီးပေါ်မှာ ပြုလုပ်ခဲ့ပါတယ်။ ဒါ့အပြင် ဒီနေ့ညနေပိုင်းတွင်လည်း လက်ပံတောင်းတောင် ဒေသခံတွေက တောင်ကြည့်ပွဲအခမ်းအနား ပြုလုပ်ခဲ့ပါတယ်။

[caption id="attachment_46584" align="alignright" width="300"]ပြီးခဲ့တဲ့ စက်တင်ဘာလက လက်ပံတောင်းတောင် ဒေသခံတွေ တောင်ကြည့်ပွဲ ကြည့်ရှုနေစဉ် ပြီးခဲ့တဲ့ စက်တင်ဘာလက လက်ပံတောင်းတောင် ဒေသခံတွေ တောင်ကြည့်ပွဲ ကြည့်ရှုနေစဉ်[/caption]

မုံရွာမြို့ ရွှေစည်းခုံဘုရားပေါ်မှာ မီးလောင်ဗုံးနဲ့ သပိတ်စခန်းဖြိုခွင်းခံရမှု ၁ နှစ်ပြည့် အထိမ်းအမှတ် ဆုတောင်းပွဲကို လက်ပံတောင်းတောင် ဒေသခံ အင်အား ၁၅၀ လောက် တက်ရောက်ခဲ့ကြောင်း ဒေသခံတဦးဖြစ်သူ ဒေါ်စန္ဒာက အခုလို ပြောဆိုပါတယ်။

“ကျမတို့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း လုံးဝ ဖျက်သိမ်းရေးကို တောင်းဆိုကြတဲ့ သံဃာတော်တွေနဲ့ ဒေသခံတွေကို အာဏာပိုင်တွေဘက်ကနေပြီးတော့ မီးလောင်ဗုံးနဲ့ အကြမ်းဖက် ဖြိုခွဲခဲ့တဲ့ တနှစ်ပြည့်အထိမ်းအမှတ် ဆုတောင်းပွဲ ကျမတို့ ပြုလုပ်တာဖြစ်ပါတယ်။ လက်ပံတောင်းဒေသခံတွေ အနေနဲ့ အင်အား ၁၅၀ လောက်ရှိပါတယ် ရှင့်။”

ရွှေစည်းခုံဘုရားပေါ်မှာ ၁ နှစ်ပြည့် အထိမ်းအမှတ် ဆုတောင်းပွဲမှာ အာဏာပိုင် တွေဘက်က လက်ပံတောင်းဆိုတဲ့ နာမည်ကို အသုံးမပြုဖို့ လာရောက် ပြောကြားခဲ့ပြီး စောင့်ကြည့်မှုတွေ ပြုလုပ်ခဲ့တယ်လို့ ဒေါ်စန္ဒာ ဆက်လက်ပြောဆိုခဲ့ပါတယ်။

“ကျမတို့ ဆုတောင်းနေတဲ့အချိန်မှာပဲ အာဏာပိုင်တွေဘက်ကနေ လက်ပံတောင်းဆိုတဲ့ နာမည် မထည့်ဖို့ရာ လာပြီး ပြောပါတယ်ရှင့်။ မုံရွာမြို့ အာဏာပိုင် ဦးကြူအေးကနေ လာတားတာပါရှင့်။ အခြား သူတို့ဘက်က အက်စ်ဘီတွေ၊ အုပ်ချုပ်ရေးမှူးတွေ စောင့်ကြည့်နေတာတွေ ရှိပါတယ်ရှင့်”

ဒီနေ့ ညနေပိုင်းတွင်လည်း လက်ပံတောင်း ဒေသခံတွေ တောင်ကြည့်ပွဲ ပြုလုပ်ခဲ့ပြီး တောင်းဆိုချက်အချို့ကို တောင်းဆိုခဲ့ကြောင်း မိုးကြိုးပြင်ရွာသား ဦးလပြည့်က ပြောဆိုပါတယ်။

“ဟုတ်ကဲ့ သံဃာတွေ မီးလောင်ဗုံးခံခဲ့ရတဲ့တွက် တောင်ကြည့်ပွဲ ပြုလုပ်တယ်။ အဓိကကတော့ ရဲနဲ့ ပြည်သူ ရန်တိုက်ပေးနေသော ဦးပိုင် ၀မ်ပေါင်အလိုမရှိ၊ နောက်ပြီးလို့ရှိရင် မိမိတို့ လယ်ယာမြေတွေပေါ်မှာ မတရားကျူးကျော်ဝင်ရောက်နေသော ရဲကင်းတဲများ ဖယ်ရှားပေးရေး။ နောက်တချက် အကြမ်းဖက် ပစ်ခတ်မှုတွေ ချက်ချင်းရပ်၊ ပြည်သူရဲသည် ပြည်သူ့ဘက်က ရပ်တည်ပေး အဲဒါမျိုးတွေ တောင်းဆိုနေကြတာဖြစ်ပါတယ်။”

ဦးလပြည့်ပြောဆိုခဲ့တာပါ။

ရန်ကုန်မြို့ ဗိုလ်တထောင်ဘုရားမှာလည်း လက်ပံတောင်းတောင် သပိတ်စခန်း ဖြိုခွင်းခံခဲ့ရမှု ၁ နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားကို ရန်ကုန် ပြည်သူ့အကျိုးဆောင်ကွန်ရက်က ဒီနေ့ ညနေပိုင်းတွင်လည်း ဦးဆောင် ပြုလုပ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက လက်ပံတောင်းဒေသက ကြေးနီစီမံကိန်း လုံးဝဖျက်သိမ်းရေးအတွက် တောင်းဆိုခဲ့ကြတဲ့ သပိတ်စခန်းတွေကို မီးလောင်ဗုံးနဲ့ အင်အားသုံး ဖြိုခွင်း ပစ်ခတ်မှုကြောင့် သံဃာတော်  အပါး ၃၀ ကျော် ပြည်ပဆေးရုံတွေနဲ့ ပြည်တွင်းဆေးရုံတွေမှာ တက်ရောက် ဆေးကုသမှု ခံယူခဲ့ရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013